အနုပညာရှင် ခင်ဝမ်းရဲ့ ငယ်ဘဝ ရုပ်ပုံလွှာများ
ပြည်မြို့သား အနုပညာရှင် အဆိုတော် ကိုခင်ဝမ်း လူ့လောကကို စွန့်ခွာသွားတာ လာမယ့် ဖေဖော်ဝါရီလ ၃ ရက်နေ့ ဆိုရင် ၁၅ နှစ် ပြည့်ပါပြီ။
သူ့ရဲ့ သီချင်းတွေ ကြားရပြန်တော့ သူ့အကြောင်း အတွေးထဲဝင်လာသလို၊ သူ့အကြောင်း တွေးမိပြန်တော့ သူနဲ့အတူ ရင်းရင်းနှီးနှီး နေထိုင်ခဲ့ကြတဲ့ အချိန်တွေကို ပြန်လည် အမှတ်ရမိပါတယ်။
အရာရာကို “သုဂတော” လို့ ရှုတတ်၊ မျက်မှောက်ပြုတတ်တဲ့ ကိုခင်ဝမ်းနဲ့ ကျနော် တွေ့ဆုံရင်းနှီးကာ သူငယ်ချင်းလို ပေါင်း သင်းခဲ့တဲ့ လွန်ခဲ့တဲ့ ၂၅ နှစ်လောက်က အချိန်တွေကိုလည်း သတိရမိပါတယ်။
ကျနော် ကလေး ဘဝကတည်းက ကိုခင်ဝမ်းကိုသိတယ်လို့ ပြောရင်မမှားပါဘူး။ ဒါပေမယ့် ကိုခင်ဝမ်းထက် သူ့အဖေ ဦးအောင်ခကို သိတယ်ဆိုရင် ပိုပြီး မှန်မှာပါ။
ဦးအောင်ခက ကျနော်တို့ မြို့မှာ နာမည်ကြီး၊ တခါတလေ Kawaski ဆိုင်ကယ် အစိမ်းနဲ့၊ တခါတလေ ဂျပန် ပြည်လုပ် အညိုရောင် စက်ဘီးလေးကို စီးကာ အသားဖြူဖြူ၊ မျက်မှန်နဲ့ အကျႌႌႌအဖြူ ဘောင်းဘီရှည် အညိုရောင် ဝတ်ပြီး စမတ်ကျကျ သွားလာနေတဲ့ ဦးအောင်ခကို အများက ဂျပန်ကြီးလို့ ခေါ်တော့ ကျနော်တို့ ကလေးတွေကလည်း လွယ်လွယ်ပဲ ဂျပန်ကြီးပေါ့။
ကျနော်တို့ရဲ့ ဟိုဘက်ရပ်ကွက် မြို့လယ် ဗိုလ်ချုပ်ကျောက်ရုပ်နားက ဦးအောင်ခ၊ ဒေါ်သိန်းတင်ရဲ့ စက်မှု လက်မှု အလုပ်ရုံ ကြီးကို အားလုံးက “ဂျပန်ကြီး ဝပ်ရှော့” လို့ခေါ်ပါတယ်။
အဲဒီအချိန်တွေက ကျနော် ကိုခင်ဝမ်းကို မြင်ဖူးသလားဆိုရင် မမြင်ဖူးပါ၊ တခါကတော့ ကလေးဘ၀ ရုပ်ရှင် သွားကြည့်ရင်း မြို့လယ် ဗိုလ်ချုပ်ကျောက်ရုပ်ဘေးက သဲပုံပေါ်မှာ လူတယောက် ပက်လက်လှန်ကာ ဘယ်သူ့ကိုမှလည်း ဂရုမစိုက်၊ အေးအေးလူလူ၊ ဒီလူကြီးက ဂျပန်ကြီးသားက အဆိုတော်ခင်ဝမ်းတဲ့။ အဆိုတော်ဆိုတာ စတိတ်စင်ပေါ်မှာ ဝတ်ကောင်းစားလှနဲ့ ဖျော်ဖြေနေတာသာ တွေ့ဖူးတဲ့ ကျနော့် အဖို့ ဘယ်လို လူကြီးလဲလို့ ထင်မိပါတယ်။
နောင် ၈ နှစ်လောက်အကြာမှာ ကျနော်က သူနဲ့အတူ လမ်းဘေးက သဲပုံပေါ်၊ သစ်သားတန်းပေါ်၊ အုတ်ခုံပေါ် စတဲ့ နေရာ တွေမှာ ထိုင်ရင်း သီချင်းတွေ အော်ဟစ်သီဆိုရလိမ့်မယ့်လို့ မထင်ခဲ့မိ။
ကျနော် လက်ဘက်ရည်ဆိုင် ထိုင်တတ်ချိန်မှာတော့ သူနဲ့ စတင်တွေ့ပြီ။ အဲဒီတုန်းက ပြည်မြို့ ဗိုလ်ချုပ် ကျောက်ရုပ် အနီးက “မင်းမင်းကဖီး” မှာ ကျနော်တို့ထိုင်ပါတယ်။
အဲဒီဆိုင်က လူငယ်ထက် လူကြီးလူလတ်များ အထိုင်များပြီး ထူးခြားတာက သူ့နယ်ပယ်နဲ့သူ တတ်သိ နားလည်သူတွေ ဖြစ်ကြပါတယ်။ အများစုက စာဖတ်အား၊ လေ့လာ အားကောင်းသူများ ဖြစ်ပါတယ်။
ကိုခင်ဝမ်းရှိတယ်၊ ကိုချော (ကဗျာဆရာ မောင်ချောနွယ်) ရှိတယ်၊ ချစ်ကောင်းအတွက် “မစဉ်းစားချင်ဘူး” သီချင်းကိုရေး ခဲ့တဲ့ အသေစောခဲ့သူ တရုတ်လေး သန်းဦး (တေးရေး – စစ်အိမ်) ရှိတယ်၊ ကဗျာဆရာ ချမ်းငြိမ်းအေးရှိတယ်၊ ကိုဌေး လို့ခေါ်တဲ့ သြဂတ်စ်လင်းလည်း ရှိတယ်၊ တခါတလေ လိမ္မော်သီးတလုံး ကိုဆွေ လာတတ်သလို ကိုခင်ဝမ်းရဲ့ Rainbow Bridg Band က ကိုမော်စီ၊ ကိုအောင်မြတ်ထွန်း၊ ကိုမိုးဇက်တို့ ထိုင်တယ်၊ ဒါ့အပြင် မြို့မျက်နှာဖုံး သူဌေးသားတွေ ထိုင်တယ်၊ လူမိုက်တွေလည်း ရှိတယ်၊ ဒါပေမယ့် သုခမိန်လှိုင် ကတော့ အဲဒီ အချိန် ပြည်မှာ မရှိတော့။
ဆယ်တန်း အောင်ကာစ ကျနော်က အသက်အငယ်ဆုံး၊ ဒါကြောင့်လည်း ကိုခင်ဝမ်းက ကျနော့်ကို အငယ်လေးလို့ ခေါ် တတ်သလို၊ တခါတရံတော့ ငပိုင်လို့ ခေါ်ပါတယ်။ သူ့ကို လက်ဖက်ရည် မတိုက်ရင်တော့ ကျနော့်ကို ကပ်စေးနဲတဲ့ ရဟူဒီ လေးလို့ လှောင်ပြောင်ပြီး ခေါ်တတ်ပါတယ်။
ကျနော်တို့က သူ့ကို အစ်ကိုကြီးဟု ခေါ်ပေမယ့် အမှန်တော့ ကျနော်တို့က ကိုခင်ဝမ်း သမီးအကြီးနဲ့မှ သက်တူရွယ်တူ။
နောက်ပိုင်းတော့ သူ့ကိုယ်သူ ဝိဇ္ဇာ မောင်ခင်၊ ဝိဇ္ဇာမောင်ခင်လို့ ရင်ဘတ်ကိုပုတ်ပုတ် ပြောတတ်တဲ့ ကိုခင်ဝမ်းကို ကျနော်တို့ တသိုက်က ဝိဇ္ဇာကြီးလို့ ခေါ်ကြပြန်တယ်။
မနက် ၉ နာရီလောက်ဆိုရင်တော့ ကိုခင်ဝမ်း သူ့စတိုင်အတိုင်း လက်ထဲမှာ ပိုက်ဆံကိုဆုပ်ပြီး အေးအေးလူလူ မင်းမင်း လက်ဖက်ရည်ဆိုင်ကို လမ်းလျှောက် ချီတက်လာပါပြီ။
လက်ဖက်ရည်ဆိုင် ရောက်ရင်တော့ အရုပ်ကြိုးပြတ် ထိုင်ချကာ အနီးကလူကို မှီလိုက်ပြီး လက်ဖက်ရည် တခွက်၊ စီးကရက် တလိပ် မှာသောက်တတ်ပါတယ်။ အလုပ်ရှိရင်တော့ ၁ နာရီလောက်ပဲ ထိုင်ပြီး ပြန်သွားတတ် ပါတယ်။
တခါတလေ သူ့ဖာသာ သူတယောက်ထဲတွေးကာ ဆိုင်နံရံကိုမှီပြီး မြို့မငြိမ်းရဲ့ ချစ်ဗိမ္မာန် ကျွန်းသာစွမြေ ဆိုတဲ့ “ ပြုံးတဲ့ မေ” သီချင်း၊ ဒါမှမဟုတ် ကိုစောညိန်းရဲ့ “သစ္စာ၊ ချစ်ပြုံးနှင်းဆီ” စတဲ့သီချင်းတွေကို တဖွဲ့တနွဲ့ ညည်းတတ်ပါတယ်။
စိတ်လိုလက်ရရှိရင်တော့ သူငယ်ငယ်က အကြောင်းတွေကို ပြောပြပါတယ်။ ကိုခင်ဝမ်း ငယ်ငယ်က သူ့အမေ ဒေါ်သိန်းတင်ရဲ့ ရွာကို သွားလည်တဲ့အခါ ဂျစ်ကားကို ကိုယ်တိုင်မောင်းပြီး ရွာစည်းရိုးကို ဝင်တိုက်ပုံ၊ အဆော့လွန်တဲ့ သူ့ကို ဦးလေးဖြစ် သူက မြင်းစီး သင်ပေးမယ်ဆိုပြီး မြင်းပေါ်တက်စေကာ နောက်ကနေ ဇီးခက်နှင့် ရိုက်လိုက်လို့ မြင်းကလန့်ပြီး အိမ်ကြိုအိမ်ကြား လျှောက်ပြေးပုံ၊ သူက ကြောက်လန့်တကြား အိမ်ခါးပန်းကို တွဲလောင်းခိုကာ ကျန်ခဲ့ပုံတို့ကို ပြောပြတဲ့အခါ ကျနော် တို့မှာ တဝါးဝါး တဟားဟား ရယ်မောရပါတယ်။
သူ ရန်ကုန်မှာ နေတုန်းက ပိုက်ဆံပြတ်တဲ့ အခါ ပန်းချီ မောင်ဒီနဲ့ နှစ်ယောက်သား ပြစ်မှုမဂ္ဂဇင်းမှာ ဖော်ပြမယ့် လူသတ်မှု တွေမှာ လူသေအလောင်းတွေ အဖြစ် ဓာတ်ပုံအရိုက်ခံပြီး ငွေရှာပုံ၊ သူကျောင်းသားဘ၀ ကြုံတွေ့ခဲ့ရတဲ့ တရုတ်- ဗမာ အရေးအခင်းမှာ တရုတ်တွေက “မော်စီတုန်း သက်တော်ရာကျော် ရှည်ပါစေ” လို့ ကြွေးကြော်ပြီး တိုက်ဝရန်တာက ခုန်ချ သတ်သေကြပုံ၊ ကျွန်းဆွယ် အရေးအခင်းမှာ မီးရှို့တဲ့ သူငယ်ချင်းတွေကို တားရင်း သူ့ကို ထောက်လှမ်းရေးက ဖမ်းဖို့ ကြိုးစားပုံ၊ သူ ဂျပန်ကို အသွား ဟောင်ကောင်လေဆိပ်မှာ နောက်ကျနေတဲ့အတွက် ဝန်ထမ်း ၂ ဦးက သူ့ကို ပုခုံးကနေ ကိုင်ကာ စက်လှေကားပေါ် ဆွဲတင်ပြီး ပြေးပုံ တွေကို စိတ်လိုလက်ရ ပြောပြတတ်ပါတယ်။
ဆီဦးထောပတ် စားရင် အသားအရေလှကြောင်း၊ အိမ်အမြင့်ကြီးနဲ့ နေရင် အရပ်ရှည်ကြောင်း စတာတွေ ပြောရင်တော့ ကျနော်တို့က “ဟင်” လို့ အာမေဋိတ်သံပြုရင်း ခန္ဓာကိုယ်မှာ ညှင်းစွဲနေပြီး အိမ်ပုပုလေးနဲ့ နေပေမယ့် အရပ် ၆ ပေလောက်ရှိတဲ့ ဆီစက်ပိုင်ရှင်သား ကိုမော်ကြီးကို ဥပမာပေး ကဏ္ဍကောဇလုပ် ငြင်းခုန်လိုက်တဲ့အခါ သူ အသာ ပါးစပ်ပိတ် သွားတတ်ပါတယ်။
တခါတလေလည်း သူဟာ ဆာမူရိုင်းသွေး ပါကြောင်းပြောတတ်ပြီး ကျနော်တို့ သူငယ်ချင်း ကာရာတေးသမား တယောက်နဲ့လည်း နပန်းလုံးတတ်ပါ သေးတယ်။
တရက်မှာ သူနဲ့ ကျနော် လက်ဖက်ရည်သောက်နေတုန်း ပန်းချီဆရာကိုဝင်းနိုင်နဲ့ သူ့မိန်းမ မသန်းစိန်တို့ ဝင်လာပါတယ်၊ မသန်းစိန်က “အစ်ကိုကြီးရေ အကိုကြီးလူ ညကမအိပ်ဘူး၊ တစ်ညလုံး ဆေးတွေတိုက် နေရတယ်” လို့ သူဝသီအတိုင်း တရစပ် ပြောပါတယ်။ ကိုခင်ဝမ်းက ခပ်အေးအေးပဲ “ဒါဆို မုန်လာဥနီလေးကို ကျွေးကျွေးပေး ပျောက်တယ်” လို့ပြောတော့ မသန်းစိန်လည်း အားရဝမ်းသာနဲ့ “ကျေးဇူးတင်တယ် အစ်ကိုကြီး” လို့ ဆိုပြီး ထွက်သွားပါတော့တယ်။
မသန်းစိန် ထွက်သွားတော့ ကျနော်က “အစ်ကိုကြီး၊ အစ်ကိုကြီးပေးတဲ့ ဆေးနည်း ဟုတ်လား” လို့ မေးတော့ ကိုခင်ဝမ်းက “ငါမသိဘူး၊ အခု ငါ့စိတ်ထဲမှာ မုန်လာဥနီ စားချင်နေတာနဲ့ ပြောလိုက်တာ” လို့ ဆိုပါတယ်။ ကိုခင်ဝမ်းဆိုတာ အဲဒီလိုလူမျိုးပါ။
ကိုခင်ဝမ်းဟာ ဘာသာဗေဒတွေရဲ့ သော့ချက်ကို သိသူပါ။ ၁၉၈၈ ခုနှစ် နွေဦး မဂ္ဂဇင်းမှာပါတဲ့ “မဟာသံခ ဂန္ဓာရီ” ပါဠိ ကဗျာဟာ လက်ဖက်ရည်ဆိုင်က စီးကရက်ဘူးခွံပေါ်မှာ ကိုခင်ဝမ်း လက်တန်း ရေးပြီး ပေးခဲ့တာပါ။ ဒီကဗျာနဲ့ ပတ်သက်ပြီး ချီးကျူးရင် “ဒါတောင် ဦးသော်ဇင် ဘာသာပြန်တာ နည်းနည်း လိုသွားတယ်” ဆိုပြီး ကျနော်တို့ အပေါ် အသားယူ ပြောတတ်ပါတယ်။
သူနဲ့ကျနော် ခင်မင်ခဲ့ရတဲ့ ကာလမှာ စိုင်းခမ်းလိတ် ရေးတဲ့ “စိတ်ညှို့ရှင်” သီချင်းနဲ့ စိုးစိုးလွင်ရဲ့ “ကိုယ်ချစ်” ဆိုတဲ့သီချင်း ၂ ပုဒ်ကို သဘောကျတာ တွေ့ရပါတယ်။ စိတ်ညှို့ရှင် သီချင်းထဲက “မင်းစိတ်ကိုမင်း ထိန်းပါအုံး၊ ရှောင်ပါဦး၊ ဆောင်ပါဦး ဂုဏ်တော် ပုတီး စိတ်လိုက်ပါဦး” ဆိုတဲ့ စာပိုဒ်လေးကို ကိုခင်ဝမ်း အရမ်းသဘော ကျတတ် သလို၊ “ရိုးရိုးသားသား ချစ်ခဲ့တယ်၊ အသွေးအသားလေးတွေ တံတားခင်းမယ်” တဲ့ ဆရာလို့ ဆိုရင်း စိုးလွင်လွင်ရဲ့ သီချင်းစာသားလေးကို မကြာခဏရွတ်ပြီး တအံ့တသြ ပြောတတ်ပါတယ်။ သူဘာကြောင့် ကြိုက်မှန်းတော့ ကျနော်မသိပါ။
ကိုခင်ဝမ်းရဲ့အချစ်ဆုံး သူငယ်ချင်းက ကိုကျော်ဦးပါ။ ကိုကျော်ဦး ဆိုးသမျှ၊ ရစ်သမျှ သီးခံပါတယ်။ ကိုကျော်ဦး မြို့ပတ်ပြီး အော်နေရင်လည်း သူ ဘေးနားက အပြုံးမပျက်ပါ။ ကိုကျော်ဦးဆိုတာ “မိုးတွေရွာစွေ” သီချင်းကို မူရင်း သီဆိုခဲ့တဲ့ အဆိုတော် မိုးမိုးရဲ့ အကိုဖြစ်ပါတယ်။
ကိုကျော်ဦး ရုံးမသွားဘဲ သူတို့ ၂ ယောက် သောက်ကြတဲ့နေ့ဆိုရင်တော့ နောက်တနေ့မှာ “ကျော်ဦးကတော့ ဆရာ၊ ကျော်ဦး ကတော့ ဆရာ” လို့ ပြုံးပြုံးကြီးနဲ့ ကိုကျော်ဦး လုပ်သမျှကို ကိုခင်ဝမ်းက တအံ့တသြ ပြန်လည် ဖောက်သည် ချတတ်ပါတယ်။
ဒါပေမယ့် ကိုခင်ဝမ်းက ဂျပန်ပီသသူပါ။ သူအလုပ်လုပ်ပြီဆိုရင် အလုပ်ထဲမှာပဲ အာရုံ စူးစိုက်တတ်ပါတယ်။ တခါတလေ ၂ ရက် ၃ ရက် အပြင်မထွက်တော့ပါဘူး။ သွားခေါ်ရင်လည်း အပြင်မထွက်ပါ။ အိမ်ထဲမှာ ဂစ်တာ တလုံးနဲ့ သီချင်း ရေးနေတတ်ပါတယ်။
အလုပ်ပြီးရင်တော့ တလောကလုံးကို ကျေနပ်နှစ်သက်တဲ့ ပုံမျိုးနဲ့ လေလေးချွန်ကာ ထွက်လာပါတော့တယ်။ ပြီးရင် မင်းတို့က ငါ့ဆီတောင် မလာဘူးလို့ စကားနာ ထိုးတတ်ပါတယ်။
အဲဒီအချိန်က “လိုတရ အကြည့့်နဲ့ မင်းလျှောက်ခဲ့လမ်း” စီးရီးအတွက် သီချင်းရေးနေချိန်လည်း ဖြစ်ပါတယ်။ အဲဒီစီးရီးတွေက သူ့ အတွက် အချိန် တော်တော်ယူရပါတယ်။ တခါတခါ ကျနော့် သူငယ်ချင်း နေလင်းနဲ့ “မေရှင်ရဲ့ ကျေးစေတမန်” သီချင်း အကြောင်း ပြောတတ်သလို၊ ကျနော့်ဆီက ဇိနထ္တပကာသနီ ကျမ်းကိုလည်း ငှားဖတ်တတ်ပါတယ်။ မြားတွေ အကြောင်း သိချင်လို့ စာကြည့်တိုက်မှာ သွားရှာတတ်တဲ့ ကိုခင်ဝမ်း၊ အခုလို အရာရာ ရှာဖွေနိုင်တဲ့ Google ခေတ်မှာသာ သူရှိခဲ့ရင် အတိုင်းထက် အလွန်ပေါ့။
မှတ်မှတ်ရရ ၁၉၈၇ ခုနှစ် နွေဦးမှာ ကိုခင်ဝမ်း၊ ကိုကျော်ဦးနဲ့ ကိုပေါက် (ကွယ်လွန်) တို့ ငပလီသွားကြပါတယ်။ ပြန်လာတော့ သူတို့ရဲ့ မျက်နှာနဲ့ ရင်ဘတ်မှာ ရေကူးရင်း ကျောက်ဆောင်နှင့်တိုက်မိလို့ရတဲ့ အစင်းအခြစ်ရာ တွေနဲ့ပါ၊ ဒါပေမယ့်သူ့ အတွက် “သောင်ကမ်းခြေ” ဆိုတဲ့ လှပတဲ့ သီချင်းတပုဒ်ပါလာတယ်။
သူနဲ့ ပန်းချီမောင်ဒီတို့ ပုပ္ပားကို အသွား လမ်းတလျှောက် နီရဲအောင်ပွင့်နေတဲ ကသစ်ပွင့်တွေတွေ့ပြီး “အဝေးပြေး” သီချင်း ဖြစ်လာသလို၊ ပြည်တောင်တန်းပေါ်က တောရကျောင်းလေးက သူငယ်ချင်းနေလင်းရဲ့ အလှူကိုသွားရင်း နွေဦးပေါက် မြင်ကွင်းကို မြင်ရတဲ့အခါ “လွမ်းစေတီဦး” ကို ရေးခဲ့ပါတယ်။
ကိုခင်ဝမ်းက ကလေးချစ်တတ်သူပါ၊ ဆိုင်က ၆ နှစ်၊ ၇ နှစ်လောက်ရှိတဲ့ ဆန်းဦးတို့၊ မင်းမော်တို့ တွေ့ရင် “သားတော်ရေ၊ သားတော်” လို့ ခေါ်ပြီး စတတ်ပါတယ်။ ကလေးတွေက သူ့ရဲ့ ကျောကုန်းကို အုန်းကနဲထုကာ တုန့်ပြန်လိုက်မှပဲ သူ စိတ်ကျေနပ်သွား ပါတယ်။
အဲဒီအချိန်က ကိုခင်ဝမ်းဟာ ကောင်းတာလုပ်ရင်၊ ကောင်းတာဖြစ်မယ်ဆိုတဲ့ သဘောကို ယုံကြည်သက်ဝင် တဲ့အတွက် အရာရာကို အကောင်းသာတွေး၊ အကောင်းသာမြင်၊ အကောင်းသာပြောပြီး အာရုံ ရှင်းရှင်းနေကာ ထွေလီကာလီ မတွေး၊ အာရုံ အနောက်မခံပါ။
ကျနော်က မကောင်းတာ အပျက်သဘောပြောရင်တောင် “မင်းကလည်းကွာ၊ သူလည်း ကောင်းပါတယ်” လို့ ပြောတတ်ပါတယ်။ ပထမ ဒီလူကြီး ငါ့များ ကြပ်နေသလားလို့ ကျနော်က ထင်နေပေမယ့်၊ သူက အတည်ပြော နေခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် အရာရာကို သုဂတောလို့ ရှုတတ်တဲ့ သူ့ကို ကိုချောနွယ်က ဆိပ်ကမ်းကဗျာ ထဲမှာ သုဂတော သင်္ဘော ဆိုက်လာပြီလို့ ဆို ထားပါတယ်။
အရာရာ အကောင်းကိုသာရှုတဲ့ ကိုခင်ဝမ်းဟာ နောက်ပိုင်း သူရေးတဲ့ သီချင်းတွေမှာ ဂိုဏ်းသင့်၊ ဒေါသသင့်မယ့် စကားလုံး စာသားတွေကို ရှောင်ပါတယ်။ ဆင်းရဲတာ၊ စိတ်ညစ်တာ၊ ရှုံးနိမ့်တာ၊ ရူးတာ၊ ဘဝပျက်တာ၊ ကွဲကာ၊ ခွဲခွာ စတဲ့ စာသားတွေကို မထည့်သလို၊ ဆိုလည်း မဆိုတော့ပါ။
တခါက ကိုနေဝင်းနဲ့ စောဂျက်ဆင်ရေးတဲ့ “မငိုမိတယ်” သီချင်းကို ကျနော်က သူ့ရှေ့ ဘာရယ်မဟုတ် ညည်းမိတော့ “ဟေ့ကောင် ငပိုင် မင်း အဲဒီသီချင်းကို မဆိုနဲ့ကွ၊ ဒီသီချင်းက နိမိတ်မကောင်းဘူး” လို့ တားပါတယ်။ ဒီသီချင်းကြောင့် ကိုနေဝင်း ရည်းစားနဲ့ ကွဲရသလို၊ သူလည်း အဲဒီလိုဖြစ်ကြောင်း၊ မင်းလည်း အဲဒီလိုဖြစ်မှာပဲ လို့ ဆိုတာကြောင့် ကျနော်လည်း သီချင်း ဆိုနေတာကို ရပ်လိုက်ရ ဖူးပါတယ်။
ကျနော်တို့က အစ်မလို့ ခေါ်တဲ့ ကိုခင်ဝမ်း ဇနီး ဒေါ်ခင်လေးမြင့်နဲ့ သမီးတွေ ခရီးထွက်သွားရင်တော့ ကိုခင်ဝမ်း အိမ်မှာ ကျနော်တို့ အတွက် ဝိုင်းကောင်းတဝိုင်း ဖြစ်ပြီလို့ ဆိုရမှာပါ။ ကိုခင်ဝမ်းနဲ့ ကိုသန်းဦး (စစ်အိမ်) ရဲ့အဆို၊ အတီးအပြင် ကိုသန်းဦးရဲ့ လက်ရာ ဝက်ပုန်းရည် ချက်ရော ပါပါတယ်။
ကိုသန်းဦးက သူ ဝက်ပုန်းရည်ကို ဘယ်လို အချက်ကောင်းကြောင်း ပြောရင် ကိုခင်ဝမ်းကလည်း အားကျမခံ သူသိတဲ့ အစားအသောက်တွေ အကြောင်းကို ပြောပြီး ထမင်းစားပြီးရင် ဘရန်ဒီနဲ့ ဘယ်လိုပိတ်ရကြောင်း ပြောပါတော့တယ်။
တခါတော့ ကိုခင်ဝမ်း စပျစ်သီးတွေကို ဝယ်ပြီး ဝိုင်ဖောက်ပါတယ်။ နောက်ပိုင်းမှာတော့ ဂေါ်ဖီဝိုင်၊ မန်းကျည်း ဝိုင်ဆိုပြီး အဆန်း ထွင်လာပါတော့တယ်။ သူဖောက်တဲ့ မန်ကျည်းဝိုင်ကို သောက်မိတဲ့ ကျနော်တို့ သူငယ်ချင်း အေးကြူခမျာ တနေကုန် ဝမ်းသွားပြီး ချမ်းလွန်းလို့ နွေခေါင်ခေါင် အိပ်ရာထဲမှာ စောင်ခြုံကာ တဂတ်ဂတ်တုန် နေပါတော့တယ်။
၁၉၈၈ ခုနှစ် အရေးအခင်းအပြီး ခေတ်ကာလ အပြောင်းအလဲမှာတော့ ကိုခင်ဝမ်းလည်း သူသဘောကျတဲ့ စာရေးဆရာ သော်တာဆွေလို ဆန်ကုန်သယ် ဖြစ်သွားပါသေးတယ်။ ဒါပေမယ့် အနုပညာသမားနဲ့ ဒီလိုကိစ္စ တွေဟာ ဘုန်းကြီးနဲ့ဘီးလိုပဲ ဘယ်လိုမှ မအပ်စပ်လေတော့ “ကျနော် ဆန်ကုန်သည်ဖြစ်စဉ်က” ဆိုသလို တဒင်္ဂပဲ ခံလိုက်ပါတယ်။
၁၉၉၁ ခုနှစ် ကိုခင်ဝမ်းရဲ့ “အမှောင်ကို ထွန်းညှိမယ့်မီးအိမ်” စီးရီး ထွက်ပြီး နောက်ပိုင်းမှာ ကိုခင်ဝမ်းအပါ အဝင် ကျနော်တို့ အဖွဲ့ဟာ ပြည်မြို့ ပန်းထိမ်တန်း လမ်းက သူငယ်ချင်း ကိုကိုမောင်ရဲ့အိမ်ကြီးမှာ အမေရိကန် စာရေးစာရာကြီး ဂျွန်စတိန်း ဘတ်ရဲ့ Tottilla Flat ဝတ္တုထဲက ပီဆာနိုးတွေရဲ့ အနေအထိုင်မျိုးနဲ့ စုပြီးနေခဲ့ ကြပါတယ်။
အဲဒီကာလက အရမ်းပျော်ဖို့ ကောင်းပါတယ်။ တခါတလေ ပန်းချီ မုတ်သုန်လည်း အဲဒီအိမ်ကြီးမှာ လာနေတတ် သလို၊ ကိုချော နွယ်ရယ်၊ ကိုခင်ဝမ်းရယ်၊ “မေဃဒူတ” လို့ ကိုခင်ဝမ်း ကိုယ်တိုင် အမည်ပေးထားတဲ့ ဂစ်တာဝိုင်း လေးရယ်က ကျနော်တို့ အဖို့ ပြီးပြည့်စုံစေပါတယ်။
အဲဒီအချိန်က ကျနော်တို့အဖွဲ့ ကိုရဲလွင်၊ ကိုနေဝင်းတို့ရဲ့ မဇ္ဈိမလှိုင်း (Medium Wave) အဖွဲ့ကို ဖိတ်ပြီး စတိတ်ရှိုး တပွဲကို ကြံဖန်ပြီး သွင်းလိုက်ပါသေးတယ်။
ရုပ်ရှင်ထဲကလို ဆိုရင်တော့ ၃ နှစ်ခန့်အကြာလို့ စာတမ်းထိုးရမယ့် ၁၉၉၄ ခုနှစ်မှာ ပြည်မြို့ ပန်းထိမ်တန်းလမ်းက ပီဆာနိုးတွေလည်း Tottila Flat ဝတ္တုထဲကလို သူ့အလိုလိုပဲ အပြီးတိုင် လမ်းခွဲသွားခဲ့ကြ ပါတယ်။
ကိုခင်ဝမ်းလည်း အနုပညာအလုပ်ကို ပြန်လည်ဇောက်ချ လုပ်နိုင်ဖို့ ရန်ကုန် မြေနီကုန်း ဗိုလ်မိုးလမ်းကို ပြောင်းရွှေ့သွားသလို၊ သြဂတ်စ်လင်း၊ ငညိုလို့ခေါ်တဲ့ နောင် ကိုခင်ဝမ်း သားမက်ဖြစ်လာမယ့် ညိုထွန်းအေး စတဲ့သူတွေလည်း ပြည်ကို စွန့်ခွာသွားပါ တော့တယ်။
၁၉၉၇ ခုနှစ် ကိုခင်ဝမ်း တကိုယ်တော် ပန်းချီပြပွဲလုပ်ဖို့ ပြင်ဆင်နေချိန်မှာတော့ အမှတ်မထင် ၄၅ လမ်းက သူ့အခန်းမှာ ကျနော်ရယ်၊ ငညိုရယ်၊ သူရယ် တကြိမ် ဆုံလိုက်ပါသေးတယ်။ နောက်ပိုင်းမှာတော့ သူ ကွယ်လွန်တဲ့အထိ မတွေ့ဖြစ်တော့ ပါဘူး။
ကိုခင်ဝမ်းဟာ အနုပညာမာန အပြည့်ရှိသူပါ၊ အရက်တခွက်နဲ့ အနုပညာကို ဘယ်တော့မှမလဲပါ။ သူ့ဖာသာ သူ စိတ်ပါ လို့သာ ဂစ်တာတီးရင် တီးပါလိမ့်မယ်။ ခင်ဗျားတို့၊ ကျနော်တို့ တိုက်တဲ့ အရက်တခွက်ကြောင့်တော့ မဟုတ်တာ သေချာပါတယ်။
စစ်အစိုးရ မိုးကောင်းနေစဉ် ကာလမှာ တိုင်းစစ်ဌာနချုပ်တခုက သူအပါအဝင် တခြား နာမည်ကြီး အဆိုတော်တွေကို ဖိတ်ပြီး စတိတ်ရှိုး ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ညစာစားပွဲမှာ အဆိုတော်တွေကို စစ်တပ်အရာရှိတွေက ခွဲခြား ဆက်ဆံ ကျွေးမွေးတဲ့အတွက် ကိုခင်ဝမ်းက မခံမရပ်နိုင်ဖြစ်ပြီး အော်ဟစ် ပြောဆိုတာကြောင့် တိုင်းမှူးအမိန့်နဲ့ ချက်ခြင်းလေယာဉ်နဲ့ ပြန်ပို့ခံရသူပါ။
အနုပညာ မာနရှိတယ် ဆိုပေမယ့် ဟိတ်ဟန်ကြီးကြီး၊ ဘဝင်မြင့်မြင့် နေတတ်သူမဟုတ်ပါ။ သာမန်လူတယောက် ထက်တောင် ပိုပြီး လွတ်လပ်စွာ နေထိုင်သွားခဲ့ပါတယ်။
ကဗျာဆရာ မောင်ညီညွတ်ကတော့ သူ့သူငယ်ချင်း ခင်ဝမ်းဟာ အနုပညာသမားတွေရဲ့ နိဂုံးကမ္မတ်ကိုသိထား သူလို့ ဆိုပါတယ်။ ကျနော်ကတော့ ဒါတင်မကဘူး ကိုခင်ဝမ်းဟာ ဘဝမှာ နေနည်းထိုင်နည်းကိုလည်း သိထားသူ တယောက်လို့ ထပ်မံ ဖြည့်စွက် ချင်ပါတယ်။
ဒီအချိန်မှာတော့ ကျနော်တို့ ချစ်ခင်ရတဲ့ ကိုခင်ဝမ်း (ဝိဇ္ဇာကြီး) တယောက် လမ်းရဲ့သယ်ဆောင်ရာ ဟိုအဝေးကို ထွက်သွား တာ အခုဆိုရင် ၁၅ နှစ်တိုင်ခဲ့ပါပြီ။