Lifestyle

အဖေများနေ့နဲ့ ဖေဖေ စည်သူလွင်

This article has been converted from Zawgyi One to Unicode

မနက်ဖြန်ဟာဆိုရင် ကမ္ဘာတဝှမ်းလုံးက “အဖေများနေ့” ရယ်လို့သတ်မှတ်ထားတဲ့ နေ့ရက်တရက်ပါ။ “အမေများနေ့” ကို ဂုဏ်ပြုသလို အဖေများနေ့ကိုလည်း ဂုဏ်ပြုကြတာပါ။ ဒါကြောင့် အဖေကို သူရဲကောင်းအဖြစ်သတ်မှတ်ထားပြီး ကိုယ်တိုင်လည်း အဖေတယောက်ဖြစ်တဲ့ အဆိုတော်စည်သူလွင်ကို သူ့ရဲ့ အဖေတယောက်အပေါ် ခံစားချက်နဲ့ အဖေတယောက်ရဲ့ခံစားချက်တွေကို ဧရာဝတီ သတင်းထောက် ယုမွန်ကျော်က မေးမြန်းထားပါတယ်။

မေး။ ။ကိုစည်သူလွင်ရဲ့ အဖေနဲ့ပတ်သတ်တဲ့ ခံစားချက်တွေကို သိချင်ပါတယ်။

ဖြေ။ ။ကျနော်က အရွယ်ရောက်ပြီးအချိန်ကစပြီး ဖေဖေနဲ့ တော်တော်ကို ရင်းရင်းနှီးနှီးကိုနေဖြစ်တယ်။သ့ူကို လေးစားတယ်၊ ချစ်တယ်။ အဲဒီအပြင် အနုပညာနဲ့ဆိုင်တဲ့ သဘောတရားတွေ ဆွေးနွေးလို့ရတဲ့ မိတ်ဆွေ တယောက်လိုမျိုးလည်း ခံစားရတယ်။ ဘယ်လိုအကြောင်းအရာမဆို အဖေကို ပွင့်ပွင့်လင်းလင်းနဲ့ ပိုပြောဖြစ်တယ်။ ယောက်ျားလေး အချင်းချင်းဆိုတော့ အဖေကလည်း ယောက်ျားလေးစိတ်ကိုနားလည်တယ်။ အမေက တခါတလေကျရင် စိုးရိမ်တဲ့စိတ်က ပိုများနေတာလေ။ အခုကျတော့ ကိုယ်တိုင်က သားလေးရလာတော့ အဖေနေရာကိုရောက်လာပြီလေ။ အဖေနေရာကိုရောက်လာတော့ အရင်တုန်းက အဖေပေါ်မှာ သိပ်နားမလည် သေးတဲ့အရာတွေကို ပိုပြီးတော့ နားလည်လာတယ်။ အဖေတယောက်ရဲ့ ခံစားချက်ကို အခုမှ ပီပီပြင်ပြင် ပိုသိလာတယ်။ ကျနော့်သားက အခုမှလေးနှစ်ခွဲ၊ ဒါပေမယ့် သူနဲ့ ကျနော်ရဲ့ ကြားကဖြတ်သန်းမှုက အဲ့လောက်ပဲ ရှိသေးပေမယ့် နှစ်ယောက်ကြားက ဖြတ်သန်းမှုအတွေ့အကြုံ အများကြီးပဲ။ အဖေက ကျနော်ကို ဒီအရွယ်ထိ စောင့်ရှောက်လာခဲ့တာဆိုတော့ အဖေနဲ့ကျနော်ရဲ့ကြား ဖြတ်သန်းမှု ခံစားမှုက ဘယ်လောက်တောင်များ လိုက်မလဲပေါ့။ အဖေကို ပိုပြီးတန်ဖိုးထားလာတယ်။

မေး။ ။ကိုယ့်အဖေဆီက ဘယ်အချက်တွေကို အတုခိုးပြီး နေထိုင်ဖြစ်လဲ။

ဖြေ။ ။အဖေက အဓိက အေးအေးချမ်းချမ်းပဲ သူနေတာများတယ်။ သူ့ဘဝဖြတ်သန်းတဲ့ ပုံစံက မိသားစုနဲ့ပဲ ဖြတ်သန်းတယ်။ ဟိုဟာလိုချင်တယ် ဒီဟာလိုချင်တယ်ဆိုပြီး လိုချင်တပ်မက်မှုမရှိဘူး။ သူ့အနုပညာ အလုပ်လေး လုပ်နေရပြီး မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်နေနေရရင် သူကျေနပ်တယ်။ အဲဒီစိတ်လေးကို အဖေဆီက အတုယူဖြစ်တယ်။ နောက်ပြီးကျတော့ အဖေက စနစ်ကျတယ်၊ စေ့စပ်သေချာတယ်။ သေချာတွေးခေါ်သုံးသပ်တယ်။ အဲဒါတွေက ကောင်းတဲ့အချက်တွေပေါ့။ အဖေက စာလည်း သိပ်ဖတ်တယ်၊အဲဒီအချက်တွေကို သဘောကျတယ်။ အတုလည်းယူဖြစ်တယ်။ နောက်တခုက အဖေ့ဆီက အစိုးရိမ်ကြီးတာတွေလည်း ကျနော်ဆီကို ကူးစက်တယ်။ အလုပ်တခုခုမလုပ်ခင် သေချာကိုစဉ်းစားပြီးမှ လုပ်ဖြစ်တော့တယ်။ အရင်က အဖေစိတ်ပူရင် သိပ်နားမလည်ဘူး။ အခု ကိုယ့်သားလေးရှိတော့ စိတ်ပူတာကို သေချာနားလည်လာတယ်။ အဖေလည်းဒီလိုစိတ်ဖြစ်တာပဲ ဆိုပြီးတော့ပေါ့။

မေး။ ။ကိုယ့်သားသမီးကိုရော ဘယ်လိုဆုံးမဖြစ်လဲ၊ ရိုက်ပြီး ဆုံးမတာမျိုးရော ရှိပါလား။

ဖြေ ။ ။ဒီဘက်ခေတ်နဲ့အရင်ခေတ်နဲ့မတူတော့တာက အရင်က အဖေတွေဆိုရင် သားသမီးတွေက ကြောက်ရတယ်။ အခုခေတ်က အဖေတွေက သားသမီးကို ပိုအလိုလိုက်သလိုပါပဲ။ ကျနော်ကိုယ်တိုင်ပါပဲ။ သားဆိုရင် ကျနော့်ကို မေးတယ်။ ပါးပါး သွေးကြောဆိုတာ ဘယ်လိုမျိုးလဲ၊ဘာဖြစ်တာလဲ မေးရင် ကျနော်သူကို စိတ်ရှည်လက်ရှည်နဲ့ ဘယ်လိုဆိုတာ လူကြီးတယောက်လို ပြန်ရှင်းပြဖြစ်တယ်။ သူကလည်း သေချာလိုက်မှတ်တယ်။ နောက် တခုခု ဆိုရင်လည်း သားမလုပ်သင့်ဘူး ဆိုတာကို အကျိုးသင့်အကြောင်းသင့်ရှင်းပြတယ်။ ဒါလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတာကို သူကို သေချာပြောပြတယ်။ ဆုံးမတဲ့အခါ သူ့ကို အရင်နားလည်အောင် ရှင်းပြပြီး ပြောဆိုတယ်။ ပြောမရတဲ့အခါ ဆိုရင်တော့ သူရဲ့ခြေထောက်လေး လက်လေးတွေကို ရိုက်ပြီး ဆုံးမဖြစ်တဲ့အခါလည်းရှိပါတယ်။ ဒါပေမယ့် များသောအားဖြင့် သူကို ပြောဆိုပြီး နားလည်အောင် ရှင်းပြ ဆုံးမတာ များပါတယ်။ အခုခေတ် ကလေးတွေက ကျနော့် ကလေးဆိုရင် လေးနှစ်ခွဲ ဒါပေမယ့် သူ ကျနော်ကိုပြောတဲ့စကား၊ သူတွေးတာက ကျနော်တို့တုန်းက ဆယ်နှစ်သား အရွယ် အတွေးစကားတွေ ဖြစ်နေတယ်။ တော်တော်သိကြတယ်။အခုဆိုရင် ကလေးက အကုန်ကိုသိနေတာ။

စည်သူလွင်နဲ့ သူရဲ့ သားလေး
စည်သူလွင်နဲ့ သူရဲ့ သားလေး (ဓာတ်ပုံ – စည်သူလွင် ဖေ့စ်ဘုတ်မှ)

မေး။ ။ကလေးအပေါ် ဖြစ်စေချင်တဲ့ ကိုစည်သူလွင်အနေနဲ့ အဖေတယောက်ရဲ့ ဆန္ဒက ဘာလဲ။

ဖြေ ။ ။ယောက်ျားတယောက်ဆိုတာ အချိန်တန်ရင် ကိုယ့်ခြေထောက်ပေါ် ကိုယ်တည်နိုင်ရမယ်၊ ကိုယ့်မိသားစုကို ဦးဆောင်နိုင်ရမယ်။ သူကို တချိန်မှာ အဲလိုဖြစ်စေချင်တယ်။ နောက်ပြီး အဖေတယောက်အနေနဲ့ နောက်ကနေ သူ ဝါသနာပါတာကို ထောက်ပံ့ပေးမယ်။ တခါတလေသူလမ်းကြောင်းလွဲခဲ့ရင် ကိုယ်ကပြောပြပြီး တည့်မတ်ပေးရမှာပေါ့။ အဓိက သူဝါသနာပါတာကိုလုပ်ခွင့်ပေးမှာပါ။ အနုပညာဆိုရင်လည်း အနုပညာလုပ်ခွင့်ပေးမှာပါ။ နောက်တခုက ကိုယ်က မိဘနေရာကို ရောက်လာတော့ သူတို့ကို ကိုယ့်တုန်းကလို မရုန်းကန်စေချင်ဘူး။ မိဘတယောက်အနေနဲ့ လမ်းကြောင်းလေး လုပ်ပေးချင်တယ်။ ဒါဆို သူတို့လျှောက်ရတာ အဆင်ပြေမယ်လို့ ထင်မိတယ်။

မေး။ ။စားဝတ်နေရေးအတွက် မိသားစုအပေါ် အချိန်မပေးနိုင်ဘဲ အပြင်မှာပဲ ငွေကြေးရှာနေရတဲ့ ဖခင်တွေ ဒီဘက်ခေတ်မှာ ပိုများလာပါတယ်။ သားသမီးတွေကိုလည်း ဆုံးမဖို့ အချိန်မပေးနိုင်သလို ငွေရေးကြေးရေးကိုလည်း ပြည့်စုံကြွယ်ဝအောင်ထားဖို့ အခက်အခဲ ရှိနေတဲ့ ဖခင်တွေလည်းအများကြီးပါ။ အဲ့ဒီလို မိသားစုတွေအတွက် ဘာများပြောချင်ပါလဲ။

ဖြေ။ ။ဒါက တယောက်နဲ့တယောက် ရပ်တည်ပုံချင်းမတူဘူးပေါ့။ ကျနော်ကတော့ သားသမီးတွေက အဖေအပေါ် ဒီလိုစိတ်မျိုးမထားစေချင်ပါဘူး။ကျနော်က အခုချိန်မှာ အိမ်ထောင်ဦးစီးတယောက်အနေနဲ့ ခံစားကြည့်တာပါ။ ဖခင်တယောက်ဆိုတာ အိမ်ထောင်ဦးစီးပါပဲ။ ကျနော်လည်း ကိုယ်တတ်နိုင်သလောက် ကိုယ်စွမ်းရှိသလောက်၊ ဉာဏ်စွမ်းရှိသလောက်ကြိုးစားတာပါပဲ။ဘာကြောင့်လည်းဆိုတော့ ကိုယ့်ရဲ့ မိသားစုအတွက် ကိုယ့်ရဲ့ သားသမီး အတွက်ဖြစ်နေတဲ့အတွက်ကြောင့် အဆင်ပြေအောင် အကောင်းဆုံးကြိုးစားခဲ့တာချည်းပါပဲ။အဆင်မသင့်လို့ အဆင်မပြေလို့ ကိုယ်မလုပ်ပေးနိုင်တဲ့အခါမျိုးသာ ရှိရင်ရှိမယ်။ကြိုးစားအားထုတ်မှုအပိုင်းမှာ အဖေတယောက်က လျော့ကို မလျော့ပါဘူး။ကိုယ့်သားသမီးနဲ့ ကိုယ့်မိသားစုကို ချစ်တတ်တဲ့သူတွေချည်းပါပဲ။သူတို့က ကိုယ့်မိသားစုနဲ့ ကိုယ့်သားသမီးတွေအတွက် အမြဲကြိုးစားနေတဲ့သူတွေချည်းပါပဲ။ လူဆိုတာ အမျိုးမျိုးရှိပါတယ်။ ဘဝမှာ အောင်မြင်တဲ့ သူတွေလည်း ရှိတယ်။ မအောင်မြင်တဲ့သူလည်း ရှိတယ်။အဆင်ပြေတဲ့သူလည်း ရှိတယ်။ အဆင်မပြေတဲ့ သူလည်း ရှိတယ်။ အဲဒီအဆင်မပြေမှုတခုက ကိုယ်ရဲ့လက်ရှိဖြစ်နေတဲ့ အနေအထားတခုကြောင့်သာ ဖြစ်ပါတယ်လို့၊ အဖေတွေကို အဖေကြောင့်ဖြစ်တယ်ဆိုပြီး လက်ညိုးတော့ မထိုးစေချင်ပါဘူး။ လူဆိုတာကတော့ အမျိုးမျိုးပေါ့လေ ဆိုးတဲ့သူလည်း ရှိချင်ရှိမှာပဲ။ မိသားစုကိုမကြည့်ဘဲ သူ့ဘာသာ တကိုယ်ကောင်းဆန်တဲ့သူလည်း ရှိကောင်း ရှိနိုင်မယ်။ ဒါပေမယ့် ဒါက ရာခိုင်နှုန်းအနေနဲ့ တွက်ရင် အနည်းလေးဖြစ်ပါလိမ့်မယ်။ ကျနော်ထင်ပါတယ် တစ်ရာမှာ ကိုးဆယ် လောက်က မိသားစုကို ချစ်ပြီး မိသားစုကို လုပ်ပေးချင်တဲ့ အဖေချည်းပါပဲ။

Loading