ဒီဇင်ဘာလကုန်သွားပေမယ့် မကုန်သေးတာက ခရီးသွားရာသီပါ။ အေးအေးချမ်းချမ်းရှိတဲ့ ရာသီဥတုမှာ ရှမ်းပြည်နယ် တောင်ကြီး၊ မော်လမြိုင်၊ ကျိုက်ထီးရိုး၊ ပုဂံညောင်ဦး၊ စတဲ့နေရာတွေကိုမိသားစုလိုက်ဖြစ်ဖြစ်၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ပဲဖြစ်ဖြစ်၊ တယောက်တည်းပဲ ဖြစ်ဖြစ် သွားရောက်လည်ပတ်နေကြတုန်းပါပဲ။
ရာသီဥတုကအေးတာမို့ အနွေးထည်ကတော့ မပါမဖြစ်ပါ။ ပြီးတော့ အထာကျကျနဲ့ ရှိုးထုတ်ဖို့အတွက် မာဖလာ၊ နေကာမျက်မှန် စတာတွေကိုလည်း ကိုယ်သွားတဲ့ နေရာဒေသနဲ့ လိုက်ဖက်အောင် ပြင်ဆင်ယူဆောင်ဖို့ လိုပါလိမ့်မယ်။
ကမ်းခြေလိုနေရာမျိုးကို သွားခဲ့မယ်ဆိုရင်တော့ လူငယ်ဆန်ဆန် လွတ်လပ်ပေါ့ပါးတဲ့ ကမ်းခြေစတိုင် တခုရဖို့ လိုပါမယ်။ နေကာမျက်မှန်နဲ့ ဦးထုပ်က ကမ်းခြေစတိုင်အတွက် မရှိမဖြစ်ပါပဲ။ ဘယ်နေရာကိုပဲသွားသွား နေကာမျက်မှန်က ဆောင်ထားသင့်တဲ့ Accessories တခုပါ။ ဖက်ရှင် တခုလည်းဖြစ်သလို နေရောင်ခြည်ကို ကာကွယ်တာလည်း ဖြစ်ပါတယ်။ တောင်ပေါ်ဒေသကို သွားရင်တော့ အနွေးထည်၊ သို့မဟုတ် ဂျာကင်၊ သိုးမွေးဦးထုပ်၊ မာဖလာစတာတွေက အဓိကလိုအပ်ပါမယ်။
ဘယ်နေရာကိုပဲသွားသွား ခေတ်ရေစီးနဲ့ ကိုက်ညီပြီးအမှန်တကယ်လည်းလိုအပ်တဲ့ပစ္စည်းတွေ ရှိပါတယ်။ အဲဒါတွေကတော့ Selfie stick နဲ့ Power bank ပါ။ ခရီးမသွားဘဲ အိမ်မှာနေရင်းတောင် ဖုန်းတလုံးနဲ့ Selfie ရိုက်ပြီးအလုပ်များနေကြတဲ့ ဒီခေတ်မှာ Selfie stick ကလည်းလိုအပ်တဲ့ Accessories တခုပါပဲ။ တယောက်တည်းပဲ Selfie ဆွဲဆွဲ၊ သူငယ်ချင်းတွေနဲ့ပဲ အုပ်စုလိုက်ပုံတွေ ရိုက်ရိုက် Selfie stick လေး တချောင်းသာရှိနေရင် အဆင်ပြေစေမှာပါ။
အဲ့ဒီလို Selfie တွေရိုက်တဲ့အတွက် ဖုန်းကအားကုန်မြန်ပါတယ်။ ဖုန်းအားကုန်သွားတဲ့အခါ ဓာတ်ပုံမရိုက်ရတဲ့ ဒုက္ခမျိုးမဖြစ်ရလေအောင် Power bank လေးတလုံးလည်း လိုပါတယ်။ ဓာတ်ပုံရိုက်ဖို့တင်မဟုတ်ဘဲ တခြားအရေးကြီးတဲ့ အကြောင်းအရာတွေအတွက်ပါ ဖုန်းအားမကုန်အောင် ဆောင်ထားသင့်တဲ့ ပစ္စည်းတမျိုးပါ။ အဲဒီ Power bank မှာလည်း battery ရှိနေဖို့တော့ ဂရုစိုက်ရမှာပေါ့နော်။ ကိုယ့်ရဲ့ခရီးကိုမှတ်တမ်းတင်ဖို့ ကင်မရာခပ်သေးသေးတလုံးလည်း လိုပါလိမ့်မယ်။
ပြီးတော့ ခရီးဆောင်အိတ်ကိုလည်း ကိုယ်သွားမယ့် ခရီးပေါ်လိုက်ပြီး ပြင်ဆင်ရပါမယ်။ ရက်ရှည်သွားရမယ် ဆိုရင် ခရီးဆောင်အိတ်ကြီးကြီး ပြင်ဆင်ရမှာဖြစ်ပြီးလိုအပ်တဲ့ပစ္စည်းအစုံအလင်ပါဖို့လည်း ဂရုစိုက်ရပါမယ်။ ဒီလိုရာသီမှာ Body lotion ကလည်း အရေးကြီးပါတယ်။ အသားအရေထိန်းသိမ်းဖို့ကလည်း အဓိကကျတယ်လေ။ ဖိနပ်ကလည်းခရီးသွားရာမှာ ဂရုစိုက်သင့်တာပါပဲ။ နောက်ပိုင်းမှာခေတ်စားလာတဲ့ ဒီဇိုင်းမျိုးစုံနဲ့ Boots လေးတွေက ခရီးအတွက် အထောက်အကူဖြစ်စေမှာပါ။
နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ အရေးအကြီးဆုံးအရာပါပဲ။ အဲဒါကတော့ ပိုက်ဆံပါ။ ဘယ်နေရာမျိုးကိုမဆိုပျော်ပျော်ရွှင်ရွှင် သွားနိုင်ဖို့ ပိုက်ဆံကလည်းတထောင့်တနေရာက အရေးကြီးပါတယ်။ ခရီးထွက်ပါတယ် ဆိုမှတော့ ကိုယ့်နယ်မြေမဟုတ်တဲ့အတွက် ဒေသထွက်သီးနှံ၊ ပစ္စည်းနဲ့ တခြားအရာတွေကို အမှတ်တရအဖြစ် ဝယ်ချင်ကြမှာပါ။ အဲဒီလိုအခါမျိုးမှာ ကိုယ့်မှာသာ ပိုက်ဆံ အလုံအလောက် မပါခဲ့ဘူးဆိုရင် စိတ်မကောင်း ဖြစ်ရမှာပေါ့။
ခရီးသွားရာသီမှာလိုအပ်တာတွေကိုတခုမှ မမေ့ဘဲပျော်ရွှင်စရာခရီးပေါင်းစုံထွက်နိုင်ကြပါစေ။