ပန်းချီဇော်ဝင်းဖေရဲ့ပန်းချီကားတွေကို ကြည့်ရင် ထူထဲတဲ့ အရောင်ပြင်တွေကို အရောင်စစ်စစ်နဲ့ ရေးဆွဲတာ တွေ့ရပြီး Color Perspective ကို ပြောင်းပြန် (Inversed) အမြင်အရ ဖန်တီးရေးဆွဲတာလို့ ခံစားရပါတယ်။ တဖန် Portrait ပုံတွေ ရေးဆွဲရာမှာလည်း တူခြင်းနဲ့ စရိုက်ကို ဖော်လှစ်နိုင်တဲ့ အပြင် စိတ်ခံစားမှု တစုံတရာကိုလည်း ဖွင့်ထုတ်ပြနိုင်တဲ့ ဖန်တီးမှုတွေ တွေ့ရပါတယ်။
စကားပြောရင် လေသံအေးအေးနဲ့ ပြောတတ်သူ၊ ပလွှားမှုကင်းတဲ့ အပြုံးနဲ့ ပြုံးနေတတ်သူ၊ ယုံကြည်ချက် ခိုင်မာ တိကျပြီး ပြတ် သားသူ ပန်းချီဆရာ ဇော်ဝင်းဖေနဲ့ တွေ့ဆုံပြီး အနုပညာဆိုင်ရာ မေးခွန်းတချို့ မေးမြန်းဖြစ်ခဲ့ပါတယ်။
အနေအထိုင် ရိုးအေးတည်ငြိမ်တဲ့ အရပ်မနိမ့်မမြင့် အသားညိုညို ပန်းချီဇော်ဝင်းဖေရဲ့ ဖြေကြားချက်တွေ ထဲမှာ သူ့ရဲ့ အနုပညာ အပေါ် ခံယူချက်နဲ့ ယုံကြည်ချက်ကိုလည်း တွေ့ရပါတယ်။
သူဟာ ပန်းချီကို တစိုက်မတ်မတ် ရေးဆွဲ နေသူ Artist တဦး ဖြစ်ပြီး အထူးသဖြင့် Landscape (ရှုမြော်ခင်း) ပန်းချီကားများကို အရေးများသူပါ။
သို့ပေမယ့် ၂၀၁၃ ခုနှစ်က ထိုင်းနိုင်ငံ ချင်းမိုင်မှာ ရှိတဲ့ သုဝဏ္ဏဘူမိ ပန်းချီပြခန်းမှာ Natural Person အမည်နဲ့ Portrait ပန်းချီပြပွဲကို ထူးထူးခြားခြား ပြသနိုင်ခဲ့ပါတယ်။ သူဟာ ထိုင်းနိုင်ငံ အပါအဝင် နိုင်ငံတကာ ပြပွဲပေါင်း ၂၅ ပွဲ ကျော်၊ ပြည်တွင်း ပြပွဲပေါင်း ၃၀ ကျော် ပြသခဲ့ပြီး အနုပညာ ဆုများလည်း ချီးမြှင့်ခံရသူပါ။ သူ့ရဲ့ အနုပညာလက်ရာတချို့ကိုလည်း ကမ္ဘာ့ထင်ရှားတဲ့ ပြတိုက်နဲ့ ပြ ခန်း များက စုဆောင်း ပြသထားပါတယ်။
Artwork တခုဖန်တီးဖို့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဘယ်လို ပြင်ဆင်ယူတယ် ဆိုတာ အခုလို ပြောပါတယ်။
စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေ လုပ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ အနေနဲ့ကတော့ ကိုယ် ဘယ်လို တင်ပြချင်သလဲ ဆို တဲ့ အပေါ်မှာ မူတည်ပြီးတော့ အဓိကထား ပြင်ဆင်ပါတယ်။ တင်ပြမှု ပုံစံ ထပ်တလဲလဲ ဖြစ်တာကိုတော့ မကြိုက်ပါဘူး။ ဒီတော့ မတူညီတဲ့ ရှုထောင့်တွေ ဖြစ်ဖို့ကို အဓိက ထားပါတယ်။ အရောင်ပိုင်း ဆိုင်ရာကို အလေးအနက်ထားပြီး ရေးတဲ့ ပန်းချီဆရာလို့ အသိအမှတ်ပြုကြပေမယ့် အရောင်ကိုချည်း ထပ်တလဲလဲ ရေးတာ အဓိက မထားပါဘူး။ စိတ်အာရုံကို လှုပ်ခတ်စေတဲ့ အရာဟာ ဘာလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပြီး တခြားအရာတွေ ဘက်ကို ဦးတည် သွားတဲ့အခါလည်း သွားပေါ့။ သဘာဝကို အလှတရား တခု၊ ပြောစရာ တင်ပြချင်စရာ အကြောင်းအရာ တခု ဆိုရင်လည်း အဲဒီအပါ်မှာပဲ ကိုယ်ရဲ့ စိတ်နဲ့ ကိုက်ညီတဲ့တင်ပြမှု တခုရအောင် အား ထုတ်တဲ့ သဘောပါ။ စိတ် ကြည်လင်သန့်ရှင်းမှုထက် ကိုယ်ရေးမယ့် အနှစ်သာရပိုင်း စိတ်အားထက်သန်မှုကို ပိုအရေးထား ပြင် ဆင် ပါတယ်။ စိတ်ထက်သန်မှု အကျိုးဆက်က ကိုယ်မျှော်လင့်တဲ့ အနုပညာ ပစ္စည်းကို ဖြစ်စေတယ်။ အလွယ် တကူ ပြီးမြောက် ပြည့်စုံမှု ရရှိစေတယ် လို့ ယုံကြည်လက်ခံပြီး ပြင်ဆင်ပါတယ်။ ဒီ ထက်သန်မှုက ပိုင်းဖြတ်နိုင်တဲ့ ဉာဏ်နဲ့ အလင်းကို ဖွံ့ဖြိုးစေတယ် လို့ ယုံကြည်တာလည်း ပါပါတယ်။
နောက် ရုပ်ပိုင်းဆိုင်ရာ အနေနဲ့ကတော့ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ သင့်တင့်မျှတတဲ့ အစာကိုစားမယ်၊ အိပ်ရေး၀၀ အိပ်ထားမယ်၊ တတ်နိုင်သမျှ စိတ်ဆောင်ရာနောက် လိုက်နိုင်မယ့် ကိုယ်အနေအထား တခုရှိဖို့ လိုအပ်တယ်။ ရေးမယ့် ဝန်းကျင် အနေအထား ကလည်း ကိုယ်နဲ့ သဟဇာတ ဖြစ်ပြီးသား ဆိုရင်တော့ အဆင်အပြေဆုံး ရုပ်ပိုင်းဆိုင်ရာတွေ ပြင်ဆင်မှုလို့ ပြောလို့ရပါတယ်။
အောင်မြင်တဲ့ အနုပညာသမား ဆိုတာ ဘယ်လို ပုဂ္ဂိုလ်မျိုး ဖြစ်တယ် လို့ ယူဆပါသလဲ လို့ မေးတဲ့အခါ သူက –
အောင်မြင်မှုှုကို တိုင်းတာကြတဲ့ စံတွေကတော့ အမျိုးမျိုးရှိနိုင်ပါတယ်။ ငွေကြေး၊ အနုပညာ အရည်အသွေး၊ ကျော်ကြားမှု စတာတွေနဲ့ တိုင်းတာပြီး သတ်မှတ်တာတွေလည်း ရှိနေတာပါပဲ။ ကျနော့် အနေနဲ့ ကိုယ်ယုံကြည်တာကို ရပ်တည်ချက် မှန်မှန်နဲ့ ကိုယ်ပိုင်ရှုထောင့် အမြင်နဲ့ ဖန်တီးနိုင်ခြင်းက စတယ်ဗျ။ ဒီ အပေါ်မှာ ထားတဲ့ အနုပညာ စေတနာမှန်ဖို့ အတွက်လည်း ကြိုးစား တယ်။ ဒီလုပ်ရပ်အပေါ်မှာ အကောင်းဆုံး ပိုင်းဖြတ်ပြီး လုပ်တယ်။ ဒီအပေါ်မှာ ပြန်လည် သက်ရောက်တဲ့ အကျိုးရလဒ်ပိုင်း ကလည်း ကျေနပ်စရာ ကောင်းတယ်။ ဒီတော့ ကိုယ်ထုတ်လုပ်လိုက်တဲ့ အနုပညာ ပစ္စည်းဟာ ကိုယ့်ရဲ့ ယုံကြည်ချက်ကနေ ပေါက် ဖွားတဲ့ ပစ္စည်း၊ ကိုယ့်ရင်ထဲက အသီးအပွင့်။ ဒါကို လက်ခံပြီး ပြန်လည် ပေးဆပ်တဲ့ တန်ဖိုးကလည်း ထိုက်တန်။ လောဘကြောင့် ရတဲ့ ရလဒ်မဟုတ်ဘူး။ ယုံကြည်မှု အကျိုးဆက်က ရတဲ့ အသီးအပွင့်။ ဒီလိုမျိုးအနုပညာရှင် ပုဂ္ဂိုလ်မျိုးကိုတော့ တကယ်အောင်မြင် တဲ့ ပုဂ္ဂိုလ်လို့ ကျနော်ထင်တယ်။
စာဖတ်ခြင်းက အနုပညာဖန်တီးမှုအပေါ် အထောက်အကူ ဖြစ်စေပါသလား၊ အတားအဆီး ဖြစ်စေပါသလား ဆိုတာကိုလည်း သူက ဆက်ပြီး ပြောပါသေးတယ်။
စာဖတ်ခြင်းဟာ အနုပညာဖန်တီးမှုကို အထောက်အကူ ပြုပါတယ်။ စာဖတ်ပြီး တွေးစရာ၊ ဆင်ခြင်စရာ၊ ငြင်းစရာ၊ ကျေနပ်ချင်စရာ၊ မကျေနပ်စရာ… စတာတွေ ခံစားရပါတယ်။ ဘဝမှာ ဘယ်လို နေ့တိုင်း ကျင့်ကြံပြီး နေထိုင်ရမယ် ဆိုတာက အစ ဘဝအတွက် တိုးတက်ရာ တိုးတက်ကြောင်းနဲ့ ပိုင်းဖြတ်နိုင်တဲ့ ဉာဏ်အမြင်ကိုပါ ပွင့်လင်းစေတယ် ဆိုတာ အားလုံး သိပြီးသား ဖြစ်မှာပါ။
ဒါပေမယ့် နောက်ပိုင်း ပိုတွေ့လာတဲ့ သဘောကတော့ စာရေးဆရာရဲ့ သူ့အနုပညာ အပေါ် ယုံယုံကြည်ကြည်နဲ့ စေတနာပါပါ လုပ် ကိုင်ဆောင်ရွက်မှုှုတွေကို ပိုပြီး လေးစား အားကျလာတယ်။ သူတို့ ဖန်တီးမှုကို ခွန်အားအဖြစ် ယူပြီး ကိုယ့် အနုပညာခွန်အား အဖြစ်ပြောင်းလဲ ယူတယ်၊ တွေးခေါ်ယူတယ်၊ ဖွဲ့နွဲ့ယူတယ်၊ ခံစားယူတယ်၊ သူ့အတွေ့အကြုံ ထဲက အဆီထုတ်ပြီး ကိုယ့် Art Work နဲ့ ပေါင်းစပ် ဖန်တီးတယ်။ ဥပမာ ရှမ်းပြည် အကြောင်း ဆိုပါတော့..၊ ကိုယ်ရဲ့ အမြင်တခုတည်း မဟုတ်ဘူး၊ ရှမ်းပြည်ကို ဖွဲ့တဲ့ စာပေ ဂီတ ရုပ်ရှင်တွေထဲက တဆင့်ပြန်လည် ခံစားယူတဲ့ အခါ တမူထူးခြားတဲ့ အမြင်အာရုံကိုဖြစ်လာစေတယ် လို့ ယုံကြည်တယ်။ စာကတော့ လူတိုင်း လူတန်းစားမရွေး ဖတ်သင့် မှတ်သင့်တဲ့ ရတနာပါ။ ဒီရတနာနဲ့ “လူပီသ” သွားတဲ့လူတွေ လောကမှာ အများကြီး ပဲ။ ပြောရရင် စာပေကျေးဇူး တအား ကျယ်ပြန့်ပါတယ်။ အသိဉာဏ်ပိုင်း ဆိုင်ရာ ဆင်ခြင်တွေးခေါ် သုံးသပ်မှုနဲ့ ရင့်ကျက်မှု အားကောင်းတာနဲ့ အမျှ အနုပညာပိုင်းဆိုင်ရာ အရည်အသွေး တိုးတက်မှုက အပြန်အလှန် ချိတ်ဆက် အထောက်အပံ့ ပြုလျက်ရှိတယ်လို့ ပြောချင်ပါတယ်။
ဘာသာရေးနဲ့ ပတ်သက်ပြီး သူက အခုလို ပြောပါတယ်။
ဘာသာရေးနဲ့ ပတ်သက်လို့တော့ ထဲထဲဝင်ဝင် ကျနော် နားမလည်သေး ပါဘူး။ သို့သော် တကယ်လိုက်နာ ကျင့်သုံးရမယ့် ကျင့် ဝတ်ကိုတော့ လိုက်နာကျင့်သုံးပါတယ်။ ဥပမာ “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကို ထား” ဆိုတာမျိုးပေါ့။ ဒါမျိုးတွေဆို တကယ့်ကို ရှောင်နိုင်အောင်၊ ဆောင်နိုင်အောင် နေထိုင်ပါတယ်။ ကံကံ၏ အကျိုးကို နက်နက်နဲနဲ ယုံကြည်ပါတယ်။ သူတပါးထိခိုက်မှာမျိုးကို ကိုယ် နှုတ် စိတ်တွေကို တတ်နိုင်သမျှ စောင့်ထိန်း ပါတယ်။ စိတ်ကြည်လင် အေးချမ်းပြီး အပူအပင် သက် သာတာက အနုပညာကွန့်မြူးစိတ်ကို ပိုပြီး အားကောင်းစေတာ အမှန်ပါပဲ။ ဒီအနုပညာ အပေါ်မှာ စိတ်စွဲလမ်းမှုကို တချိန်ဖျောက်ပြီး အဆုံးသတ်နိုင်ဖို့ လိုတယ် ဆိုတာကလည်း ဘာသာရေးကြောင့် သိလာတာပါ။ စွဲလမ်းမှုတွေကြောင့် တွေ့မယ့် ဒုက္ခရဲ့ သဘောတွေကိုပါ ဆင်ခြင်မှု ရလာတာလည်း ဘာသာရေးကြောင့်ပါ။ ဒီတော့ လုပ်စရာရှိတာကို အကောင်းဆုံးလုပ်ပြီး မျှော်လင့် စွဲလမ်းစိတ် လျော့လာတာ ဟာ ကိုယ့်အတွက် အကောင်းဆုံးပဲ လို့ ထင်လာတယ်။ အများကြီး မပြောတတ်ပါဘူး၊ အထောက်အကူ အတိုင်းအဆ မရှိ ရတယ်လို့ပဲ ဖြေပါရစေ။
ပန်းချီ ဇော်ဝင်းဖေကို ၁၉၆၀ ပြည့်နှစ် မကွေးတိုင်းဒေသကြီး လယ်ကိုင်းမှာ မွေးဖွားခဲ့ပါတယ်။ ၁၉၈၁ မှ ၁၉၈၄ အထိ ရန်ကုန် ပန်းချီပန်းပုကျောင်း တက်ရောက်ခဲ့ပြီး ကျောင်းဆင်းတဲ့ အချိန်ကစပြီး ပန်းချီကို အချိန်ပြည့် ရေးဆွဲ ဖန်တီးလျက် ရှိပါတယ်။ လက်ရှိမှာ သူဟာ အမှတ် ၂၉၈၊ ၃ ရပ်ကွက်၊ ကံ့ကော်လမ်း၊ ဝေဘာဂီမြို့သစ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မှာ ဇနီး၊ သားသမီး ၂ ဦးတို့နဲ့ နေထိုင်လျက် ရှိပါတယ်။ ဆက်သွယ်မယ် ဆိုရင်တော့ ၀၉ ၅၁၂ ၈၉၂၁ ကို ဆက်သွယ်နိုင်ပါတယ်။ ။