အသက်ရှည်ခြင်း ကျန်းမာခြင်းနဲ့ ပြည့်စုံသော အပြာရောင်နယ်မြေလို့ ဆိုနိုင်တဲ့ ဘလူးဇုန် (Blue Zone) ကို ၂၀၀၄ ခုနှစ်က ဒန် ဘတ်တနား (Dan Buettner) ဆိုတဲ့ ပုဂ္ဂိုလ်က National Geographic မဂ္ဂဇင်းနဲ့ ပူးပေါင်းပြီး ကမ္ဘာမှာ အသက်ရှည်ရာ အနာမဲ့ကြောင်း အစားအသောက်နဲ့ နေထိုင်မှုပုံစံ ကျိုးကြောင်း ဆက်သွယ်ချက်ကို သုတေသန ပြုရာကနေ စတင်ထူထောင်ခဲ့တာပါ။ ဘလူးဇုန်မှာ ရှိနေတဲ့ လူတွေရဲ့ သက်တမ်းက ၁၀၀ အထိ ရှည်တာ တွေ့ရပြီး၊ အမေရိကန်နိုင်ငံက အသက်ရှည်တဲ့ အရေအတွက်ထက် ၁၀ ဆတောင် ပိုများတယ် လို့ ဆိုပါတယ်။
ဒန် ဘတ်တနားနဲ့ National Geographic မဂ္ဂဇင်းတို့ဟာ ကမ္ဘာပေါ်က သက်ရှည် ကျန်းမာ ဘလူးဇုန် နေရာ ၅ ခုကို ပဏာမ ရွေးထုတ်ပြီး သုတေသနပြု သိပ္ပံပညာရှင်တွေကို အဲဒီဒေသတွေဆီ စေလွှတ်ကာ သက်ရှည်ကျန်းမာခြင်း အကြောင်း လေ့လာစေပါတယ်။ အဲဒီမှာ သူတို့ တွေ့ရှိရတာက ဘလူးဇုန်မှာ နေထိုင်ကြသူတွေဟာ အခြေခံအားဖြင့် တူညီတဲ့ အချက် ၉ ချက်ဖြစ်ပြီး အဲဒီ အချက်တွေကို ပါဝါ ၉ လို့ အမည်ပေးပါတယ်။
နောက်ပိုင်းမှာ ဒန် ဘတ်တနားက ဘလူးဇုန်အကြောင်း စာရေးသားထုတ်ဝေခဲ့ရာက နယူးယောက်တိုင်းမ်ရဲ့ အရောင်းရဆုံး စာရင်းဝင် ဖြစ်သွားရသလို သက်ရှည်ကျန်းမာခြင်းရဲ့ စိန်ခေါ်မှု အသစ်တွေကို အမေရိကန် ပြည်သူများကြား ကျန်းမာရေးနဲ့ ပြည့်စုံစေတဲ့ စားသောက်နေထိုင်မှု ပုံစံကို သိမြင်သွားစေခဲ့ပါတယ်။
၂၀၀၉ ခုနှစ်မှာတော့ အမေရိကန် ပင်စင်စားများ အစည်းအရုံးနဲ့ အမေရိကန် ကျန်းမာရေး ဖောင်ဒေးရှင်းတို့နဲ့ပါ ပူးပေါင်းပြီး အခြေခံ အချက် ၉ ချက်ကို အသုံးပြုရေး ဟောပြောဆွေးနွေးတာတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအချက် ၉ ချက်က လူတွေရဲ့ ပျမ်းမျှသက်တမ်းကို ၂ နှစ်နဲ့ ၉ လ ပိုပြီး အသက် ရှည်စေတာကြောင့် တကယ့်အံမခန်းပါပဲ။
ဟားဗတ်တက္ကသိုလ်မှ ဝေါ်လတာ ဝီးလက်က “ကျနော်တို့ သက်ရှည်ကျန်းမာ ငြိမ်းချမ်းပြာနယ်မြေကို နိုင်ငံတဝှမ်း မြို့ကြီးတွေနဲ့ စီးပွားရေး လုပ်ငန်းကြီးတွေမှာ တိုးချဲ့ထူထောင်သွားမှာပါ ဖြစ်ပြီး ရည်ရွယ်ချက်က လူတွေကို အသက် ပိုရှည်ရှည် နေထိုင်နိုင်အောင်၊ ပိုမိုကောင်းမွန်တဲ့ ဘဝတွေ ထူထောင်နိုင်အောင် ကူညီသွားမှာပါ” လို့ ပြောပါတယ်။
အခုဆိုရင် အမေရိကန်နိုင်ငံမှာ သာမက ကမ္ဘာတဝှမ်း နိုင်ငံအများအပြားအထိ သက်ရှည်ကျန်းမာရေး အတွက် အစားအသောက်နဲ့ လူနေမှု ပုံစံတွေကို မျှဝေပေးနေပါတယ်။
ဘလူးဇုန် ကျန်းမာရေး အခြေခံမူ ၉ ချက်
ဘလူးဇုန်က ကမ္ဘာ့ အသက်အရှည်ဆုံး ပုဂ္ဂိုလ်တွေရဲ့ တူညီတဲ့ ကျန်းမာရေး အခြေခံမူ ၉ ချက်ကိုလည်း တင်ပြ မျှဝေ လိုက်ပါတယ်။ ထူးထွေဆန်းပြားတဲ့ အစားအသောက်တွေနဲ့ နေမှုပုံစံတွေလည်း မဟုတ်တာ တွေ့နိုင်သလို လူတိုင်း အလွယ်တကူ သိမြင်နေထိုင် စားသောက် နိုင်တာလည်း တွေ့နိုင်ပါတယ်။
၁။ သဘာ၀ အတိုင်း လှုပ်ရှားပါ
အသက်ရှည်သူတို့ဟာ အလေး မတာတွေ၊ မာရသွန် ပြေးတာတွေ၊ အားကစားရုံတွေမှာ လေ့ကျင့်ခန်းလုပ်တာတွေ လုပ်လေ့ မရှိကြပေမယ့် သဘာ၀ ပတ်ဝန်းကျင်နဲ့ အညီ နေထိုင်လှုပ်ရှားကြပါတယ်။ သူတို့ ဥယျာဉ်တွေ စိုက်ပျိုးကြပါတယ်။ ဒါပေမယ့် အိမ်ထဲမှာရော ခြံထဲမှာပါ စက်ပစ္စည်းတွေ မသုံးစွဲကြပါဘူး။
၂။ ရည်ရွယ်ချက်ထားပါ
အိုကီနာဝါ ကျွန်းသားတွေက Ikigai (အိကိဂါအိ) လို့ခေါ်ပါတယ်။ ‘ဘာကြောင့် မနက်ခင်းမှာ အိပ်ယာက နိုးလာသလဲ’ လို့ အဓိပ္ပါယ်ရပါတယ်။ ကိုယ့်ရဲ့ ရည်ရွယ်ချက်ကို သိနေခြင်းက ဘဝသက်တမ်း ၇ နှစ်စာ လောက် ပိုရှည်စေပါတယ်။
၃။ စိတ်ကို ဖြေလျှော့ပါ
စိတ်ဖိစီးမှုက အသက်အရွယ်နဲ့ ဆိုင်တဲ့ ရောဂါတိုင်းနဲ့ ဆက်စပ်နေတတ်ပါတယ်။ လူတိုင်းမှာ စိတ်ဖိစီးမှုတွေ ရှိတတ်ပြီး အဲဒီ စိတ်ဖိစီးမှုကို ပုံမှန်ဖြေလျှော့ပေးခြင်း မရှိကြပါဘူး။ အိုကီနာဝါ ကျွန်းသားတွေက သူတို့ရဲ့ ဘိုးဘေးတွေကို ပြန်လည် အမှတ်ရဖို့ နေ့စဉ် အချိန်အနည်းငယ်ပေး ဆုတောင်းတာတွေ လုပ်ကြပါတယ်။ အိုင်ကာရီယာ ကျွန်းက လူတွေကတော့ တရေးလောက် အိပ်ကြပါတယ်။
၄။ ၈၀ ရာခိုင်နှုန်း ဥပဒေ
အိုကီနာဝါ ကျွန်းသားတွေ ကတော့ သက်တမ်း နှစ် ၂၅၀၀ လောက်ရှိပြီ ဖြစ်တဲ့၊ “Hara hachi bu (ဟရ ဟချိဘု)” လို့ ခေါ်တဲ့ ကွန်ဖြူးရှပ် မန္တာန်ကို အစာမစားမီ ရွက်ဆိုလေ့ရှိပါသတဲ့။ အဲဒီ မန္တာန်က ၈၀ ရာခိုင်နှုန်း ဗိုက်ပြည့်သွားပြီ ဆိုရင် ဆက်မစားဖို့ တားမြစ်ထားပါတယ်။ ဆာလောင်မှု ပျောက်ကွယ်သွားခြင်းနဲ့ ဗိုက်ပြည့်ခြင်း တို့ကြားမှာ ကျန်နေတဲ့ ၂၀ ရာခိုင်နှုန်းက ကိုယ်ခန္ဓာ အလေးချိန် အတိုးအလျော့ ကွာခြားမှုလည်း ဖြစ်သွားနိုင်ပါတယ်။ ဘလူးဇုန်က လူတွေရဲ့ တူညီတဲ့ အချက်က အစားအသောက်ကို နေ့ခင်းပိုင်း ဒါမှမဟုတ် ညနေအစောပိုင်းတွေမှာ အနည်းငယ်သာ စားသောက်ကြတာ ဖြစ်တယ်။
၅။ ပဲမျိုးစုံစွာ စားသုံးပါ
ပဲနီလေး၊ ပဲဝါလေး၊ ပဲနက် အပါအဝင် ပဲအမျိုးမျိုးကို ရာကျော်ဘိုးဘွားတွေ အတွက် အဓိက ဓာတ်စာဖြစ်တယ်။ အသားကိုတော့ တလမှာ ၅ ခါလောက်သာ စားသုံးကြပါတယ်။
၆။ ယမကာ ပုံမှန်မှီဝဲပါ
ဝိုင် အပါအဝင် အရက်အနည်းငယ် ပုံမှန် မှီဝဲခြင်းကလည်း လုံး၀ မသောက်သုံးသူတွေထက် ပိုပြီး အသက် ရှည်စေပါတယ်။ အရက်ကို နေ့စဉ် ညစာ မစားမီ ၂ ပက်၊ ၃ ပက်လောက် သောက်သုံးခြင်းက အစာကြေ စေခြင်း၊ ကောင်းစွာ အိပ်စေခြင်း စတဲ့ ကောင်းကျိုးတွေ ဖြစ်စေပါတယ်။
၇။ အုပ်စုတူရာ နေထိုင်ပါ
ယုံကြည်စိတ်ချရပြီး အတွေးအခေါ် အယူဆတူညီတဲ့ လူ့အဖွဲ့အစည်း ဝန်းကျင်မှာ နေထိုင်တာကလည်း အသက်ရှည်စေတဲ့ အကြောင်းတခု ဖြစ်ပါတယ်။ သုတေသန မှတ်တမ်းတွေအရ တလမှာ ၄ ကြိမ်လောက် တွေ့ဆုံ ဆွေးနွေး ပြောဆိုခြင်းက ပျမ်းမျှ ၄ နှစ်ကနေ ၁၄ နှစ်လောက် အထိ အသက်ရှည်စေပါသတဲ့။
၈။ တဦးတယောက်ကို ချစ်မြတ်နိုးပါ
ဘလူးဇုန်က ရာကျော် သက်ရှည်ကျန်းမာတဲ့ ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ မိသားစု ဦးစားပေး ပထမအဆင့်မှာ ထားကြပါတယ်။ မိဘတွေ၊ ဘိုးဘွားတွေနဲ့ အတူနေခြင်း၊ အနီးအနားမှာ နေထိုင်ခြင်း ကလည်း အနာရောဂါကို ကင်းပ လျော့ကျစေပါတယ်။ ကလေးသေဆုံးမှု နှုန်းကို လျော့ကျစေတဲ့ အပြင် အသက် ၃ နှစ်လောက် ပိုရှည်စေတယ်လို့ ဆိုပါတယ်။
၉။ လူမှန်များနှင့် ပေါင်းဖော်ပါ
အမေရိကန်နိုင်ငံ၊ မန်ဆာချူးဆက်၊ ဖရာမင်ဂန်မြို့ရှိ Framingham Studies ရဲ့ သုတေသနပြုချက် အရ ဆေးလိပ် သောက်ခြင်း၊ အဝလွန်ခြင်း၊ ပျော်ရွှင်ခြင်းနဲ့ အထီးကျန် ခံစားရခြင်းတွေဟာ ကူးစက်စေတတ်တဲ့ ရောဂါတွေလို့ ဆိုပါတယ်။ ဒါကြောင့် သက်ရှည်ခြင်း ကျန်းမာခြင်းနဲ့ ပြည့်စုံချင် ရင်တော့ မကျန်းမာခြင်းကို ရစေနိုင်တဲ့ လူတွေကို ရှောင်ရှား ပေါင်းသင်းဖို့ လိုတယ် ဆိုတာ သိမြင်နိုင် ပါတယ်။