ယခုနှစ် သင်္ကြန်တွင် ပုံမှန်ကျင်းပမြဲဖြစ်တဲ့ ရေသဘင်သင်္ကြန်ပွဲတော်များနဲ့မတူ ကွဲပြားမယ့် WetNation EDM Water Festival ကိုရန်ကုန်မြို့ သုဝဏ္ဏမြို့နယ်တွင်ရှိတဲ့ The One Entertainment Park တွင် ပြုလုပ် သွားမယ်လို့ သိရပါတယ်။
“EDM ပွဲနဲ့ ဘာကွာသလဲဆိုရင် EDM ပွဲ ကတော့ စတိတ်ပေါ်မှာသီချင်းဖွင့်တယ်။ နားထောင်တယ်။ နောက်ပိုင်း အစီအစဉ်တွေ ဘာမှမရှိဘူး။ ဒီသင်္ကြန်ပွဲကျတော့ လူတယောက်နဲ့တယောက်အချင်းချင်း စကားပြောတာတို့ ဂိမ်းဆော့တာတို့ ပါဝင်အောင်စီစဉ်ထားတယ်။ DJ ပွဲလုပ်နေတဲ့အချိန်မှာ MC တွေလည်း ပါဝင်သွားမယ်။ ဟော်လန်ကလာမှာပေါ့။ စင်ပေါ်ကနေ ပျော်စရာအစီအစဉ်တွေ ပြုလုပ်သွားမှာပါ။ အဓိကကတော့ EDM ပွဲတခုတည်းနဲ့ သင်္ကြန်ကို မလုပ်ချင်ဘူး။ EDM နဲ့ သင်္ကြန်နဲ့ကို Create လုပ်ထားတာ။ သင်္ကြန်မဏ္ဍပ်တွေမှာ EDM ကိုဖွင့်ကြတယ်ပေါ့နော်။” လို့ WetNation EDM Water Festival Project Manager ကို Zarrow က ဧရာဝတီကို ပြောပါတယ်။
WetNation EDM Water Festival ကိုတော့ အဓိကအနေနဲ့ ALDA Events၊ Zeekwt Collective ၊The One တို့က ပူးပေါင်းတင်ဆက်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီပွဲမှာတော့ International DJ ၁၃ ယောက်၊ ပြည်တွင်းနဲ့ အာရှ DJ ၁၀ ယောက်နဲ့အတူ Pool Party ,Foam Party, Water Fights တို့ပါဝင်မှာ ဖြစ်ပြီး ဧပြီလ ၁၃၊ ၁၄၊ ၁၅၊ ၁၆ ရက် နေ့လည် ၂ နာရီမှ စတင်ကာ ညဘက်အထိ ဆင်နွှဲနိုင်မှာ ဖြစ်ပါတယ်။
လက်မှတ်ဈေးနှုန်းတွေကတော့ ပုံမှန်အနေနဲ့ ၁၃၊ ၁၄၊ ၁၅ ရက်များတွင် တရက်ကို ၃ သောင်းဖြစ်ပြီး နောက်ဆုံးနေ့ ကိုတော့ ၅ သောင်းကျပ်တို့ဖြစ်ပါတယ်။ VIP အနေနဲ့ကတော့ ၁၃၊ ၁၄၊ ၁၅ ရက်များတွင် တရက်ကို ၈ သောင်း ကျပ်ဖြစ်ကာ နောက်ဆုံးနေ့ကိုတော့ ၁ သိန်း ၁ သောင်းကျပ် ဖြစ်ပါတယ်။
ဝန်ဆောင်မှုအနေနဲ့ ပွဲကျင်းပရာ ဝန်းထဲတွင် ဘီယာကို Kirin Ichiban ဘီယာက ရောင်းချပေးမှာဖြစ်ပြီး ရေသန့်ကို Alpine က စပွန်ဆာပေးထားကာ မိန်းကလေးများအတွက် အသားအရေမပျက်စီးစေရန် Skincare Partner ကို Dermalogica က ပြုလုပ်ပေးမှာ ဖြစ်တယ်လို့သိရပါတယ်။