လတ်တလော ဖေ့စ်ဘုတ်စာမျက်နှာထက်မှာ မြန်မာမော်ဒယ်လ်သရုပ်ဆောင် အောန်ဆိုင်းရဲ့ ပေါ်ပြူလာ ဖြစ်နေတဲ့ မဂ္ဂဇင်း ကာဗာဓာတ်ပုံနဲ့ ပတ်သက်လို့ အောန်ဆိုင်းက အဆိုပါ ကာဗာဓာတ်ပုံ ရိုက်ကူးစဉ်ကတည်းက ပရိတ်သတ်ကို ကြိုတင်တောင်းပန်ထားပါတယ်။ ကြိုတင်တောင်းပန်ထားတယ်ဆိုလို့ နည်းနည်းတော့ ထူးခြားနေမယ်လို့ ထင်ပါရဲ့။
ဖြစ်ပုံက ဒီလိုပါ။ မော်ဒယ်လ်သရုပ်ဆောင် အောန်ဆိုင်းက Lifestyle မဂ္ဂဇင်းတခုဖြစ်တဲ့ လစဉ်ထုတ် POSH magazine- Myanmar ရဲ့ မတ်လအကုန်မှာထွက်ရှိလာမယ့် ကာဗာဓာတ်ပုံမှာ အဝတ်အစားမပါ ကိုယ်လုံးတည်း နိုင်ငံခြားသား မော်ဒယ်လ်တဦးနဲ့ တွဲဖက်ရိုက်ကူးထားတဲ့ ပုံတွေကို သူမရဲ့ဖေ့စ်ဘုတ် စာမျက်နှာထက်မှာ မနေ့က တရားဝင်တင်ထားတာနဲ့ ပတ်သက်လို့ အားပေးထောက်ခံကြတဲ့ ပရိတ်သတ်တွေရှိသလို မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ ကိုက်ညီမှု မရှိဘူး ဘာညာစသဖြင့် ပြောဆိုဝေဖန်နေကြပါတော့တယ်။
ဒီလို အခြေအနေမျိုးဖြစ်လာမယ်ဆိုတာ မော်ဒယ်လ်ဖြစ်သူ အောန်ဆိုင်းက ရိုက်ကူးစဉ်ကတည်းက ကြိုတင် တွက်ချက်မိတယ်ထင်ပါရဲ့။ အဲ့ဒီကာဗာဓာတ်ပုံကို ထိုင်းနိုင်ငံဘန်ကောက်မှာ သွားရောက်ရိုက်ကူးစဉ် ကတည်းက သူမရဲ့ အခုလိုရိုက်ကူးမှုအပေါ်ကို ပရိတ်သတ်တွေ နားလည်ပေးကြဖို့ ဗီဒီယိုဖိုင်နဲ့ ရိုက်ကူးပြီး ကြိုတင်ပြောဆိုတောင်းပန်ခဲ့တာပါ။ အဆိုပါ တောင်းပန်ထားတဲ့ ဗီဒီယိုဖိုင်ထဲတွင် မော်ဒယ်လ် အောန်ဆိုင်း ပြောဆိုတောင်းပန်ထားတာကို ဖော်ပြလိုက်ပါတယ်။
“အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့ရိုက်တဲ့ဟာက အမြဲတမ်းမြင်နေကျပုံစံမျိုးမဟုတ်ဘူး။ နည်းနည်းထူးခြားတယ်။ ဒီက Professional ဓာတ်ပုံဆရာ၊ နာမည်ကြီးဓာတ်ပုံဆရာ၊ Stylist ၊ ပြီးရင် မြန်မာပြည်နိုင်ငံက နာမည်ကြီး ဒီဇိုင်နာ အလတ်ရဲ့ဝတ်စုံနဲ့ပေါ့နော်။ Setting က အစ ဝတ်တဲ့အဝတ်အစားကအစ အားလုံး ထူးခြားတယ်။ အဲ့တော့ အောန်ဆိုင်းကြိုပြီး ပရိတ်သတ်ကို နားလည်ပေးဖို့ တောင်းဆိုချင်တယ်။ မြင်နေကျပုံစံမျိုးမဟုတ်ဘူးပေါ့နော်။ အောန်ဆိုင်းကလည်း ဒီ shoot ကို အခွင့်အရေးတခုလို့မြင်တယ်။ အမြဲတမ်းလည်းလိုချင်တယ်။ ဒီလိုအခွင့်အရေးမျိုးကိုပေါ့နော်။ တခြားနိုင်ငံက နာမည်ကြီး professional တွေနဲ့တွဲပြီး အလုပ်လုပ်ချင်တယ်။ အခု လုပ်ခွင့်ရတယ်။ ဒီ POSH မဂ္ဂဇင်း ကိုလည်း ကျေးဇူးတင်တယ်။ ထွက်လာတဲ့အချိန်မှာ နားလည်ပေးပါ။ ပြီးရင် ဘောင်ခတ်ပြီး မကြည့်ပါနဲ့လို့။ ဘာကြောင့်လည်း ဆိုတော့ ဒါကျမတို့ရဲ့ Step 1 ပေါ့နော်။ နောက်ပိုင်းကျရင်လည်း ပိုပြီး မြင်နေကျပုံစံမဟုတ်တဲ့ဟာတွေလည်း အများကြီးလည်းထပ်လာဦးမယ်လို့။ အားလုံးကိုလည်း ကျေးဇူးတင်တယ်။ POSH မဂ္ဂဇင်းကိုလည်း အားပေးပါ။ အောန်ဆိုင်းကိုလည်း အများကြီး နားလည်ပြီး အားပေးပါလို့။ ကျေးဇူးတင်ပါတယ်ရှင့်။” လို့ သူက ပြောဆိုထားပါတယ်။
မော်ဒယ်လ်အောန်ဆိုင်းရိုက်ကူးထားတဲ့ ယခုမတ်လကုန်တွင်ထွက်ရှိလာမယ့် POSH magazine-Myanmar ရဲ့ ကာဗာဓာတ်ပုံတွင် အောန်ဆိုင်းနဲ့အတူ နိုင်ငံခြားမော်ဒယ်လ် Nathan ကပါဝင် သရုပ်ဆောင်ပေးထားပြီး ဒီဇိုင်နာ Ahlatt Lumyang ၊ ဓာတ်ပုံ Termsit ၊ စတိုင် Telm ၊ မိတ်ကပ် Andi soon၊ ဆံပင် Cherrie ၊ နဲ့ Hair piece FLY NOW Thailand တို့ဖြစ်ကြပါတယ်။
၂၀၁၃ ခုနှစ်ကတည်းက စတင်ထွက်ရှိလာတဲ့ POSH magazine-Myanmar ဟာ ထိုင်းနိုင်ငံဘန်ကောက် အခြေစိုက် Lifestyle မဂ္ဂဇင်းတစောင်ဖြစ်ပြီး အင်္ဂလိပ်ဘာသာရော မြန်မာဘာသာနဲ့ပါ ထွက်ရှိပါတယ်။
POSH magazine-Myanmar ကာဗာဓာတ်ပုံ ရိုက်ကူးမှုနဲ့အတူ မော်ဒယ်လ် အောန်ဆိုင်း တောင်းပန်ထားတဲ့ ဗီဒီယိုဖိုင်ကို ဧရာဝတီပရိတ်သတ်တွေ ကြည်ရှုနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။