Huawei ရဲ့ ကိုယ်ပိုင် OS ဖြစ်တဲ့ HongMeng OS ကို ယခုနှစ်အတွင်း မြင်တွေ့ရတော့မှာပါ။ ဒီနှစ်ကုန်ပိုင်းလောက် မိတ်ဆက်ဖို့ ရည်ရွယ်ထားတဲ့ Huawei Flagship စီးရီးအသစ် Mate 30 မှာ စတင် ပါဝင်လာမယ်လို့ သိရပါတယ်။
Android အသုံးပြုမှု ပိတ်ပင်ခံထားရပေမယ့် Huawei ဟာ Mate 30 ကို ကိုယ်ပိုင် OS နဲ့ ရအောင် မိတ်ဆက်သွားမှာဖြစ်တယ်လို့ Gizmo China မီဒီယာမှာ ဖော်ပြထားပါတယ်။
Mate 30 စီးရီးကို ပုံမှန် အောက်တိုဘာလမှာ မိတ်ဆက်နေကျ ဖြစ်ပေမယ့် ဒီနှစ်မှာတော့ အနည်းငယ်စောပြီး စက်တင်ဘာလ ၂၂ ရက်နေ့ ဝန်းကျင်လောက်မှာ မိတ်ဆက်သွားနိုင်ခြေ ရှိကြောင်း သတင်းပေးတဦးဖြစ်တဲ့ Teme က Twitter မှာ ရေးသားထားပါတယ်။
Mate 30 နဲ့ Mate 30 Pro နိုင်ငံတကာအလုံးတွေမှာ ဘာ OS နဲ့ လာမလဲ မသေချာသေးပေမယ့် တရုတ်ဈေးကွက်အတွင်း ရောင်းချမယ့် Mate 30 စီးရီးမှာတော့ HongMeng OS ကို သုံးသွားနိုင်တယ်လို့ သူက ဆိုပါတယ်။
Huawei ကိုယ်တိုင်ကလည်း HongMeng OS ဟာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလလောက်ကတည်းက အဆင်သင့်ဖြစ်နေကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။ တရုတ်ပြည်တွင်းမှာ ၂၀၁၉ ခုနှစ် နှစ်ကုန်လောက် ထုတ်ပေးသွားမှာဖြစ်ပြီး၊ နိုင်ငံတကာအတွက် ၂၀၂၀ လောက်မှာ ထုတ်ပေးမယ်လို့လည်း အတည်ပြုခဲ့ပါတယ်။
HongMeng OS ကို ဖုန်း၊ တက်ဘလက်နဲ့ စမတ်နာရီတွေ သာမက ကွန်ပျူတာ၊ တီဗီနဲ့ အီလက်ထရောနစ်ပစ္စည်းအမျိုးမျိုးမှာပါ အသုံးပြုနိုင်မှာပါ။ Huawei AppGallery ကနေတဆင့် Android Apps တွေကိုလည်း Download ရယူ၊ အသုံးပြုနိုင်မှာဖြစ်တယ်လို့ ကုမ္ပဏီက အရာရှိတဦးက ထုတ်ဖော်ပြောကြားထားပါတယ်။
Huawei Mate 30 စီးရီးမှာ ကိုယ်ပိုင် HongMeng OS အပြင် ကိုယ်ပိုင် Chipset အသစ်ဖြစ်တဲ့ Kirin 985 ကိုလည်း အသုံးပြုသွားဖို့ ရှိပါတယ်။ အဆိုပါ Chipset မှာ Huawei Balong 5000 modem ပါဝင်လာဖွယ်ရှိတာကြောင့် 5G ကွန်ရက်လည်း ချိတ်ဆက်အသုံးပြုနိုင်မှာပါ။
Mate 30 မှာ ၆.၇၁ လက်မအရွယ် OLED Display, မျက်နှာပြင်အောက် လက်ဗွေရာဆန်ဆာနဲ့ လေးထောင့်ကွက် ပုံစံ ကျောကင်မရာ ၄ လုံးတို့ ပါဝင်မှာဖြစ်ပြီး၊ 55W အားအမြန်သွင်းစနစ် နဲ့ 4,200mAh ဘက်ထရီတို့လည်း ပါဝင်မယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
Ref: First Post, Gizmo China, Android Central
You May Also Like These Stories:
Galaxy Note 10 မှာ နားကြပ်ပေါက်အပြင် ခလုတ်အားလုံး ဖြုတ်ပစ်ဖွယ်ရှိ
ဈေးနှုန်းချိုသာတဲ့ အရည်အသွေးမြင့် ဖုန်းတလုံးကို Meizu မိတ်ဆက်
Moto Mods တပ်ဆင် အသုံးပြုနိုင်တဲ့ Motorola Moto Z4 ဖုန်းကို မိတ်ဆက်
Redmi K20 နဲ့ Redmi K20 Pro တို့ကို တရားဝင် မိတ်ဆက်