ကျနော်တို့ တပ်ဆင် အသုံးပြုနေတဲ့ တာယာတွေပေါ်မှာ သတ်မှတ်စာသားတွေ ရေးသားထားပေးတတ်ပါတယ်။ ဒီစာသားတွေက တာယာတလုံးရဲ့ ခံနိုင်ဝန်နဲ့ သက်ဆိုင်ရာ ဖော်ပြချက်တွေပဲ ဖြစ်ပါတယ်။ လူအများစုကတော့ ဒီတာယာပေါ်က စာသားတွေ အကြောင်း ကောင်းကောင်း နားမလည်ကြပါဘူး။
တချို့က ကိုယ်တိုင် နောက်ထပ် တာယာအသစ် လဲချိ်န်မှာတောင် ဘယ်လို တာယာကို လဲရမယ် ဆိုတာ မသိကြပါဘူး။ တချို့ကတော့ တာယာပေါ်က စာသားတွေကို နားမလည်ပေမယ့် တာယာအသစ် လဲချိ်န်မှာ နောက်ဆုံး သုံးနေတဲ့ တာယာပေါ်က စာသားနဲ့ တူတဲ့ တာယာ အသစ်ကို ဝယ်ယူ လဲလှယ်ကြတာလည်း တွေ့ရပါတယ်။ ဟုတ်ပါပြီ၊ ဒါဆို တာယာပေါ်က စာသားတွေ အကြောင်းကို နားလည်အောင် ကြည့်ရအောင်ပါ။
အရင်ဆုံး ဥပမာ တခုပေးချင်ပါတယ်။ P 185/ 70 R14 83 H ဆိုတဲ့ စာတန်းကိုဥပမာ ပြောပါ့မယ်။ ရှေ့ဆုံးက P ကတော့ P-Metric တာယာ အမျိုးအစားကို ပြောတာပါ။ တကမ္ဘာလုံးဆိုင်ရာ စံစနစ်နဲ့ သတ်မှတ် ထုတ်လုပ်ထားတယ်လို့ ဆိုလိုရင်းပါ။ တကယ်လို့ တာယာမှာ 185/ 70 R14 83 H ဆိုပြီး ရေးသားထားပြီး P မပါဘူးဆိုရင်တော့ Euro-Metric စနစ်နဲ့ ထုတ်လုပ်ထားတာ ဖြစ်ပြီး ဥရောပ စံသတ်မှတ်ချက်နဲ့ အချိုးချ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
သူ့နောက်က စာလုံးဖြစ်တဲ့ 185 ကတော့ တာယာရဲ့ Width ကိုပြောတာ ဖြစ်ပါတယ်။ အဆိုပါ ပမာဏ အပေါ်ကို အခြေခံပြီး Width ကလည်း လျော့နိုင်၊ တိုးလာနိုင်ပါတယ်။ နောက်မှာ / ခံပြီး 70လို့ ဖော်ပြထားတာကတော့ Aspect Ratio ဖြစ်ပါတယ်။ သူ့ရဲ့ ပမာဏ မြင့်လေလေ တာယာက ပိုမြင့်လေလေ ဖြစ်ပါတယ်။ နောက်မှာ R14 ဆိုပြီး တဆက်တည်း ဖော်ပြချက်ကတော့ Diameter ပဲ ဖြစ်ပါတယ်။
မိမိရဲ့ ဒစ်ဝှီးအရွယ်အစားနဲ့ ကိုက်ညီမယ့် တာယာကို ရွေးချယ် ဝယ်ယူနိုင်စေဖို့ ဖြစ်ပါတယ်။ နောက်ဆုံးမှာ ဖော်ပြထားတဲ့ 83 ကတော့ Load Index Rating ပဲ ဖြစ်ပါတယ်။ အများစုကတော့ 83 အနေနဲ့ပဲ ထုတ်လုပ်မှု များပါတယ်။ သူ့ရဲ့ ခံနိုင်ဝန်က ပေါင် ၁၀၇၄ ဖြစ်ပြီးတော့ အိမ်စီး မော်ဒယ် အများစုမှာ တပ်ဆင် အသုံးပြုတဲ့ နှုန်းထား ထုတ်လုပ်မှုလည်း ဖြစ်ပါတယ်။
နောက်ဆုံးမှာ အက္ခရာ H ရှိပါတယ်။ သူကတော့ တာယာရဲ့ အမြန်ဆုံး မောင်းနှင် လည်ပတ်နိုင်မယ့် နှုန်း Speed Rating Symbol ပဲ ဖြစ်ပါတယ်။ တကယ်လို့ သင့် တာယာမှာ H ဆိုတဲ့စာလုံးပါရှိမယ် ဆိုရင်တော့ သင့်မော်ဒယ်ကို တနာရီ မိုင် ၁၃၀ နှုန်းထိအောင် မောင်းနှင်နိုင်မှာပဲ ဖြစ်ပါတယ်။
ဒီတော့ ခံနိုင်ဝန်ထက် ပိုမောင်းရင် တာယာပွင့်ထွက်နိုင်မယ်၊ သတ်မှတ် အမြန်နှုန်းထက် ကျော်မောင်းရင်လည်း တာယာကနေ အားနည်းချက် တခုခုဖြစ်ပြီး မတော်တဆမှု ဖြစ်လာနိုင်တယ် ဆိုတာကို တာယာပေါ်က စာသားတွေကို ဖတ်ထားရင်း အားဖြင့် ကြိုတင် ကာကွယ်နိုင်မှာပါ။