ကရင်တိုင်းသား နိုင်ငံရေး ပါတီ ၅ ပါတီ ပေါင်းစည်းရေး အတွက် အခြေခံ မူကြမ်း ရေးဆွဲနေကြောင်း သိရသည်။
ကရင်ပါတီ ၅ ပါတီမှ ပါတီတခုလျှင် ကိုယ်စားလှယ် ၆ ဦးစီဖြင့် လူ ၃၀ ပါဝင်သော ကရင် နိုင်ငံရေးပါတီများ တပါတီတည်း ပေါင်း စည်းရေး ကော်မတီက ရေးဆွဲနေခြင်း ဖြစ်သည်ဟု ကရင် အမျိုးသားပါတီ(KNP) အတွင်းရေးမှူး(၁) ဦးမန်းမြင့်စိုးက ပြောသည်။
တပါတီတည်း ပေါင်းစည်းရေး ကော်မတီ ကို ၆ ကြိမ်မြောက် အစည်းအဝေး ဖြစ်သော ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်တွင် ဖွဲ့စည်း ခဲ့ပြီး ယင်း အစည်းအဝေးမှ အခြေခံမူဝါဒ အကြမ်း ၃၂ ချက် ထွက်ပေါ်လာခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။
ရရှိလာသည့် အခြေခံမူကြမ်းကို အချောသတ် ရေးဆွဲရေးအတွက် တပါတီ ၂ ယောက်နှုန်း တာဝန်ယူကာ လာမည့် ဧပြီလတွင် ဆက်လက် ဆွေးနွေးမည်ဖြစ်ပြီး မေလ တတိယပတ်ခန့်တွင် လူ ၃၀ ပါ ကော်မတီဝင်အားလုံး တွေ့ဆုံ၍ ပါတီ၏ အမည်၊ တံဆိပ်၊ အလံနှင့် ဗဟိုကော်မတီများ ဖွဲ့စည်းရန် တို့ကို တဖြည်းဖြည်းချင်း ဆက်လက်ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း၊ တနှစ်အတွင်း ပေါင်း စည်းရေး ဖြစ်မြောက်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
တပါတီတည်းအဖြစ် ပေါင်းစည်းမည့် ကရင်ပါတီများမှာ ကရင်ပြည်သူ့ပါတီ (KPP)၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီ (PSDP)၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KSDDP)၊ ကရင် အမျိုးသား ပါတီ (KNP)၊ ကရင် ဒီမိုကရက်တစ် ပါတီ (KDP)တို့ဖြစ် သည်။
ယင်းသို့ ပေါင်းစည်းရန် အတွက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကျင်းပပြီး နောက်ပိုင်း ဒီဇင်ဘာလ အတွင်းက စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။
တပါတီတည်း ပေါင်းစည်းကြမည့် ကရင် နိုင်ငံရေးပါတီများ အနေဖြင့် ပေါင်းစည်းပြီးနောက်ပိုင်း မည်သည့်နိုင်ငံရေးပါတီ အစုအဖွဲ့နှင့် ဆက်လက် မဟာမိတ်ဖွဲ့မည် ဆိုသည်ကလည်း စိန်ခေါ်မှုတခုဖြစ်ကြောင်း ပေါင်းစည်းမည့် ကရင်ပါတီများက ပြောသည်။
“ဒီနိုင်ငံမှာ ပါတီအစုအဖွဲ့ UNA၊ FDA၊ NBF ရယ် ၃ ခုရှိတယ်။ ကရင်ပါတီ ၅ ခုက အဲဒီ ၃ ခုမှာ အားလုံးတမျိုးစီ တမျိုးစီ ပါသွားကြ တယ်။ အကယ်၍ ပါတီတခုတည်း ဖွဲ့ပြီးရင် ဘယ်ကိုသွားမယ် ဆိုတာကတော့ ဘာမှမလုပ်ရသေးဘူး။ အဲဒါကလည်း စိန်ခေါ်ချက်ကြီး တခုဖြစ်လာနိုင်တာပေါ့။ ရခိုင်လည်း အဲဒါခွကျနေပြီမလား”ဟု ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီ ဒု ဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုး က ဧရာဝတီသို့ ပြောသည်။
၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပါတီများဖြင့် ဖွဲ့စည်းထားသည့် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့(UNA)တွင် ကရင်အမျိုးသား ပါတီ(KNP)၊ ၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီ၂၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့် ညီနောင် တိုင်းရင်းသား ပါတီများဖက်ဒရေးရှင်း(NBF)တွင် ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီ(PSDP)၊ နိုင်ငံရေးပါတီ ၁၁ ပါတီဖြင့် ဖွဲ့စည်းထားသည့် ဖက်ဒရယ် ဒီမိုကရေစီ မဟာမိတ် (FDA)တွင် ကရင်ပြည်သူ့ပါတီ (KPP)နှင့် ကရင် ဒီမိုကရက်တစ် ပါတီ(KDP) တို့က အသီးသီး မဟာမိတ်ဖွဲ့ထားကြောင်း သိရသည်။
ကရင်ပါတီများ၏ အခြေခံမူမှာ ဖက်ဒရယ်မူဖြစ်သည့်အတွက် အစုအဖွဲ့ ၃ ခုစလုံး၏ ဖက်ဒရယ်နှင့်ပတ်သက်သည့်မူကို ကြည့်ကာ မည်သည့်မူကိုရွေးချယ်ပါက ကရင်တိုင်းရင်းသားများအတွက် ပိုမိုအကျိုးရှိမည်ဆိုသည်ကို အကြေအလည် ဆွေးနွေးပြီးမှသာ ဆက် လက် လက်တွဲမည့် မဟာမိတ်ကို ရွေးချယ်ရမည်ဖြစ်ကြောင်း ကရင် အမျိုးသားပါတီ အတွင်း ရေးမှူး(၁) ဦးမန်းမြင့်စိုးက ရှင်းပြသည်။
“အခုမူဝါဒပိုင်းကို ကြေကြေညက်ညက်ဖြစ်အောင် အပြန်အလှန်ဆွေးနွေးကြပြီးတော့မှ တယောက်နဲ့တယောက် နားလည်မှုရှိအောင် ညှိနှိုင်းကြရတယ်။ တပါတီတည်း ပေါင်းစည်းပြီးပြီဆိုရင် မဟာမိတ် ၃ ခုထဲက တခုခုတော့ဝင်ရမယ်လေ။ ရခိုင် ၂ ပါတီရဲ့သင်ခန်းစာ လည်းရှိတော့။ အဲဒါလည်း အကြိတ်အနယ်တော့ ဆွေးနွေးရမှာပဲ”ဟု ၎င်းက ပြောသည်။
၁၉၉၀ ရွေးကောက်ပွဲဝင် ရခိုင်အမျိုးသား ပါတီ(ANP)သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလက UNA နှင့် မဟာမိတ်ရပ်စဲကြောင်း ဆုံးဖြတ်ကြေညာခဲ့ရာ ယင်းဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်(ALD)နှင့် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) နှစ်ပါတီတို့အကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လျက်ရှိခြင်းနှင့်ပတ်သက်၍ ထိုသို့ပြောဆိုခြင်းဖြစ်သည်ဟု ဆိုသည်။
၁၉၉၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ALD နှင့် ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် RNDP တို့ကို ၂၀၁၄ ခုနှစ်တွင် ပူးပေါင်းဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ပါတီ ၂ ခု မပေါင်းစည်းမီက ALD သည် UNA တွင် ပါဝင်ခဲ့ပြီး RNDP သည် NBF တွင် ပါဝင်ခဲ့ ကြောင်း သိရသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲ၌ ကရင်ပြည်နယ်အတွင်းရှိ လွှတ်တော် အသီးသီး မဲဆန္ဒ နယ်များတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီက မဲဆန္ဒနယ်ပေါင်း ၂၉ နေရာဖြင့် အများဆုံးအနိုင်ရရှိခဲ့ပြီး ကရင် နိုင်ငံ ရေး ပါတီများတွင် ကရင်ပြည်သူ့ပါတီ(KPP) တပါတီသာ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် တနေရာ အနိုင်ရရှိခဲ့သည်။