ကယ်လီဖိုးနီးယားအခြေစိုက် Apple ကုမ္ပဏီကြီးကနေ သူတို့ရဲ့ မျိုးဆက်သစ် iPhone 12 ကို မိတ်ဆက်ပေးလိုက်ပါပြီ။ 5G network ကို ထောက်ပံ့ပေးထားတဲ့ iPhone 12 အသစ်မှာ ရွေးချယ်စရာ အရောင်ပိုများလာပြီး မျက်နှာပြင်အကျယ်ကတော့ ၆ ဒသမ ၁ လက်မ ရှိပါတယ်။
Apple ကနေ iPhone 12, iPhone 12 Pro နဲ့ iPhone 12 Pro Max အပြင် iPhone 12 mini နဲ့ HomePod mini ကိုပါ မိတ်ဆက်ပေးခဲ့ပါတယ်။ ဈေးနှုန်းတွေကတော့ iPhone 12 ကို အနိမ့်ဆုံးမော်ဒယ် အမေရိကန်ဒေါ်လာ ၇၉၉ သတ်မှတ်ထားပြီး ၅ ဒသမ ၄ လက်မ မျက်နှာပြင်ရှိတဲ့ iPhone 12 mini ကတော့ ဈေးအနည်းငယ် ပိုသက်သာပြီး အမေရိကန် ဒေါ်လာ ၆၉၉ ဝန်းကျင်ကနေ စမှာ ဖြစ်ပါတယ်။
iPhone 12 ရော၊ iPhone 12 mini ၂ မျိုးလုံး Storage 64GB, 128GB နဲ့ 256 GB ရွေးချယ်နိုင်ပါတယ်။ ဒါ့ပြင် အပြာ၊ အစိမ်း၊ အမည်း၊ အဖြူနဲ့ အနီရောင်တွေကို စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။
iPhone 12 Pro အမျိုးအစားက ကင်မရာ ၃ လုံးပါရှိမှာဖြစ်ပြီး အနိမ့်ဆုံး အမေရိကန်ဒေါ်လာ ၉၉၉ ကနေ စမှာ ဖြစ်ပါတယ်။ အကြီးဆုံး iPhone 12 Pro Max ကတော့ အမေရိကန်ဒေါ်လာ ၁,၀၉၉ ကနေ စတင်မှာဖြစ်ပြီး ရွှေရောင်၊ ငွေရောင်၊ Pacific blue နဲ့ ခဲနက်ရောင် ဆိုပြီး အရောင် ၄ ရောင် ရှိပါမယ်။
စင်ကာပူ၊ သြစတြေးလျ၊ တရုတ်၊ ဂျာမနီ၊ ဂျပန်၊ ယူကေနဲ့ အမေရိကန်နိုင်ငံတွေမှာ iPhone 12 နဲ့ iPhone 12 Pro ကို အောက်တိုဘာ ၁၆ ရက်ကစလို့ ကြိုတင် အော်ဒါတင်နိုင်ပြီး အောက်တိုဘာ ၂၃ မှာ စတင် ရောင်းချမှာပါ။ iPhone 12 mini နဲ့ iPhone 12 Pro Max ကိုတော့ နိုဝင်ဘာ ၆ ရက်မှာ ကြိုတင် အော်ဒါတင်နိုင်ပြီး နိုဝင်ဘာ ၁၃ ရက်မှာ ရောင်းချပေးသွားမှာပါ။
iPhone 12 တွေဟာ iPhone 11 ထက် ပိုမို ပါးလွှာပြီး ပေါ့ပါးလာပါတယ်။ အရင်ထက် ပိုမိုကျစ်လစ်ကာ ၄ ဆ လောက် ပိုမာကျောလာပါတယ်။ ရွေးချယ်စရာအရောင်တွေများသလို 5G network ဖြစ်လို့ အရင်ထက် ၂ ဆ လောက် ပိုမိုမြန်ဆန်လာတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အရှေ့ဘက် 12MP Selfie ကင်မရာကိုတောင် Night Mode ပါ ရိုက်ကူးနိုင်မှာပါ။ Apple ဟာ နားကြပ်နဲ့ Charger တွေ မထည့်ပေးထားပေမယ့် MagSafe လို့ခေါ်တဲ့ Wirless Charger ကိုတော့ မိတ်ဆက်ပေးခဲ့ပါတယ်။ COVID-19 ကပ်ရောဂါ အခြေအနေကြောင့် Apple ရဲ့ ထုတ်ကုန်အသစ်တွေဟာ ဒီနှစ် ခရစ်စမတ် ကာလမှာ စိတ်ဝင်စားမှု လျော့နည်းသွားနိုင်တယ်လို့ မှတ်ချက်ပြုကြပါတယ်။
COVID-19 ကြောင့် လူတိုင်း အိမ်ထဲမှာပဲနေဖို့ တိုက်တွန်းချက်တွေက iPhone အသစ် ရောင်းအားကို ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။ Apple ကုမ္ပဏီရဲ့ ရှယ်ယာဈေးနှုန်း ၃ ရာခိုင်နှုန်းကျော် ကျဆင်းသွားတာဟာ ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၇၇ ဘီလီယံနီးပါး ရှိပါတယ်။
Apple ကနေ iPhone 12 အပြင် မျက်နှာပြင် ၅ ဒသမ ၄ လက်မပဲရှိတဲ့ ကမ္ဘာ့အသေးဆုံး 5G ဖုန်း iPhone 12 mini ကို ချပြခဲ့သလို၊ အမေရိကန်ဒေါ်လာ ၉၉ နဲ့ရောင်းမယ့် HomePod mini ကိုပါ မိတ်ဆက်ခဲ့ပါတယ်။ Mini smart speaker ကို တခြား Home device တွေနဲ့ ထိန်းချုပ်အသုံးပြုနိုင်ပါတယ်။ နိုဝင်ဘာ ၆ ရက်မှာ ကြိုတင် အော်ဒါလက်ခံသွားမှာဖြစ်ပြီး နိုဝင်ဘာ ၁၆ ရက်မှာ စတင်ရောင်းချမယ်လို့ ဆိုပါတယ်။
Ref: CNA
You may also like these stories:
WeChat ပိတ်လိုက်တာကြောင့် တရုတ် iPhone ဈေးကွက် ရောင်းအား ကျဆင်းနိုင်
ကားသော့နေရာမှာ အစားထိုးလာတော့မယ့် iPhone နည်းပညာသစ်