ဧရာဝတီဧရာဝတီသတင်းဌာန ၂၅ နှစ်ပြည့် အထိမ်းအမှတ် နှစ်ပတ်လည်နဲ့ ပတ်သက်ပြီး ဝါရင့်သရုပ်ဆောင် ဒေါ်ဆွေဇင်ထိုက်၊ ဒါရိုက်တာ ဏကြီးတို့ရဲ့ ဆုတောင်းစကားများကို ဖော်ပြပေးလိုက်ပါတယ်
“၂၅နှစ်တောင် ရှိသွားပြီကိုး။ ကျမတို့က လူတွေ အကုန်လုံးရဲ့ ဦးနှောက်တွေကို သတင်း အချက်အလက်တွေနဲ့ ဖွံ့ဖြိုးအောင်လုပ်ပေးတဲ့ နေရာမှာ ဧရာဝတီဟာ ရှေ့ဆုံးကနေ စွမ်းစွမ်းတမံ လုပ်တယ်ဆိုတာကို ကျမက အသိအမှတ်ပြုပါတယ်။ တိုင်းပြည်အကျိုး၊ ပြည်သူလုထုအကျိုး ပြည်သူလူထု ဦးနှောက်တွေကို အာဟာရ ဖြည့်နိုင်ပါစေ” လို့ ဒေါ်ဆွေဇင်ထိုက်က ဆုတောင်းပေး ပါတယ်။
“မီဒီယာကလည်း မီဒီယာအလုပ်ကို လုပ်မယ်လေ သူ့ရဲ့ ကျင့်ဝတ်သိက္ခာနဲ့ပေါ့။ အနုပညာရှင်ကလည်း အနုပညာအလုပ်ကို လုပ်မယ်။ သူ့ရဲ့ ကျင့်ဝတ်သိက္ခာနဲ့ပေါ့။ နှစ်ဖက်စလုံးက Personal နဲ့ Professional ကို ခွဲတတ်ဖို့ လိုပါတယ်။ Personal ကနေ ပရော်ဖက်ရှင်နယ် ပြောင်းသွားဖို့ အတွက်ဆိုတာ မျဉ်းနီကြောင်းလေး တကြောင်းပဲ ကွာပါတယ်။ အဲ့အတွက် ပရော်ဖက်ရှင်နယ်တွေ အနေနဲ့ လုပ်ကြတာ ပိုကောင်းပါတယ်” လို့ ဒေါ်ဆွေဇင်ထိုက်က ဆိုပါတယ်။
လူငယ် ဒါရိုက်တာ တဦးဖြစ်တဲ့ ဒါရိုက်တာ ဏကြီးကလည်း ဧရာဝတီ သတင်းဌာန ၂၅ နှစ်ပြည့်အတွက် အခုလိုပဲ ဆုတောင်းပေးပါတယ်။
“ကျနော်ကတော့ ဧရာဝတီကို နောက်နှစ် ရာထောင်ချီ တည်တံ့နေပါစေလို့ ဆုတောင်းပေးပါတယ်။ မီဒီယာနဲ့ အနုပညာသမားတွေက ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီပေါ့။ ကျနော်တို့ဘက်က ပြောချင်တာလေးတွေ အသိပေးချင်ရင် မီဒီယာကနေပဲ သွားတာဆိုတော့ မီဒီယာက မရှိမဖြစ်ပါပဲ” လို့ ဒါရိုက်တာ ဏကြီးက ဆိုပါတယ်။
ဧရာဝတီသတင်းဌာနကို ၁၉၉၃ ခုနှစ်က စတင်တည်ထောင်ခဲ့ဲပြီး ထိုချိန်မှ စတင်ကာ ဧရာဝတီဟာ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် မြန်မာနိုင်ငံ အရှေ့တောင်အာရှရေးရာ သတင်း၊ သတင်း ဆောင်းပါး၊ သတင်းသုံးသပ်ချက် နှင့် အယ်ဒီတာ့အာဘော်များဖြင့် စာဖတ် ပရိသတ်၏ ယုံကြည်ကိုးစားသော သတင်းဌာနဖြစ်လာခဲ့ပါတယ်။