“My Love from another star” ဆိုတဲ့ ရုပ်သံ ဇာတ်လမ်းတွဲမှာ မင်းသား ကင်ဆိုဟွန်း (Kim Soo-hyun) နဲ့ အတူ တွဲပြီး သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး ဂျောင်ဂျီဟွန်း (Jun Ji-hyun) တယောက် သားလေး မွေးလိုက်ပြီလို့ သိရပါတယ်။
အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ မင်းသမီး ဂျောင်ဂျီဟွန်းဟာ သူမရဲ့ သားလေးကို ဖေဖော်ဝါရီ ၁၀ ရက်နေ့က မွေးဖွားခဲ့တာ ဖြစ်ပြီး သားအမိနှစ်ဦးလုံး ကျန်းကျန်းမာမာရှိတယ်လို့ သူမရဲ့ အနုပညာအေဂျင်စီမှ သတင်းထုတ်ပြန်ထားပါတယ်။
ဂျောင်ဂျီဟွန်းဟာ ၂၀၁၂ခုနှစ်၊ ဧပြီလက ဘဏ်လုပ်ငန်းရှင်တဦးဖြစ်တဲ့ “ချိုင်ဂျင်ဟော့”နဲ့ လက်ထပ်ခဲ့ပါတယ်။ သူမရဲ့ ခင်ပွန်းဟာ သူကိုယ်ပိုင်ဘဏ်တခုကို ပိုင်ဆိုင်ထားရုံသာမက မိဘမျိုးရိုးကလည်း ချမ်းသာတဲ့သူတဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မိခင်ဖြစ်သူဟာ နာမည်ကြီးဖက်ရှင်လုပ်ငန်းကို ပိုင်ဆိုင်ထားပြီး နာမည်ကြီးဖက်ရှင် ဒီဇိုင်နာတဦး ဖြစ်ပါတယ်။ သူတို့လက်ထပ်ပွဲဟာ အဲဒီအချိန်တုန်းက အခမ်းနားဆုံးမင်္ဂလာပွဲဖြစ်ခဲ့ပြီး တောင်ကိုရီးယားမှာ အကြီးကျယ် အခမ်းနားဆုံးဖြစ်တဲ့ “Shilla Hotel” မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
လက်ထပ်ပြီး ၄ နှစ်ကြာမှ ဂျောင်ဂျီဟွန်းဟာ သားသမီးယူခဲ့တာလို့ သိရပါတယ်။ လက်ထပ်ပြီးခါစမှာ အနုပညာ လုပ်ငန်းတွေကို လက်စမသတ်နိုင်တာကြောင့် ကလေးယူနောက်ကျခဲ့တယ်လို့ သူမက ဆိုပါတယ်။ ကိုယ်ဝန်ရင့်မာတဲ့ အချိန်ကတည်းက အနုပညာလုပ်ငန်းတွေကို အနားယူခဲ့ပြီး ကလေးလက်လွတ်ရတဲ့အချိန်မှာ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်မှာဖြစ်ပြီး သူမနဲ့ ရိုက်ကူးဖို့ အနုပညာကုမ္မဏီတွေက စာချုပ်များ ချုပ်ဆိုထားတယ်လို့ သူမရဲ့ အနုပညာအေဂျင်စီက ဆိုပါတယ်။
စာရေးဆရာ “ပတ်ဂျင်အွန်း” ရေးသားထားတဲ့ ဇာတ်လမ်းမှာ ဂျောင်ဂျီဟွန်းက ပါဝင်သရုပ်ဆောင်ဖို့ သဘောတူ လက်ခံ ထားပြီး အတူသရုပ်ဆောင်ဖို့ စီစဉ်ထားသူကတော့ ပျိုတိုင်းကြိုက်တဲ့ F4မင်းသားချော “လီမင်ဟို” ဖြစ်ပါတယ်။ ဒါပေမဲ့ လီမင်ဟိုက မကြာမီမှာ စစ်မှုတာဝန်ထမ်းဆောင်ဖို့ ရှိတာကြောင့် ဂျောင်ဂျီဟွန်းနဲ့အတူ သရုပ်ဆောင်ဖို့ မသေချာသေးဘူး လို့ ဆိုပေမယ့် ဒီရုပ်သံဇာတ်လမ်းကို SBS ရုပ်သံကနေ ၂၀၁၆ ခုနှစ်အတွင်း ပြသဖို့် ကြိုတင်စီစဉ်ညှိနှိုင်းမှုတွေ ရရှိထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
ဂျောင်ဂျီဟွန်းဟာ ကလေးမွေးလိုက်တဲ့အတွက် အနားယူတဲ့အချိန်တွေမှာ သူမအနေနဲ့ အရင်ကပိုင်ဆိုင်ခဲ့ဖူးတဲ့ A- List နေရာကနေ ဖယ်ပေးလိုက်ရမှာကို စိုးရိမ်ပူပန်မှုတွေ ရှိတာကြောင့် ကလေးအတွက် အချိန်များများမယူဘဲ အနုပညာ အလုပ်တွေကို ချက်ခြင်း ပြန်လုပ်မယ်လို့ ဆိုပါတယ်။
မင်းသမီး ဂျောင်ဂျီဟွန်းဟာ My Sassy Girl, Daisy, Blood: The Last Vampire, Berlin File, Assassination စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့နာမည်ကျော်ခဲ့ပြီး ကိုရီးယား အနုပညာသမားတွေ ရင်ခုန်မျှော်လင့်ကြတဲ့ “Blue Dragon Award” ဆုကို ၂၀၀၁ ခုနှစ်က တကြိမ်၊ ၂၀၁၅ ခုနှစ်က တကြိမ်၊ စုစုပေါင်း နှစ်ကြိမ် ဆုရရှိထားသူ ဖြစ်ပါတယ်။
Ref; dramabeans.com