လက်ရှိတေးစီးရီးဈေးကွက်မှာ တေးစီးရီးတွေ တခွေပြီးတခွေ ထွက်နေသူတွေ ရှိကြသလို၊ လူငယ်မျက်နှာသစ် အဆိုရှင် တွေလည်း တဦးပြီးတဦး ဂီတလောက ရေစီးထဲ တိုးဝင်မျောပါလာနေကြတာ တွေ့ရပါတယ်။ ကိုယ်သန်ရာသန်ရာ ဂီတ အမျိုးအစား တွေနဲ့အတူ ဂီတနယ်ပယ်ထဲ ခြေချ လာနေကြတဲ့ သူတွေထဲမှာမှ ထူးထူးခြားခြား လူငယ် မြန်မာသံ အဆိုရှင်တဦးဖြစ်တဲ့ ဝင်းလဲ့ချယ်ရီကလည်း သူနှစ်သက်တဲ့ မြန်မာသံသီချင်းတွေနဲ့ “ လောကကြီးကို ခါးစောင်း တင်မယ့် လူစား” အမည်ရ သီချင်းခွေနဲ့ ခြေတလှမ်း စတင်လာခဲ့တာကို တွေ့ရပါတယ်။ မြန်မာသံတွေကိုမှ စိတ်ဝင်စား ရွေးချယ်သီဆိုခဲ့တဲ့ တေးသံရှင် ဝင်းလဲ့ချယ်ရီကို ဧရာဝတီက တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ ဘယ်လိုကြောင့် မြန်မာသံသီချင်းတွေ ဆိုဖို့ ရွေးချယ်ခဲ့တာလဲ။
ဖြေ။ ။ ညီမ သုံးတန်းနှစ် ကတည်းက မိဘတွေက ပံ့ပိုးပေးတယ်။ မြန်မာသံကို သင်ကြားပေးတယ်။ ပြိုင်ရတာက ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲဆိုတော့ သီချင်းကြီး၊ ဓမ္မတေး၊ ကာလပေါ်တေးဆိုပြီး သုံးမျိုးပြိုင်ရတာ။ ဗဟိုအဆင့်ထိရောက်မှ ဆုတံဆိပ်တွေ ရခဲ့တာပါ။ အဲဒါကြောင့်ပဲ ညီမက မြန်မာသံသီချင်းတွေကို မြတ်မြတ်နိုးနိုး ဆိုဖြစ်ခဲ့တာပါ။ မြန်မာသံကို ကြိုက်လည်းကြိုက်တယ်။ မြန်မာသံကိုလည်း ငယ်ငယ်လေးကတည်းက ဆိုခဲ့တော့ နှုတ်ကျိုးနေပြီလေ။ မြန်မာသံနဲ့ ပတ်သက်ပြီး အများကြီး သင်ယူခဲ့ရတဲ့အတွက် မြန်မာသံသီချင်းတွေနဲ့ပဲ အောင်မြင်တဲ့ အဆိုတော်တယောက် ဖြစ်ချင်ပါတယ်ရှင့်။
မေး။ ။ မြန်မာသံနဲ့ပတ်သက်ပြီး ဘယ်သူတွေကို အားကျခဲ့လဲ။
ဖြေ။ ။ အားကျခဲ့တဲ့ သူတွေက အန်တီမာမာအေး၊ အန်တီတင်တင်မြ၊ အန်တီရီရီသန့်နဲ့ ရှိသမျှ မြန်မာသံ အဆိုတော် အားလုံးကို အားကျခဲ့တာပါ။ မြန်မာသံ အဆိုတော် အကုန်လုံးကိုလည်း လေးစားပါတယ်။
မေး။ ။ ကိုယ့်အသံနဲ့ မြန်မာသံသီချင်းမှာရှိတဲ့ စည်းဝါးနရီ အကုန်ကိုက်ညီဖို့ ဘယ်လိုလေ့ကျင့်ခဲ့ရလဲ။
ဖြေ။ ။ အဲဒါတွေကလည်း ညီမပြိုင်ပွဲမှာ ပြိုင်ခဲ့တဲ့ အကျိုးကျေးဇူးတွေပါပဲ။ ပြိုင်ပွဲမှာ စည်းနဲ့ဝါးကို လက်ကကိုင်ပြီးတော့ ပြိုင်ပွဲဝင်ခဲ့ရတဲ့အတွက် စည်းနဲ့ဝါးကိုက်ဖို့ ညီမငယ်ငယ်ကတည်းက သင်ယူခဲ့ရပါတယ်။
မေး။ ။ နိုင်ငံတော်က ကျင်းပတဲ့ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲတွေမှာ ဘယ်လို ဆုတံဆိပ်တွေ ရခဲ့လဲ။
ဖြေ။ ။ ဟုတ်ကဲ့၊ ဆုတံဆိပ် ၉ ခုရခဲ့ပါတယ်၊ ရွှေ၊ ငွေ၊ ကြေးပေါ့နော်။ ရွှေတံဆိပ်ဆုက ၃ ခု၊ ငွေတံဆိပ်ဆုက ၂ ခု၊ ကြေးတံဆိပ်က ၄ ခုရခဲ့ပါတယ်ရှင့်။
မေး။ ။ မြန်မာသံသီချင်းတွေက ညီမရဲ့စိတ်ကို ဘယ်လောက်အထိ လွှမ်းမိုးခဲ့လဲ။
ဖြေ။ ။ ညီမစိတ်ကို မြန်မာသံသီချင်းတွေ လွှမ်းမိုးခဲ့တာ သုံးတန်းနှစ် ကတည်းကပါပဲ။ တခြား ဂီတအမျိုးအစားတွေကို ညီမ မကြိုက်တာတော့ မဟုတ်ပါဘူး။ တခြားသီချင်းတွေ နားထောင်ခဲ့ပေမယ့် မြန်မာသံစဉ်လောက် ဆိုလို့မကောင်းဘူး။ အနှစ်သာရ သိပ်မရှိဘူးလို့လည်း ကိုယ့်စိတ်ကထင်လို့ ညီမ မြန်မာသံစဉ်ကိုပဲ ရွေးချယ်ဖြစ်ခဲ့တာပါ။
မေး။ ။ ဒေါ်မာမာအေးတို့၊ ဒေါ်တင်တင်မြတို့၊ ဒေါ်ရီရီသန့်တို့လို့ မြန်မာသံအဆိုတော်ကြီးတွေဆီက ဘယ်လိုအရာ တွေကို အတုယူထားလဲ။
ဖြေ။ ။ ညီမသူတို့ဆီမှာလည်း သွားရောက်ပြီး သင်ယူခဲ့ဖူးပါတယ်။ သင်ကြားသမျှကိုလည်း သေချာလိုက်နာတယ်။ အခုလည်း ပြည့်ဝပြီလားဆိုတော့ မပြည့်ဝသေးပါဘူး၊ အများကြီးလိုပါသေးတယ်။ အခွင့်အရေးရမယ်ဆိုရင်တော့ ညီမ ဆက်လက် လေ့လာဆည်းပူးချင်ပါတယ်။ မြန်မာသံနဲ့ပတ်သက်ပြီး အရမ်းနက်နဲတော့ ဘယ်လိုမှ သင်ယူလို့ကုန်မယ် မထင်ပါဘူးရှင့်။
မေး။ ။ မြန်မာသံ သီချင်းတွေကို အခုနောက်ပိုင်း လူငယ်တွေ နားထောင်တာ နည်းလာပြီလေ။ သူတို့ကို ညီမဘယ်လို ဆွဲဆောင်မယ်လို့ စိတ်ကူးထားလဲ။
ဖြေ။ ။ မြန်မာသံစဉ်ဆိုတာ ကိုယ့်အသံထက်ကို ဌာန်၊ ကရိုဏ်း ကျကျဆိုတတ်ရမယ်၊ နောက်ပြီး သီချင်းတပုဒ်ရဲ့ အနှစ်သာရ ပေါ်လွင်ရမယ်။ အစစအရာရာ လိုအပ်တယ်လို့ ထင်ပါတယ်။ အဲဒါမှပဲ စိတ်ဝင်တစား နားထောင်တဲ့သူရှိမှာလို့ ညီမထင်ပါတယ်။
မေး။ ။ မြန်မာသံ သီချင်းတွေမှာ အသံနေအသံထားက အစ နူးညံ့မှုတွေရှိတော့ ကိုယ့်သီချင်းစာသားတွေ ခံစား သီဆိုရာမှာရော သက်ဝင်မှုရှိအောင် ဘယ်လိုဂရုစိုက်ရလဲ။
ဖြေ။ ။ အရင်တုန်းက သီချင်းဆိုတဲ့သူတွေရော၊ သီချင်းရေးတဲ့ သူတွေကပါ စာသားလေးတွေကို နူးနူးညံ့ညံ့လေးတွေ ရေးကြဆိုကြတယ်။ ရှိုက်သံငိုသံလိုကို တကယ် ခံစားမှုပါအောင်ကို ဆိုကြတာလေ။ အဲဒီလို လိုက်လုပ်ကြည့်ပါတယ်။ အဲဒီလို လုပ်လို့ကိုမရပါဘူး။ တော်တော့်ကို လေးစားဖို့ကောင်းပါတယ်။
မေး။ ။ မြန်မာသံသီချင်းမှာ ဒေါ်ချိုပြုံးတို့ဆိုခဲ့တဲ့ တမာလမ်းကိုပြန်ခဲ့ပါ ဆိုတဲ့သီချင်းတွေဆိုရင် တကယ်ကို ခံစားပြီး တကယ်ခံစားရသလို ပျော်ဝင်ပြီး နားထောင်လို့ကောင်းတာ ဆိုတော့ ညီမလေးကရော ဘယ်လိုခံစားပြီးဆိုတာလဲ။
ဖြေ။ ။ ညီမက ကိုယ်တတ်နိုင်သလောက်တော့ သီချင်းတပုဒ်ကို စိတ်ထဲမှာ Mood ထည့်ပြီး ခံစားမှုပါ ထည့်ဆိုပါတယ်။ အကောင်းဆုံးတော့ ညီမတတ်နိုင်သလောက် ကြိုးစားပြီးဆိုထားပါတယ်။
မေး။ ။ မြန်မာသံသီချင်းတွေနဲ့ပဲ အောင်မြင်တဲ့အဆိုတော် ဖြစ်ချင်တာလား။
ဖြေ။ ။ ဟုတ်ပါတယ်ရှင့်။ ညီမ မြန်မာသံသီချင်းတွေကိုပဲ မြတ်နိုးသလို မြန်မာသံသီချင်းတွေဆိုပြီး မြန်မာသံ သီချင်းတွေနဲ့ အောင်မြင်တဲ့အဆိုတော်တယောက် ဖြစ်ချင်ပါတယ်ရှင့်။
မေး။ ။ ညီမကို ပရိသတ်တွေ အားပေးဖို့ ဘယ်လို ဟြေချင်လဲ။
ဖြေ။ ။ ညီမက မြန်မာသံသီချင်းတွေကို မြတ်နိုးတန်ဖိုးထားသလို မြန်မာသံသီချင်းတွေကို ချစ်မြတ်နိုးတဲ့ ပရိသတ်တွေ ကလည်း ညီမကိုအားပေးကြပါလို့။ ပရိသတ်တွေရဲ့အားပေးမှုက ညီမအတွက် အားတွေဖြစ်စေပါတယ်။ ညီမရဲ့ မြန်မာသံ သီချင်း အနုပညာကိုလည်း အားပေးကြပါလို့ ပရိသတ်တွေကို တောင်းဆိုပါရစေရှင့်။