ဝတီရဲ့ ဒုတိယ စီးရီး သူ့မွေးနေ့မှာ ဖြန့်ချိ
ပထမ တေးစီးရီး ကိုယ့်နေရာမှာကိုယ်ရှိမယ်နဲ့ ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကို ရရှိထားပြီးဖြစ်တဲ့ အဆိုတော်ဝတီရဲ့ ဒုတိယမြောက် တကိုယ်တော်စီးရီးကို သူ့မွေးနေ့ ဇူလိုင် ၂၄ မှာ ဖြန့်ချိလိုက်ပါပြီ။
ဝတီ့ရဲ့ ဒုတိယမြောက် စီးရီး ရှင်သန်ရာလမ်း စာနယ်ဇင်းမိတ်ဆက်ပွဲ အခမ်းအနားကို ဇူလိုင်လ ၁၈ ရက်နေ့က Central Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီစီးရီးမှာ သီချင်း ၁၃ ပုဒ် သီဆိုထားပြီး စုံတွဲအဆိုရှင်တွေအဖြစ် ဂျက်ဆန်ထွန်း၊ ပြည့်စုံ (zing) နဲ့ လေးနက် (Melody World) တို့က တပုဒ်စီ ပါဝင်သီဆိုပေးထားတယ်လို့ ဝတီက ပြောပါတယ်။
ရှင်သန်ရာလမ်း စီးရီးကို Excellent Creation ထုတ်လုပ်ရေးကနေ ဖြန့်ချိတာဖြစ်ပြီး သီချင်းအမျိုးအစားတွေက Rock ကိုအခြေခံထားတဲ့ Pop Rock၊ Slow Rock၊ Gossip နဲ့ R & B အမျိုးအစားတွေ ဖြစ်ပါတယ်။ CD၊ VCD၊ DVD တွေပါ အကုန်လုံး တပြိုင်နက်ဖြန့်တာ ဖြစ်ပြီး ဇူလိုင် ၂၇ ရက်နေ့ကျရင် ရွှေတိဂုံဘုရား Happy World မှာ နေ့လယ် ၁ နာရီကနေ ၃ နာရီ၊ ဇူလိုင် ၂၈ ရက်နေ့ကျတော့ လှိုင်သာယာ Victoria မှာ ညနေ ၆ နာရီက ၈ နာရီ၊ သြဂုတ်လ ၆ ရက်နေ့မှာ မန္တလေး မနော်ယမန် ကစားကွင်းတို့မှာ ဝတီရဲ့အခွေမှာ ပါဝင်တဲ့ အနုပညာရှင်တွေနဲ့ Promotion လက်မှတ်ရေးထိုး ရောင်းချပွဲ ကျင်းပပေးမယ်လို့ သိရပါတယ်။
ဝတီက သူ့ပရိသတ်တွေ အတွက် ပထမအခွေနဲ့မတူဘဲ ထူးခြားအောင် ဒုတိယအခွေမှာ Location တွေက အစ သေသေ ချာချာ ရိုက်ကူးတင်ဆက်ထားတယ်လို့ ပြောပါတယ်။
“ပရိသတ်တွေကလည်း ဝတီ့ကို အားပေးပါဦးလို့ ဟြေချင်ပါတယ်။ ဝတီ့မွေးနေ့ အမှတ်တရ အနေနဲ့ စာနယ်ဇင်းဆရာ၊ ဆရာမတွေ ဦးစီးပြီး ဘီးလင်းမြို့က တောင်စွန်း သော်ကမြောင် လူငယ်ပရဟိတ အဖွဲ့က စီစဉ်တဲ့ ရှင်အပါးတရာ ပြုပွဲမှာ ဝတီ တတ်နိုင်သလောက် ရှင်ငါးပါးကို သာသနာ့ဘောင်ကို ပို့ဆောင်ပေးခဲ့ပါတယ်။ အဲဒါကတော့ ဝတီ့အခွေ ထွက်တာရော၊ မွေးနေ့အတွက်ပါ အမှတ်တရတွေပါပဲ” လို့ ဝတီက ဆိုပါတယ်။
အာဘွိုင်းက စီးပွားရေးပဲ ဇောက်ချလုပ်တော့မယ်တဲ့
အဆိုတော် စင်ဒီနဲ့ အိမ်ထောင်ကျခဲ့၊ သမီးနှစ်ယောက် ရခဲ့ပြီးချိန်မှာ အိမ်ထောင်ရေး အဆင်မပြေလို့ ကွာရှင်းခဲ့ပြီး အခု လက်ရှိ တက်သစ်စ နာမည်ရ သရုပ်ဆောင် တယောက်နဲ့ ချစ်သူတွေ ဖြစ်နေတဲ့ အဆိုတော် Ah Boy (အာဘွိုင်း) ဟာ အနုပညာ အလုပ်တွေထက် စီးပွားရေးဘက်ကို ပိုလုပ်ဖြစ်တော့မယ်လို့ ဟြေလာပါပြီ။
အာဘွိုင်းဟာ အရင်က သီချင်းတွေ ဆိုခဲ့ပေမယ့် တကိုယ်တော် စီးရီးတော့ မထွက်ခဲ့ပါဘူး၊ သူ့သူငယ်ချင်းတွေရဲ့ အခွေတွေမှာပဲ ဝါသနာအရ သီချင်းတွေ ဝင်ဆိုခဲ့သူ ဖြစ်ပါတယ်။
“ကျနော်က ကျော်ထွဋ်ဆွေတို့၊ ဂျောက်ဂျက်တို့နဲ့တော့ သီချင်းတွေ ဆိုခဲ့တာ အောင်မြင်တယ်။ ကျနော့်အဖွဲ့တွေနဲ့ ကျတော့ သူ့ဟာသူ အချိန်တခုတော့ ပေးရတာပေါ့လေ။ ကိုယ်က အချိန်မပေးနိုင်တာ၊ မရှိတာများတယ်” လို့ သူက ပြောပါတယ်။
အခုလည်း အာဘွိုင်းဟာ တူရကီကို Gas Tarbine နဲ့ ပတ်သက်တဲ့ စက်ယန္တားကိစ္စတွေ လေ့လာဖို့ ခရီးထွက်ရမှာ ဖြစ်ပါတယ်။ အချိန် ၃ လလောက် ကြာမယ်လို့ သိရပါတယ်။ ပြန်လာရင်လည်း စီးပွားရေးကိစ္စကြောင့် ရန်ကုန်ထက် မော်လမြိုင်မှာပဲ အနေများမယ်လို့ သူက ဆိုပါတယ်။
“ရန်ကုန်မှာ မရှိတော့ အနုပညာအလုပ်ကို မလုပ်ဖြစ်သလောက်ဘဲ။ အရင်ကဆို သီချင်းက တလကို နှစ်ပုဒ်၊ သုံးပုဒ်လောက် ပြီးတယ်၊ အခု နှစ်လကို တပုဒ်လောက်တောင်မှ မရေးနိုင်ဘူး ဖြစ်နေတယ်” လို့ သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေ အားနည်း နေရတဲ့အကြောင်း ရှင်းပြပါတယ်။
စီးပွားရေး ကိစ္စတွေနဲ့ ပိနေတဲ့ အာဘွိုင်းဟာ နောက်ပိုင်းမှာ ရှိုးတွေ ဆိုဖို့လည်း ပိုခက်ခဲလာတော့မယ်လို့ သိရပါတယ်။
“စီးပွားရေးဘက်ကိုပဲ ပိုပြီး အခြေချဖို့များတယ်။ ကျနော့်အရွယ်က စီးပွားရေးကို မလုပ်လို့လည်း မရတော့ဘူးလေ။ အဖေ့ကိုလည်း ကူညီချင်တယ်၊ ကျနော့် အဖေကလည်း အသက်အရွယ်က ကြီးပြီလေ။ ကျနော့် မိသားစုကိုလည်း ကျနော် ပြန်ကြည့်ချင်တယ်၊ ကျနော်က အစ်ကို အကြီးဆုံးလည်း ဖြစ်တော့ မိသားစုကို ပြန်ကြည့်တာပါ” လို့ အာဘွိုင်းက ဟြေပြပါတယ်။
သူ့အနေနဲ့ အိမ်ထောင်ထပ်ပြုဖြစ်၊ မပြုဖြစ်ကတော့ လောလောဆယ် မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။ အခု လောလောဆယ် မှာတော့ သူ့အဖေ ခင်းပေးတဲ့ လမ်းကြောင်းကိုပဲ သူက လျှောက်ချင်တယ်လို့ သိရပါတယ်။
“ကျနော် လောလောဆယ် အိမ်ထောင်ပြုဖို့တော့ မစဉ်းစားသေးပါဘူး။ မစဉ်းစားသေးဘူး ဆိုတာက ကျနော့် လုပ်ငန်းတွေကို အောင်မြင်အောင်ပဲ လုပ်ချင်ပါသေးတယ်။ အိမ်ထောင်ရေးက တခေါက်လည်း မှားထားပြီးသွားပြီ ဆိုတော့ အလျင်စလို လုံး၀ မစဉ်းစားတော့ဘူး။ အေးအေးဆေးဆေးပဲ စဉ်းစားတော့မယ်။ ပထမတခေါက် မှားတယ်ဆိုတာက ကျနော်ငယ်သေးတော့ မြန်မြန်ဆန်ဆန် ဆုံးဖြတ်ချက် ချမိတာလည်း ပါတာပေါ့နော်။ အမှားဆိုတာ လူတိုင်းကတော့ လောကမှာ တယောက်တမျိုးစီ လုပ်မိကြတာပဲလေ။ အဲဒီတုန်းက အသက်က ၂၁ နှစ်လောက်မှာ ဖြစ်ခဲ့တာ၊ အခု အသက်က ၂၈ ဖြစ်နေပြီဆိုတော့ တခုခု လုပ်မယ်ဆိုလည်း တော်တော်စဉ်းစားတယ်” လို့ အာဘွိုင်းက သူ့ရဲ့ အိမ်ထောင်ရေး ကိစ္စနဲ့ ပတ်သက်လို့ ရှင်းပြပါတယ်။
သူ့အနေနဲ့ အရင်ကထက်စာရင် အများကြီး ရင့်ကျက်လာပြီ ဖြစ်တဲ့အတွက် စီးပွားရေး လုပ်ငန်းကိစ္စတွေမှာတင် မကဘဲ စကားဟြေတာက အစ ထိန်းပြီးပဲ ဟြေတော့တယ်၊ ငယ်ငယ်ကလို မြန်မြန်ဆန်ဆန် မလုပ်တော့ဘူးလို့ သူက ဆိုပါတယ်။
လက်ရှိ သူ့ရဲ့ ချစ်သူနဲ့ ပတ်သက်လို့လည်း အာဘွိုင်းက “ရည်းစားဘဝ ဖြစ်တဲ့အတွက် ပျော်စရာတော့ ကောင်းပါတယ်။ ဒါပေမယ့် သူက ငယ်တော့လည်း ရစ်တော့ တခါတလေကျရင် စိတ်ညစ်တယ်။ ကျနော်ကလည်း ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေတော့ တခါတလေ ရစ်တာကိုမခံနိုင်ဘူး” လို့ ဟြေပါတယ်။
အာဘွိုင်းအနေနဲ့ အချစ်ရေးကို အရှိအရှိအတိုင်းပဲ ဟြေမှာ ဖြစ်တဲ့အကြောင်း၊ ဒီဘက်ခေတ်မှာ အနုပညာပညာရှင်တွေက ပွင့်လင်းလာပြီ ဆိုတဲ့အကြောင်း၊ အရင်ကလို အနုပညာရှင်တွေ ချစ်သူရသွားရင်၊ အိမ်ထောင်ကျသွားရင် ပရိသတ် အားပေးမှု လျော့ကျသွားမှာ စိုးတာမျိုး မရှိတော့တဲ့အကြောင်း သူက ရှင်းပြပါတယ်။
“ရည်းစားတယောက် ရပြီးသွားရင် ပရိသတ် အားပေးတာ နည်းသွားမှာစိုးလို့၊ ကြောက်လို့ ရှောင်ဖြေတာတွေ ဒီဘက်ခေတ်မှာ သိပ်မရှိတော့ဘူး ထင်တယ်။ ကျနော်မြင်တာက facebook မှာလည်း အနုပညာရှင် တော်တော်များများက ကိုယ့်စုံတွဲတွေ အကုန်လုံးနဲ့ ဒိုးနေကြတာပဲလေ။ ဓာတ်ပုံတင်တဲ့သူက တင်ပေါ့၊ အမျိုးစုံပဲ” လို့ အာဘွိုင်းက ပြောပါတယ်။
စီးပွားရေး လုပ်ငန်းနဲ့ ပတ်သက်လို့ အာဘွိုင်းမှာ ကိုယ်ပိုင် ဆောက်လုပ်ရေး လုပ်ငန်း ဖြစ်တဲ့ Bedok Construction တခုရှိထားပြီး စက်ရုံတွေ လိုက်လံ ဆောက်လုပ်တယ်လို့ သိရပါတယ်။
“အဲဒါက အဖေခင်းပေးတဲ့ လမ်းကြောင်းလေးတခုကို ကျနော် နင်းနေတာပါ။ အဲဒီမှာ ကျနော်ဦးစီးတယ်၊ ကျနော် သီချင်းဆိုတာ နည်းသွားတော့ Entertainment ထုတ်လုပ်ရေး တခုလုပ်တယ်၊ ကျော်ထွဋ်ဆွေရဲ့အခွေ ထုတ်ဖို့ရှိတယ်၊ ဒီတလ နှစ်လ အတွင်းပေါ့နော်၊ နောက် အောင်လရဲ့ ဒုတိယအခွေ ထုတ်ဖို့ရှိတယ်။ သီချင်းခွေ ထုတ်တာက ကျနော့် ဝါသနာအနေနဲ့ လုပ်တာပါ၊ စီးပွားရေး အနေနဲ့ လုပ်တာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့၊ ရှုံးလို့ပါ” လို့ သူက ဟြေပြခဲ့ပါတယ်။