သေခြင်းတရားကို ပြက်ပြက်ထင်ထင် သူမြင်လိုက်ရပြီ။ ရုတ်တရက် ဇက်သတ်လိုက်သဖြင့် ပတတ်ရပ်နေသော မြင်းပေါ်၌ ရှင်သေမင်းရှိ၏။ လက်စွဲတော်ချွန်းသည် သူ့သွေးကို ဆာလောင်ဟန်ဖြင့် ညဉ့်၌ပင် ဖိတ်ဖိတ်လက်လက်။
အသက် ၁၆ နှစ်အရွယ် လူငယ်လေးတဦးသည် မကြာခင် သေဆုံးနိုင်ဖွယ် ရှိနေချေပြီ၊ သူ့ဦးနှောက်၌ အကျိတ်ရှိနေပြီတဲ့။ အနာဂတ်ဆိုသည်မှာ ဘာမျှ ရေရာနိုင်သည် မရှိတော့၊ ဘဝက သူ့ကို ငြင်းဆန်သည်ဆိုလျှင် သူကလည်း ဘဝကို ငြင်းဆန်လိုက်ရုံသာ။
Rick Genest ကို ၁၉၈၅ သြဂုတ်လ ၇ ရက်တွင် ကနေဒါနိုင်ငံ၊ ကွိဘက်ပြည်နယ် လာဆယ်လီမြို့မှာ မွေးဖွားလာခဲ့သည်။ ဆယ်ကျော်သက် အရွယ်၌ပင် ရက်စက်သော ကံကြမ္မာနှင့် ရင်ဆိုင်ခဲ့ရ၏။ ဦးနှောက်အကျိတ်ကို ခွဲစိတ်ရန် စောင့်ဆိုင်းခဲ့ရသော ခြောက်လတာ ကာလသည် ဘဝ၌ လောင်းကြေးအမြင့်ဆုံး ကစားပွဲ တခု၌ ဆင်နွှဲမိသကဲ့သို့ ရှိ၏။ အလျော်အစားကား အသက်ဇီဝတည်း။
ဘဝ၊ သေခြင်းတရား၊ ဆန္ဒနှင့်ဆုံးဖြတ်ချက်ဆိုသောအရာတို့သည် ရွေးချယ်မှုအသစ်တစ်ခု ပေါ်ပေါက် လာစေရန် စက္ကန့်နာရီနှင့်အမျှ သူ့ကို ဖိစီးလျှက်ရှိ၏။
ထိုကာလမှာပင် သူ့ဘဝဟောင်းကို ဖျောက်ဖျက် သုတ်သင်ပစ်လိုက်၏။ မကြာမီ အိမ်ကို စွန့်ခွာခဲ့သည်။ လမ်းပေါ်မှာ နေတော့မည်။ တံတားအောက်မှာ နေတော့မည်။ အမှိုက်စွန့်ပစ်သည့် နေရာတွေမှာ နေတော့မည်။ (ရှင်သေမင်းနှင့် အဆွေခင်ပွန်း ဖွဲ့တော့မည်)။ ထိုအချိန်အထိ သူ့ကိုယ်ပေါ်၌ စုတ်ချက်မင်စ တစွန်းမျှ မရှိသေး၊ ပကတိ ဖြူဖြူစင်စင်။
သည်သို့ဖြင့် မျက်နှာမှအပ Rick တကိုယ်လုံး အရိုးစုသဏ္ဌာန် တက်တူးတို့ဖြင့် ဖုံးလွှမ်းထားသည်။ သက်ရှိ ‘အရိုးစုလူသား’ အဖြစ်၊ အံ့ပွဲများ၊ ကြည့်ချင်ပွဲများတွင် ဖျော်ဖြေရင်း ကနေဒါတနိုင်ငံလုံး သူ့အိုးသူ့အိမ်ပမာ။
၂ဝဝ၆ ခုနှစ် BME’s Modblog တွင် Rick ကို အထူးအဆန်းအဖြစ် လူတွေစတင် သတိပြုမိလာ၏။ မျက်နှာမှအပ တကိုယ်လုံး အရိုးစုတက်တူး ထိုးထားသည်မို့ ဆန်းဆန်းပြားပြား။
နောင် ၂ နှစ်အကြာ ထို Blog မှ အင်တာဗျူးတွင် တွေ့လိုက်ရသောအခါ Rick သည် အရိုးစုလူသား မဟုတ်တော့၊ ယခင် Rick မဟုတ်တော့။ မျက်နှာတခုလုံးကို အရိုးခေါင်းသဏ္ဌာန် စုတ်ထိုးထား၏၊ ဦးခေါင်းပေါ်တွင် ဦးနှောက်တို့ကို ပိုးလောက်ကပ်ပါးတို့ တွယ်ကပ်နေဟန် ပုံဖော်ထားသည်။ ကိုယ်ခန္ဓာလည်း ပုတ်သိုးပျက်စီး၍ ပိုးများ တွယ်ငြိနေဟန် မင်ရည် သွင်းထားသည်။ Rick သည် Zombie ဖုတ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီ။
‘အသက်ရှင်သန်နေဆဲမှာပဲ လူသေကောင်လို သရုပ်ဖော်လိုက်တာက လောကနိယာမကို ဆန့်ကျင် တော်လှန်လိုက်တာပဲ’
သူ၏ဆေးမင်တို့က ‘မင်းမဲ့စရိုက်’ ကို သရုပ်ဖော်ခြင်းဟု သူခံယူ၏။ မင်းမဲ့ဝါဒီတဦး၏ အခြေခံ သဘောမှာ မဆုတ်မနစ် ဆန့်ကျင်တော်လှန်ခြင်း ဖြစ်သည်ဆိုသော အယူအဆကို သူလက်ကိုင် ပြုသည်။
ထိုဆေးမင်တို့က သူ့ကို Model တဦးဖြစ်လာရန်၊ သရုပ်ဆောင်တဦးဖြစ်လာရန် ဖန်တီးပေး၏။ ထိုနှစ်မှာပင် Zombie လူသားသည် BiZarre မဂ္ဂဇင်း မျက်နှာဖုံးရှင် ဖြစ်လာ၏။ လူးဒိုင်းမွန်းဖိလစ်နှင့် တွဲဖက်သရုပ်ဆောင်၍ Carny ရုပ်ရှင်တွင် ပါဝင်ခွင့်ရလာ၏။ Rick ၏ Facebook မိတ်ဆွေ ၁ သန်းခွဲ ကျော်သည်၊ သူလုပ်သမျှ နှစ်နှစ်သက်သက်။
ပြင်သစ်မှ Fashion house ၏ ဖန်တီးမှု ဒါရိုက်တာလည်းဖြစ်၊ Lady Ga Ga ၏ ဖက်ရှင်ညွှန်ကြားသူလည်း ဖြစ်သော Nicola Formichetti က Rick ကိုတွေ့ပြီး အလွန်စိတ်ဝင်စားသွားခဲ့သည်။
Lady Ga Ga ၏ တိုက်တွန်းမှုကြောင့် Zombie boy ကို ဖက်ရှင်လျှောက်လမ်းပေါ် အရောက် ခေါ်ဆောင်လာကြသည်။ မူလအစီအစဉ်မှာ Rick ကို Vedio ရိုက်၍ ပရိုဂျက်တာဖြင့် ပြသရန်သာ စီစဉ်ထားသော်လည်း Nicola က သူ့ကို မြင်ရသောအခါ စိတ်ကူးစိတ်သန်း အဆန်းအသစ်တွေ ရလာပြီး ချုပ်ပြီးသား design collection တွေအားလုံးကို ပြောင်းလဲပစ်လိုက်သည်။ အရောင်အသွေး အားဖြင့်လည်း ဆန်းဆန်းသစ်သစ်၊ ပုံသဏ္ဌာန်အားဖြင့်လည်း ဆန်းဆန်းသစ်သစ်။ နောက်ဆုံး၌ Zombie boy သည် Model Boy ဖြစ်လာခဲ့ရ ပြန်သည်။
သူပါရီမှာ နေထိုင်မည့် ၂ ရက်အတွက် ပတ်စ်ပို့ရရှိရန် ဒီဇိုင်နာ၏ ရှေ့နေက ခက်ခက်ခဲခဲ ဆောင်ရွက်ခဲ့ရ၏။ အဓိက ပြဿနာမှာ သူက အိုးအိမ်လိပ်စာ မရှိသူ၊ လမ်းပေါ်မှာ နေသူ၊ စည်းကမ်းအများအပြားကို ဖောက်ဖျက်ထားသူ၊ ဒဏ်ကြေးငွေ များစွာကို ပေးဆောင်ရမည့်သူ၊ တခြားလူများနှင့် မတူသည့် သူ့အဆင်းသဏ္ဌာန်၊ ထို့ကြောင့် နိုင်ငံကူးလက်မှတ် ရရှိရန် ကိစ္စအဝဝအတွက် ကုန်ကျငွေမှာ ဒေါ်လာ ၂ သောင်းပင် မက။
အမျိုးသားဝတ် ဆောင်းဖက်ရှင်တပွဲ၊ ပြီးတော့ အမျိုးသမီးဝတ် ဆောင်ဦးဖက်ရှင်ပွဲတွင် Lady Ga Ga နှင့် အတူတွဲဖက်၍ လျှောက်လမ်းပေါ်၌ ဝင့်ဝင့်ထည်ထည်။ ထိုပွဲတွင် Lady Ga Ga ကို Rick ၏ ဆေးမင်များကဲ့သို့ မိတ်ကပ်ပြင်ထားသည်။ နောက်မကြာမီ သူ၏ Born this way ဂီတဗီဒီယိုတွင်လည်း Rick ကို တွေ့မြင်ရပြန်၏။ 47 Ronin ရုပ်ရှင်တွင် ကီနူးရိဗ်၊ ဟင်နရီဆာဒါနာ တို့နှင့်အတူ တွဲဖက်သရုပ် ဆောင်ထားသေးသည်။
ကိုယ်ခန္ဓာပေါ်ရှိ အမဲစက်များ၊ မှဲ့များ၊ အမှတ်များကို ဖုံးအုပ်ဖျောက်ဖျက်သည့် Dermablend မိတ်ကပ် ကြော်ငြာတွင် သူ့ကိုယ်ခန္ဓာ၌ ရှိသမျှ ဆေးမင်များကို မိတ်ကပ်ဖြင့် ဖုံးအုပ်ကာ ကြော်ငြာထားသည်။ သူ့ပကတိ မျက်နှာကို တကမ္ဘာလုံး မြင်တွေ့ခွင့်ရကြပြီ။ ထိုကြော်ငြာကြောင့် L’oreal ကုမ္ပဏီ၏ ပထမဆုံး အမျိုးသား ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာသည်။
ထိုခဏတွင် သူကျောခိုင်း ငြင်းဆန်ခဲ့သောဘဝ၊ သေခြင်းကို ကြောက်မက်ခဲ့ရသော ဘဝ၊ ကံကြမ္မာ၏ ရက်စက်သော ပြဌာန်းချက်ကို နာခံခဲ့ရသောဘဝ၊ ထိုမူလဘဝကို ခေတ္တပြန်လည် ရရှိလိုက်သည်။ သို့သော် ထိုဘဝကို သူအလိုမရှိ။
သူ့ ဒုတိယဘဝကို ရွေးချယ်ခဲ့ပြီးဖြစ်၏။ ထိုဘဝကို သူ့အရေပြား၌ ဝတ်ဆင်၍ တကမ္ဘာလုံးသို့ ပြသခဲ့ပြီးပြီ။ ထိုဆေးမင်စွဲထင်ရာ အရေးပြား၏ အဆင်းသဏ္ဌာန်သည် သူ၏ဒုတိယ စိတ်နှလုံးဖြစ်၏။ ဒုတိယဘဝ ဖြစ်၏။ သူက လူသား မဟုတ်တော့ပြီ။ သေခြင်းနှင့်တကွ ခင်ပွန်းဖွဲ့၍ သေမင်းကို မကြောက်သော ဖုတ်ဝင်စားဖြစ်ခဲ့ရပြီ။ လူယောင်ဆောင်လိုမှသာ ဤသို့ ဖန်ဆင်းရတော့မည်။ မည်သူမျှ မှတ်မိနိုင်စရာ မရှိတော့။
“မျက်သားအဖြူတွေကို အနက်ရောင် ဆေးမင်ထိုးချင်တယ်၊ အဲလိုသာဆို မျက်စိက တွင်းနက် ဟောက်ပက်ကြီးလို ဖြစ်သွားပြီ၊ တကယ့်အရိုးခေါင်းနဲ့ တူသွားမှာ”။