မြန်မာ-ဂျပန် ချစ်ကြည်ရင်းနှီးမှုကို ဖော်ဆောင်တဲ့ ဂျာနယ်ကျော် မမလေးရဲ့ သွေး ဝတ္ထု၊ ရဲမြလွင်ရဲ့ သေမင်းနှင့် လက်တကမ်းအလို (ဂျပန်ဘာသာပြန်) အပါအဝင် စာပေအတော်များများ ရှိပါတယ်။ သို့ပေမယ့် ရုပ်ရှင်ကား အနေနဲ့ အလွန်နည်းပါတယ်။ မကြာသေးခင် နှစ်များက ဂျပန်၊ မြန်မာ ပူးပေါင်းပြီး သွေး ဝတ္ထုကို ရုပ်ရှင်အဖြစ် အသက်သွင်း ဖန်တီးထားပေမယ့် ယနေ့အထိ ပြသခွင့် မရသေးပါဘူး။
ဂျပန် စာရေးဆရာကြီး “မီချီယို တာကဲရာမ ( Michio Takeyama)” ရေးတဲ့ Natto Wada ဆိုတဲ့ စာအုပ်ကလည်း ဂျပန်မြန်မာ ချစ်ကြည်ရင်းနှီးမှုကို ထင်ဟပ်ပြထားပါတယ်။ အဲဒီ စာအုပ်ကို ဒါရိုက်တာ “ကွန်အိချိကာဝါ (Kon Ichikawa)” က မြန်မာ အေဝမ်း ရုပ်ရှင်ကုမ္ပဏီရဲ့ အကူအညီနဲ့ ဗမာ့စောင်း (Biruma no tategoto) အင်္ဂလိပ်လို The Burmese Harp လို့ အမည်ပေးပြီး ၁၉၅၆ ခုနှစ်က ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့ပါတယ်။
သရုပ်ဆောင်တွေကတော့ ရီတာရို မိကုနိ (Rentarō Mikuni)၊ ရှိုဂျိယာဆူအိ (Shôji Yasui)၊ ဂျန်ဟာမာမူရာ (Jun Hamamura) တို့ ဦးဆောင်ပါဝင်ထား ပါတယ်။ အဲဒီ ဇာတ်ကားကို မုဒုံမြို့နယ်မှာ အခြေခံပြီး ရိုက်ကူးခဲ့တာပါ။ မြန်မာနဲ့ ဂျပန်တို့ရဲ့ စရိုက်လက္ခဏာကို ပေါင်းစပ်နှီးနွယ် ဖန်တီးတင်ပြထားတဲ့ ဗမာ့စောင်း ရုပ်ရှင်ဟာ စစ်ရဲ့ အနိဋ္ဌာရုံနဲ့ လူသားရဲ့ ဂုဏ်သိက္ခာကို ဖော်လှစ်ပြတဲ့ ရုပ်ရှင် ဇာတ်ကား ဖြစ်ပါတယ်။
မြန်မာပြည်နဲ့ ပတ်သက်ပြီး တခြားသော တိုင်းပြည်တွေက ရုပ်ရှင်အနုပညာနဲ့ ပုံဖော်ရိုက်ကူး မှတ်တမ်း တင်တာတွေကို ဂုဏ်ယူမိသလို၊ သူတို့ ဖန်တီးတဲ့ အနုပညာအပေါ်မှာလည်း စူးစမ်းချင်စိတ် ဖြစ်မိပါတယ်။ “ငါတို့ ဗမာတွေ အပေါ် သူတို့ ဘယ်လို ထင်သဲ၊ ဘယ်လို မြင်သလဲ၊ ဘယ်လို တင်ပြထား သလဲ” ပေါ့။ အခု ဒီဇာတ်ကားကို မသိမမီ လိုက်တဲ့ မျိုးဆက်တွေ အတွက် ဗဟုသုတရစေဖို့ ရည်ရွယ်တင်ပြလိုက်ပါတယ်။
“ဟိုးအဝေးက တိမ်တိုက်တွေကြားဝယ်၊ ဟိမဝန္တာ တောင်တန်းကြီးနဲ့ နှင်းကလေးတွေ ဖြူဖွေးနေတယ်၊ နှင်းတွေ ပျော်လို့ ရေတွေ စီးလာရင်ကွယ်၊ ငါတို့ကိုယ်ကို ရေချိုးသန့်စင်မယ်၊ ဟိုအဝေးက တနေရာဝယ်၊ မင်းရဲ့ နှလုံးသားက ပုန်းအောင်းနေတယ်၊ အေးစက်တဲ့ ရေတွေ စီးလာရင်ကွယ်၊ မောင့်အသည်းနှလုံးကို ဆေးကြောလိုက်ပါ့မယ်”
“အခု ဒီကနေပြီးတော့ ဟိမဝန္တာဆိုတဲ့ တောင်တန်းကြီးကို ခင်ဗျားမြင်ရလို့လား” ဆိုတော့ ဆံပင်တွေ ဖွာလန်ကြဲပြီး မုတ်ဆိတ်တွေ ဖွေးဖွေးဖြူနေတဲ့ ဗမာ အဘိုးအို ရွာသူကြီးက သီဆိုဖျော်ဖြေနေတဲ့ သီချင်းကို ရပ်လိုက်ပြီး “ဘယ်ကလာ ဒီကနေ မြင်ရမှာလဲ မာစတာရယ်၊ ရွာထဲမှာ ဟိမန္တာတောင်တန်းကို မြင်ဖူးတဲ့သူလည်း တယောက်မှ မရှိပါဘူး၊ ငယ်ငယ်တုန်းက နားထောင်ဖူးတဲ့ တရားစာတွေ၊ ပုံပြင်တွေထဲမှာ ကြားဖူးတာပါ” လို့ ရှင်းပြတော့မှ ဂျပန် စစ်ဗိုလ်က “သြော် … ဒီလိုပါလား” တဲ့။
ဒီလိုနဲ့ ကခုန်ပျော်မြူးနေတဲ့ သူတွေ (ဗမာတွေ) တယောက်ပြီး တယောက် ဖျတ်ကနဲ ဖျတ်ကနဲ ပျောက်ပျောက် သွားကြတယ်။ နောက်ဆုံး လမ်းပြပေးခဲ့တဲ့ စကားပြန် အဘိုးကြီးပါ မရှိတော့ဘူး။ အိမ်တံခါးတွေ လုံအောင်ပိတ်ပြီး နေလိုက်ကြတော့ ဂျပန်တပ်စုကလေးဟာ ပျော်ရွှင်နေတာတွေ ပျောက်ပြီး အထိတ်တလန့် ဖြစ်လာတယ်။
လျှိုမြှောင် ကျောက်နံရံကြီးရဲ့ ကမ်းပါးကနေ ခက်ခက်ခဲခဲ စိတ်ပျက်အားလျော့စွာ သွားနေကြရတဲ့ ဂျပန်တပ်စုလေးရဲ့ ပုံရိပ်နဲ့ ရုပ်ရှင်ကို စတင်ပါတယ်။ ရှေ့ခရီးဆက်ဖို့ အတွက် အန္တရာယ် ရှိ၊ မရှိကို သိလိုကြတဲ့အခါ ဗမာရုပ်ပေါက်ပြီး၊ အမြဲ စောင်းတီးကာ သီချင်းဆိုနေလေ့ရှိတဲ့ ဂျပန်စစ်သား “မီဇူရှီးမား” ကို ရှေ့ပြေးကင်းထောက် အဖြစ်လွှတ်ကြရတယ်။ ဂျပန် စစ်ယူနီဖောင်းကို ချွတ်၊ ဗမာပုဆိုးနဲ့ အင်္ကျီကို ဝတ်ကာ စောင်းကို ပိုက်ပြီး “ကျနော် ဗီယက်မာ လူမျောပါ (ကျနော် ဗမာလူမျိုးပါ) ခင်ဗျား” ဆိုတဲ့ စကားကို အတတ်နိုင်ဆုံး ပီသအောင် ပြောပြီး တောထဲကို ပြေးဝင်ပျောက်ကွယ် သွားရလေ့ ရှိတယ်။
ဂျပန်တပ်ဂိတ်နဲ့ မလှမ်းမကမ်း တောတွင်း တနေရာကနေ စောင်းကို ခပ်ကျယ်ကျယ်လေး တီးပြရတယ်၊ အန္တရာယ် ကင်းရှင်းတယ် ဆိုရင် “ရန်သူ မရှိဘူး၊ အေးဆေးပဲ ချီတက်ခဲ့ကြတော့” ဆိုတဲ့ တီးလုံးဂီတ သင်္ကေတကို တီးပြရတယ်၊ ဒီလိုနဲ့ ဗုဒ္ဓဘာသာဝင်တွေ နေထိုင်တဲ့ ရွာတရွာကို ရောက်လာခဲ့ကြရတယ်။
အခု ဒီရွာမှာ ထိတ်လန့်နေရပြီ။ ဘာပြုလို့လဲ ဆိုတော့ ဒီလိုအဖြစ်မျိုး ကြုံတိုင်း ရန်သူကဝိုင်းပြီး တိုက်ခိုက်ခြင်းခံရလေ့ ရှိတာကြောင့်ပါ။ ဟန်ကိုယ်ဖို့ ဆိုတဲ့ ဗမာစကားလို သူတို့ဟာ မှုန်ဝါးဝါးလရောင်အောင်မှာ လက်နက်တွေကို အသင့် အနေအထားနဲ့ ပြင်ဆင်ထားရင်း သီချင်းဆိုကြတယ်။
သူတို့ နားစွင့်နေတုန်းမှာပဲ တောတန်းထဲက အင်္ဂလိပ်စစ်သားတွေဆီက သူတို့ ဂျပန်တွေ သီဆိုနေကျ သီချင်းကို (မိဘဆွေမျိုးတွေကို လွမ်းတဲ့ သီချင်းကို) အင်္ဂလိပ်လို လိုက်ဆိုနေကြတဲ့ အသံ ကြားလိုက်ရတော့ သူတို့ဂျပန်တွေပါ ရောပြီး လိုက်ဆိုကြတော့တယ်။ အဲ့ဒီ ညမှာပဲ လွန်ခဲ့တဲ့ ၃ ရက်လောက်က ကမ္ဘာစစ်ကြီး ပြီးဆုံး သွားခဲ့တယ် ဆိုတာကို သူတို့ သိလိုက်ရတယ်။
အခြေအနေက တမျိုးပြောင်းသွားပြီ၊ သူတို့ တပ်စုကလေး လက်နက်ချလိုက်ကြတယ်၊ အုပ်ချုပ်သူ ဂျပန်စစ်ဗိုလ်က ဂျပန်ရဲဘော်တွေကို “ကဲ … ရဲဘော်တို့ ငါတို့ အားလုံး လက်နက်ချလိုက်ရပြီ၊ ဒီအကြောင်းတွေကို ဘယ်လို စဉ်းစား တွေးတောပြီး ဘယ်လို ဖြေသိမ့်ရမယ် ဆိုတာ ငါလည်း မသိဘူး။ အခုက စပြီး ရှေ့လျှောက်ဘာတွေ ဖြစ်လာဦး မလဲ ဆိုတာလည်း မသိနိုင်ဘူး၊ ငါတို့တွေကို ဘယ်အထိ ခေါ်သွားကြမယ်၊ ဘာတွေ လုပ်ကြမယ် ဆိုတာလဲ မသိရတဲ့ အပြင် ငါတို့ကို အသက်ရှင်ခွင့် ဆက်ပေးထားဦးမှာလား၊ မပေးဘူးလား ဆိုတာလည်း ခန့်မှန်းလို့ မရဘူး၊ လေယာဉ်ပေါ်ကနေ ကြဲချလိုက်တဲ့ ကျေညာစာတမ်းတွေ၊ သတင်းစာတွေ အရ ငါတို့ဂျပန်ပြည်ဟာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကို ခံရပြီး၊ နေရာအနှံ့ မီးလောင်ကျွမ်း ခံရတယ်၊ လူတွေအများကြီး သေကြေရပြီး အများကြီး ဒဏ်ရာအနာတရတွေ ဖြစ်ကြ ရတယ်၊ ငါတို့ ဂျပန်လူမျိုးတွေ ငတ်မွတ်ခေါင်းပါးတဲ့ အငတ်ဘေး ဆိုက်တာကိုလည်း ကြုံနေကြရတယ် လို့” ပြောတယ်၊ စကားဆုံးတော့ ဂျပန်စစ်သားတွေ ဝမ်းနည်းပူဆွေးစွာနဲ့ ငိုကြွေးကြတယ်။
နောက်တော့ သူတို့ ထင်ထားသလို မဟုတ်ဘဲ အင်္ဂလိပ်စစ်တပ်က အကျယ်ချုပ်သာ ချထားပြီး ကောင်းမွန်စွာနဲ့ တန်းတူထားကာ ဆက်ဆံတဲ့အတွက် သူတို့ စိတ်သက်သာရာရခဲ့ကြတယ်။ တံတားဆောက် လမ်းပြင်တာက လွဲလို့ သူတို့အတွက် ဆိုးဝါးတာ မရှိပါဘူး၊ ဒီလို အခြေအနေကြောင့် ဂျပန်စစ်ဗိုလ်က မြေပုံအညွှန်းအရ အခြား တနေရာတွေမှာ ရှိနေကြသေးတဲ့ ဂျပန်တပ်စုတွေ အတွက် စိုးရိမ်ပူပန်မှု ဖြစ်လာတယ်။
ခုလိုအခြေအနေ ရောက်မှတော့ ဂျပန်စစ်သားဘယ်သူ တဦးတယောက်ကိုမှ မသေစေချင်ဘူး။ အဆုံးရှုံး မခံလိုဘူး၊ သူတို့ကို ညှိနှိုင်း ပြောဆိုပြီး မိမိတို့ အုပ်စုလိုပဲ လက်နက်ချဖို့ ဖျောင်းဖျချင်တဲ့ အကြောင်း အင်္ဂလိပ် စစ်ဗိုလ်ကို ပြောတော့ ခွင့်ပြုချက် ရတယ်။ ဒီတော့ အဲ့ဒီနေရာတွေကို သွားဖို့ သင့်တော်တဲ့သူကို ကြည့်လိုက်တော့ “မီဇူးရှီးမား” ကိုပဲ တွေးရတယ်၊ မီးဇူးရှီးမားက ပေးလာတဲ့ တာဝန်အတိုင်း သွားမယ်လို့ လက်ခံ သဘောတူလိုက်တယ်၊ မီးဇူးရှီးမားက ငြင်းဆန်ခဲ့ရင် ဂျပန်စစ်ဗိုလ်ဟာ ကိုယ်တိုင်သွားဖို့ ဆုံးဖြတ်ထားတာပါ။
တယောက်နဲ့ တယောက် အပြန်အလှန် အလေးပြုပြီး စောင်းကိုလွယ်ကာ မြန်မာလူမျိုးတဦးလို မြန်မာဝတ်စုံနဲ့ အင်္ဂလိပ်စစ်ဗိုလ်ကို ခေါ်ဆောင်ကာ ထွက်ခွာသွားပါတယ်။ ဟိုရောက်တော့ ပုန်းအောင်းနေတဲ့ ဂျပန်တပ်စုတွေက မီဇူရှီးမားရဲ့ စကားကို နားမဝင် လက်မခံကြတဲ့ အပြင် မီဇူရှီးမားကိုပါ ဂျပန်လို့ မထင်ဘဲ မြန်မာသူလျှို တယောက်လို့ စွပ်စွဲကြတယ်။
အဲ့ဒီမှာတင် ထိုးကြကြိတ်ကြနဲ့ ဖြစ်ကုန်တယ်၊ အဲ့ဒီအချိန်မှာပဲ သတ်မှတ်နာရီ ကျော်လွန်တဲ့ အတွက်ကြောင့် အင်္ဂလိပ် စစ်တပ်က တိုက်ခိုက်လို့ အတုံးအရုံး ကျဆုံးကုန်ပါတယ်။ မီဇူးရှီးမားလည်း ကျည်ဆံထိမှန်ပြီး တောင်ကြား တနေရာ ကျောက်ကွဲတာတွေ ကြားမှာ မေ့မြောနေတာကို မြန်မာဘုန်းတော်ကြီး တပါးက ကယ်တင် စောင့်ရှောက်ကာ ဆေးဝါး ကုသပေးလို့ အသက်ချမ်းသာရာ ရပြီး သူလည်း သဘောကျကာ ခေါင်းတုံးရိတ်ပြီး သင်္ကန်းဝတ်လိုက်ပါတယ်။ သစ်ခုတ် သမားတဦး လှူတဲ့ ကြက်တူရွေးလေးကို ပုခုံးပေါ်တင်ပြီး သေဆုံးခဲ့ကြတဲ့ ဂျပန်စစ်သားတွေရဲ့ အလောင်းတွေကို မီးရှို့ရင်း၊ မြေမြှုပ်ရင်း လျှောက်သွားနေပါတယ်။ လွှတ်လိုက်မိတဲ့ ဂျပန်စစ်ဗိုလ်မှာလည်း သူ့ရဲ့ ဂျပန်ရဲဘော်တွေနဲ့ အတူ စိတ်လက် မချမ်းသာစွာနဲ့ နေ့စဉ်နေ့တိုင်း မီဇူရှီးမား တယောက် စောင်းကို ပိုက်ကာ ဘွားကနဲ ပြန်ရောက်လာနိုး ရောက်လာနိုးနဲ့ မျှော်လင့်နေကြပါတယ်။
သင်္ကန်းဝတ်ထားတဲ့ မီဇူးရှီးမားဟာ သူ့ရဲ့ အုပ်ချုပ်သူ ဂျပန်စစ်ဗိုလ်ကို ပေးဖို့ တနေ့တနေ့ စာတွေပဲ ရေးနေပါတယ်။ တနေ့မှာတော့ စစ်သုံးပန်းအဖြစ် အချုပ်ခံထားရတဲ့ ဂျပန်စစ်သားတွေကို သင်္ဘောနဲ့ တင်ပြီး အမိ တိုင်းပြည် ပြန်ပို့မယ့် အစီအစဉ် ဖြစ်ပေါ်လာပါတယ်။ သူတို့တွေ ပင်လယ်ကူး သင်္ဘောကြီးပေါ် တက်ခါနီးမှာ ဂျပန်လို ပြောတတ်တဲ့ ဗမာဈေးသည် အဖွားကြီးဆီက တဆင့် စာအိတ်ရှည်ကြီး နှစ်လုံးရောက်လာပါတယ်။ သင်္ဘောထွက်လို့ လူစုတဲ့ အခါမှာ ဂျပန်စစ်ဗိုလ်က ဖောက်ဖတ်ပြလိုက်တယ်။
“ကျနော့်အဖို့တော့ ဂျပန်ပြည်ကို ပြန်မလိုက်နိုင်တော့ပါဘူး၊ ခင်ဗျားတို့ လမ်းမှာ ဖျက်ကနဲ မြင်လိုက်ရတဲ့ ရဟန်း တပါးဟာ ကျနော် မီဇူးရှီးမားပါပဲ၊ ရဟန်းဝတ်နဲ့ ဗမာပြည်ရဲ့ နေရာ အနှံ့အပြားမှာ ပြန့်ကျဲနေတဲ့ ဂျပန်စစ်သား အလောင်းတွေ၊ အရိုးတွေကို မီးသင်္ဂြိုဟ် ရဦးမယ်၊ ခင်ဗျားတို့ စဉ်းစားကြည့်ပါ။ ထောင်သာင်းမက များလှတဲ့ ဂျပန် လူငယ်တွေကို အတင်းအဓမ္မ စုဆောင်းပြီး စစ်ထဲကို သွင်းခဲ့ကြတယ်၊ ပြီးတော့ စစ်ရှုံးဘဝနဲ့ သူတို့ အသတ်ခံရတယ်၊ သူတို့ အလောင်းတွေကို ခွေးစားစား ကျီးထိုးထိုး ဒီအတိုင်း ပစ်ထားခဲ့ကြတယ်၊ ဘယ်လောက် ရင်နာဖို့ ကောင်းလိုက် သလဲ၊ ဒါတွေကိုကျနော် ဒီအတိုင်း ပစ်မထားနိုင်ဘူး၊ တခုခု မလုပ်မချင်း ကျနော်ရဲ့ ခြေထောက်တွေကို ဒီမြေပေါ်က ခွာလို့ရမှာ မဟုတ်ဘူး၊ ဗမာ့မြေပေါ်မှာ သွေးသံရဲရဲတွေက နောက်ဆုံးတော့ ကျောက်အဖြစ် ကျန်ရစ်ခဲ့လိမ့်မယ်။ အားလုံးကို ချစ်တဲ့ မီးဇူရှီးမား ရဟန်း” တဲ့။
သင်္ဘောကြီးကတော့ တရွေ့ရွေ့။