Lifestyle

ဘဝမှာ မှားခဲ့တဲ့အမှားတွေအတွက် ဘယ်တော့မှနောက်ကြောင်းပြန်မတွေးတာအမှန်ပဲဆိုတဲ့ ထက်ထက်မိုးဦး

Want create site? Find Free WordPress Themes and plugins.

သာသနာ့ဘောင်အတွင်းသို့ ၄လကျော်ကြာဝင်ရောက်ခဲ့ပြီးနောက် အနုပညာအလုပ်များ လုပ်ဆောင်ရန်အတွက် လူဝတ်ပြန်လည် လဲခဲ့တဲ့ အကယ်ဒမီ ထက်ထက်မိုးဦးက အနုပညာအလုပ်များကို ပြန်လည်လုပ်ကိုင်တော့မယ်လို့ မီဒီယာများကို အသိပေးတဲ့ အခမ်းအနားကို ဒီနေ့မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ ထက်ထက်မိုးဦးက ရှေ့ဆက်လျှောက် သွားမယ့် အနုပညာလုပ်ငန်းများအကြောင်း ၊သာသနာ့ဘောင်အတွင်း ဝင်ရောက်ခဲ့စဉ်က ရရှိခဲ့တဲ့ အကျိုး ကျေးဇူး များအကြောင်းကို မီဒီယာများနဲ့ တွေ့ဆုံမှုမှာ အခုလိုပဲ ဖြေကြားပေးခဲ့ပါတယ်။

မေး။ ။သာသနာ့ဘောင်ကနေ အခုပြန်လည်ထွက်ရှိလာပြီး အနုပညာအလုပ်တွေစတင်လုပ်တော့မယ်ဆိုတော့ ပရိသတ်တွေအတွက် ပြောချင်နေတဲ့စကားတွေအများကြီးရှိမှာပဲ။

ဖြေ။ ။ ဘဝမှာစိတ်ညစ်ရတာတွေလည်း အများကြီးကြုံခဲ့ပြီးသွားပြီ မှားခဲ့တာတွေလည်း အများကြီးပဲ။ ကောင်းနိုး ကောင်းနိုးနဲ့ အဆင်ပြေနိုးနိုးနဲ့ ကြိုးစားခဲ့တာလည်း အများကြီး။ ဒါပေမယ့်ပြီးခဲ့တာတွေလည်းပြီးခဲ့ပြီ။ အခုချိန်မှာ အရေးကြီးတာက အလုပ်ကို စိတ်သစ်လူသစ်နဲ့ လုပ်ဖို့အတွက် အရေးကြီးပါတယ်ပေါ့။ ဒီအလုပ်လုပ်နိုင်မှ ကျန်တာ တွေအဆင်ပြေမှာပါ။

မေး။ ။ ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့အမှားတွေအများကြီးထဲမှ ဘယ်လိုသင်ခန်းစာပြန်ယူလဲ။

ဖြေ။ ။ဘဝမှာ မှားခဲ့တဲ့အမှားတွေအတွက် ဘယ်တော့မှနောက်ကြောင်းပြန်မတွေးတာအမှန်ပဲ။

မေး။ ။ကိုယ့်ရဲ့ကြုံတွေ့ခဲ့ရတဲ့ အမှားတွေကို ဘယ်လိုမျိုးမေ့ဖျောက်ပစ်လဲ။

ဖြေ။ ။ မေ့နိုင်ဖို့တော့ ဘယ်လွယ်မလဲ ဘဝကဘယ်လောက်ခါးလဲ။ ဒါပေမယ့် အရမ်းနာကြည်းလွန်းအားကြီးရင် အလိုလိုမေ့သွားတယ်။

မေး။ ။အနုပညာကို ပြန်လုပ်ဖြစ်ဖို့ စိတ်ကူးခဲ့တဲ့အကြောင်းကရော ဘယ်လိုမျိုးတွန်းအားတွေကြောင့်ဖြစ်မလဲ။

ဖြေ။ ။အနုပညာကို ပြန်လုပ်တဲ့အခါမှာ ကိုယ်နဲ့ပတ်သက်တဲ့ ကိုယ့်သားသမီးအတွက်ရယ် လှူနိုင်တန်းနိုင်မယ် ပေးနိုင်ကျွေးနိုင်မယ် အဓိကကတော့ ပိုက်ဆံလိုချင်လို့ ။ အလုပ်ဆိုတာ လုပ်ကြတာကြီးပဲလေ။ ပြန်ဝင်တယ်ဆို တာကလည်း ထက်ထက်ပိုက်ဆံပြန်ရှာချင်လို့ပဲဒါပါပဲ။

မေး။ ။အနုပညာလောကထဲကနေ ပျောက်ကွယ်ပြီးတော့မှ ပြန်လည်ဝင်ရောက်ဖြစ်တဲ့အကြောင်းလေးကို သိချင်ပါတယ်။

ဖြေ။ ။ မွေးကတည်းကကို အနုပညာအလုပ်ကို ဝါသနာပါရူးသွပ်ခဲ့တယ်။ နားတဲ့အချိန်တုန်းကလည်း နားချင်လို့နားခဲ့တာ မဟုတ်ဘူး။ အကြောင်းကြောင်းတွေက အများကြီးပဲ။ ဗီဒီယိုခေတ်ပျက်နေတာတွေ ၊ကလေးမွေးထားတော့ အရမ်းဝနေတာတွေ အကြောင်းတွေတိုက်ဆိုင်ပြီးတော့ နားဖြစ်သွားတာလည်း ပါတယ်။ အခုချိန်မှာတော့ ပိန်အောင်လည်းလုပ်ပြီးသွားပြီ ရုပ်ရှင်ကလည်း အရှိန်အဟုန်က ပြန်ကောင်းလာပြီဆိုတော့ ကိုယ်ကလည်းမစွန့်လွှတ်နိုင်ဘူးဆိုတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ဘဲ ကြိုးစားသွားပါဦးမယ်။

မီဒီယာနဲ့တွေ့ဆုံပွဲမှာတွေ့ရတဲ့ ထက်ထက်မိုးဦး (ဓာတ်ပုံ- အောင်ကျော်ထက်/ဧရာဝတီ)

မေး။ ။အနုပညာအလုပ်ပြန်လုပ်တော့မယ်ဆိုတော့ ဇာတ်ကားတွေ ရိုက်ဖို့အတွက် လာရောက်ကမ်းလှမ်းတဲ့ အခါမှာရော ဘယ်လိုမျိုးရွေးချယ်ဖြစ်မလဲ။

ဖြေ။ ။ကိုယ်ကအသက်အရွယ်လည်းရလာပြီဆိုတော့ ငယ်ငယ်ကလိုဇာတ်လမ်းတိုင်းကို ကောင်းတာပဲဆိုပြီးတော့ ဖြစ်နေမယ့်အစား အရင်ခေတ်က ဇာတ်ကားတွေ ပရိသတ်ရင်ထဲကျန်ခဲ့သလိုမျိုး ကိုယ်လည်း ကျန်ခဲ့ချင်တာပေါ့နော်။ အဲဒီလိုမျိုးရိုက်ချင်ပါတယ်။

မေး။ ။ကိုယ်ရိုက်ချင်တဲ့ ဇာတ်လမ်းမျိုး ကာရိုက်မျိုးရှိလား။

ဖြေ။ ။ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းလေးနဲ့ ကိုယ်ကျန်ခဲ့မယ့်ဇာတ်မျိုးရိုက်ချင်တယ်။ ရာဇဝင်ကားပုံစံမျိုးလည်း ရိုက်ချင်တယ်။ ငယ်ငယ်ကမသိခဲ့တဲ့ ဇာတ်တော်တွေနဲ့ ပတ်သက်ပြီးတော့လည်း သိချင်တယ်။ နားလည်ချင်တာ သိချင်တာ။

မေး။ ။နောက်ပိုင်းတက်ရလာတဲ့ သရုပ်ဆောင်တွေနဲ့ တွဲဖက်သရုပ်ဆောင်ရတဲ့အခါမှာရော အဆင်ပြေမှုရှိလား ဘယ်လိုမျိုးသုံးသပ်မိလဲ။

ဖြေ။ ။ တချို့တွေက ဒီအလုပ်ထဲမှာ အာရုံသိပ်မရှိတာကို အသည်းယားတယ်။ ကိုယ်တွေကျတော့ ရူးသွပ်ပြီး အလုပ်လုပ်တာဆိုတော့ အလုပ်လုပ်တဲ့ဇာတ်ကွက်တိုင်း ဇာတ်ကွက်တိုင်းကို အမြဲစိတ်ထဲမှာ စဉ်းစားပြီး လုပ်နေတာ။ တချိန်လုံးတွေးနေတာပေါ့။ အဓိကက လူငယ်တွေကို ခေတ်ကတော့ မတူတော့ဘူးဆိုတာ မှန်ပါတယ်။ ဒါပေမယ့်များများလေး အာရုံစိုက်ပြီးလုပ်ဖို့ပေါ့။

မေး။ ။ထက်ထက်မိုးဦးဆိုတာ အရင်က တခေတ်ဖြစ်ခဲ့တယ်။ အခုရော အဲဒီလိုပြန်လုပ်သွားဖို့စဉ်းစားထားလား။

ဖြေ။ ။တခေတ်ဖြစ်ဖို့အတွက်က အားပေးတဲ့သူတွေပေါ်မှာ မူတည်မှာပေါ့နော်။ ချစ်ပေးဖို့လိုတာပေါ့။

မေး။ ။မထက်ရဲ့ အခုချိန်ထိ ပရိသတ်ကချစ်ခင်နေသေးတယ် အောင်မြင်နေသေးတဲ့ လျို့ဝှက်ချက်က ဘာဖြစ်မလဲ။

ဖြေ။ ။ထက်ထက်ဘက်ကနေ ဘယ်သူကဘယ်လောက်ပဲ တွန်းလှန်းတွန်းလှန် ကိုယ်ကတွန်းလှန်မယ်ဆိုတဲ့ စိတ်လုံးဝမရှိပါဘူး။ ကြိုက်သလောက်ကိုယ့်ကို လုပ်ပါ။ ကိုယ်လုပ်စရာရှိတဲ့အလုပ်ကို ကိုယ်လုပ်မှာပါ။ အလုပ်လုပ်တဲ့ အခါမှာ တာဝန်ကျေတင်မဟုတ်ဘဲ စေတနာထားပြီးလုပ်ပေးဖြစ်တယ်။ ကျေးဇူးရှင်တွေကို မစော်ကားမိဖို့ပဲ။ အရာရာ ဟာကောင်းသထက်ကောင်းသွားမှာပါ။

မေး။ ။အခုလို မထက်ပြောင်းလဲသွားတာတွေက သာသနာ့ဘောင်ကို ဝင်လိုက်တဲ့အကျိုးတွေလို့ ပြောလို့ရမလား။

ဖြေ။ ။ရတာပေါ့။ အဲဒီအထောက်အပံ့တွေလည်း အများကြီးပါတယ်။ တခါမှ ဒီလောက်ကြာကြာမဝတ်ဖူးဘူး။ သီလရှင်တွေ အများကြီးနဲ့လည်းမနေဖူးဘူး။ အဲဒီကိုရောက်တော့ သူတို့နေတဲ့ထိုင်တဲ့ပုံကိုကြည့်ပြီး ကိုယ်နေရထိုင်ရ မယ့်ပုံစံတွေကို ပြောင်းရတယ်။ ကိုယ့်စိတ်ကိုလည်း ငြိမ်သွားအောင် တရားတွေနာရတယ်။ စိတ်ကနေလို့ကောင်းသွား တယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading