မြို့ပြရဲ့ မွန်းကြပ်မွန်းလှောင်နေတဲ့ စိတ်ခံစားမှု အထိအတွေ့ကို ရှောင်ဖယ်ပြေးထွက်ရင်း ပန်းချီပြခန်းထဲ ဝင်လိုက်တဲ့ အခါ လန်းဆန်းကြည်လင် လှုပ်ခတ်နေတဲ့ နှင်းဆီပန်း ပန်းချီကားတွေကို ကြည့်မြင် ခံစားမိတဲ့ချိန်မှာတော့ စိတ်ဟာ ပေါ့ပါးသွားရပါတယ်။ ဒဂုံမြို့နယ်ရှိ Trish ဂယ်လာရီမှာ ဇန်နဝါရီ ၃ က ၁၁ ရက်နေ့ အထိ ပြုလုပ်တဲ့ ပန်းချီ မွန်သက်ရဲ့ တတိယ အကြိမ်မြောက် တကိုယ်တော် ပြပွဲ (Roses and Others) က ထူးခြားတဲ့ တင်ပြမှုလို့ ဆိုရမှာပါ။ နှင်းဆီပန်း ရောင်စုံ ပန်းချီကားတွေနဲ့ ရန်ကုန်မြို့ပြ ပန်းချီကား၊ မလေးရှားနိုင်ငံ Fishing Island မှာ outdoor ရေးဆွဲခဲ့တဲ့ ရှုခင်း ပန်းချီကားတွေ တင်ဆက်ထား ပါတယ်။
`ကျနော့်ရဲ့ ပထမဆုံး တကိုယ်တော် ပြပွဲက ၂၀၀၇ ခုနှစ်မှာ ပြသခဲတာပါ။ ဒုတိယ တကိုယ်တော်က ၂၀၀၈ ခုနှစ်ပေါ့။ အခု ပြသတာက တတိယ အကြိမ်ပါ။ ဘာတွေပြောင်းလဲသွားလဲ ဆိုတော့ ပထမအကြိမ်က Green and Others ဆိုပြီး အစိမ်းရောင်တွေ လွှမ်းတဲ့ ပန်းချီကားတွေ အများစုပါ။ ၂၀၀၈ မှာတော့ Second Solo Show of Mon Thet ဆိုပြီး ပြသခဲ့ပါတယ်။ ဘာတွေ ပြသခဲ့သလဲ ဆိုတော့ မင်းသမီး ကကွက်တွေကို ပုံဖော်တင်ဆက်ခဲ့ပါတယ်။ ´ လို့ ပန်းချီဆရာ မွန်သက်က ပြောပြပါတယ်။
သူဟာ ၁၉၉၃ မှာ ပန်းချီနည်းပြ အဖြစ် ရန်ကုန် ပန်းချီပန်းပုကျောင်း စတင် တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး၊ ၂၀၀၅ ကနေ ၂၀၀၇ ခုနှစ် အထိ၊ ရေခဲဆိုင်မှတ်တိုင်အနီး ပန်းချီပန်းပုကျောင်းမှ ချင်းချောင်းပန်းချီပန်းပုကျောင်းကို ပြောင်းတဲ့ အထိ ကျောင်းအုပ်တာဝန်ယူ ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။
အနေအထိုင် ရိုးအေးရိုးရှင်းသလို စကားပြောရာမှာလည်း ပြုံးရွင်ဖော်ရွေစွာ ပြောဆိုတတ်တဲ့ ပန်းချီမွန်သက်ဟာ ယခင်က ရုပ်ပြစာအုပ် အတော်များများကိုလည်း ပန်းချီမြိတ်ဝင်းထိန်နဲ့ ပူးပေါင်းပြီး နောင်မွန်သက် အမည်နဲ့ ရေးဆွဲခဲ့ပါတယ်။ ကိုယ်ပိုင်ဇာတ်လမ်း၊ ကိုယ်တိုင်သရုပ်ဖော်၊ ကိုယ်တိုင် စာအုပ်အဖုံးကနေ စာအုပ် ဖြစ်သည်အထိ လုပ်ဆောင်ရတဲ့ မွန်သက်ဟာ နောက်ပိုင်းမှာ မွန်သက် အမည်နဲ့ ပန်းချီကားတွေ ဖန်တီးရေးဆွဲလာခဲ့တာလို့ သိရပါတယ်။
`ကျနော့် အမည်ရင်းက သက်ဦးပါ။ မွေးချင်း ညီအစ်ကို ၂ ယောက် ရှိပေမယ့် အစ်ကိုက ကျနော့်ထက် ၁၉ နှစ်လောက် ကြီးတယ်။ ကျနော့်ကို မွေးတဲ့ အချိန်မှာ အစ်ကို အရွယ်ရောက်နေပြီ။ အဲဒါကြောင့် ကျနော် ငယ်စဉ်ကတည်းက ညီအစ်ကို ကစားဖော်မရှိခဲ့ဘူး လို့ ဆိုနိုင်ပါတယ်။ အများအားဖြင့် တယောက်တည်း နေခဲ့ရတာ များတယ်လို့ ပြောရမယ်။ မွေးဖွားရာ ဇာတိက မင်္ဂလာဒုံပါ။ မွန်သက် လို့ အနုပညာအမည် ယူတာကတော့ ကျနော်က မွန် တိုင်းရင်းသား ဖြစ်လို့ပါ´လို့ ပြောပါတယ်။
ပန်းချီမွန်သက်ကို ၁၉၆၃ ခုနှစ်မှာမွေးဖွားပါတယ်။ ၁၉၈၀ ကနေ ၁၉၈၃ အထိ ရန်ကုန်ပန်းချီပန်းပုကျောင်း တက်ရောက်ခဲ့ ပြီးနောက် ရုပ်ပြလောကထဲ ဝင်ရောက် လုပ်ကိုင်ခဲ့တာလို့ သိရပါတယ်။ ပန်းချီနဲ့ ပတ်သက်ပြီး အသိအမှတ်ပြု ဆုတွေကတော့ ၂၀၀၂ ခုနှစ်မှာ ASEAN Art Award အထူးဆု၊ ၂၀၁၀ ခုနှစ်မှာ Myanmar Portrait Contest အထူးဆုတွေ ရရှိအောင်မြင်ခဲ့ပါတယ်။
အနုပညာ ဖိတ်ခေါ် ဆွေးနွေး ဟောပြာမှုတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာ Artist in Residency အဖြစ် လာအိုနိုင်ငံကို သွားရောက်ခဲ့ပြီး ၂၀၁၁ ခုနှစ်၊ ထိုင်းနိုင်ငံ နရဲစွမ် တက္ကသိုလ်မှာ ပြုလုပ်တဲ့ 1st ASEAN Art and Civilization Symposium, Art Workshop တွေ တက်ရောက်ခဲ့ပါတယ်။
ယခင်က Realism အခြေပြု ပန်းချီကားတွေ ရေးဆွဲဖန်တီးခဲ့ပြီးနောက် အစိမ်းရောင်လွှမ်းတဲ့ Expression ပန်းချီကားများ ပြောင်းလဲ ဖန်တီးလာတာက စိတ်ဝင်စားစရာပါ။ ယင်းနောက် ဆလုံလူမျိုးတွေရဲ့ သဘာဝကို Realism အခြေပြု ဖန်တီးမှုတွေကို ပြန်လည်ရေးဆွဲခဲ့ပါတယ်။ လက်ရှိမှာတော့ ကြည်လင်တဲ့ အရောင်တွဲစပ်မှု အပေါ် ရိုးရာဟန် လိုင်းတွေနဲ့ ဖွဲ့စည်းရေးဆွဲတဲ့ သူ့ရဲ့ သီးခြားဟန်တခုကို တွေ့ရပါတယ်။
`လက်ရှိ ကျနော် ပြောင်းလဲ ရေးဆွဲပုံနဲ့ ပတ်သက်ပြိး လိုင်းတွေရေးပြီး ဆေးဖြည့်ရေးတယ်လို့ ထင်နေကြပါတယ်။ တကယ်က မဟုတ်ဘူး၊ ကျနော်က စိတ်ကြိုက်အရောင်တွေ ကစားပြီး နောက်ခံကို အမျိုးမျိုးကို ကျေနပ်တဲ့ အထိ စမ်းသပ်တယ်။ ပြီးမှ အဲဒီအပေါ် လိုင်းတွေ၊ Figure (ပုံ) တွေ ဖြည့်ပြီး ပေါင်းဆင့် ဖန်တီးတာပါ။ Composition ချယူရတာ အချိန်ယူရတယ်´ လို့ ပန်းချီမွန်သက်က သူ့ရဲ့ ပန်းချီရေးဆွဲပုံ အဆင့်ဆင့်ကို ရှင်းပြပါတယ်။
ပန်းချီမွန်သက်ဟာ Abstract ပန်းချီကားတွေကို ကြည့်ရှုခံစားရတာကိုလည်း နှစ်သက်တယ်လို့ ဆိုပါတယ်။
`အရင်ကတော့ Abstract ပန်းချီကားတွေကို နားမလည်လို့ ဆိုပြီး မကြိုက်ခဲ့ဘူး၊ မခံစားခဲ့ဘူးပေါ့နော်။ နောက်ပိုင်း တဖြည်းဖြည်း ခံစားနားလည် လာတဲ့ အခါကျတော့ Abstract ကို တော်တော် နှစ်သက်သွားတယ်။ Realism နည်းအတိုင်း ရေးဆွဲ ဖန်တီးတာက ကြည့်သူ့ကို အလုံးစုံပေးအပ်တာ ဖြစ်ပြီး Abstract ကတော့ ကြည့်သူရဲ့ အမြင်အာရုံ ကနေ အတွေးတွေ၊ စိတ်ကူးတွေ ပေါင်းဆင့်ပြီး ခံစားရတဲ့ သဘော၊ ဖြည့်စွက်ခံစားရတဲ့ သဘော ရှိတာပေါ့။ လက်ရှိ ပန်းချီရေးဆွဲတဲ့ အခါမှာလည်း နောက်ခံအရောင်ကို ကျနော် စိတ်ကြိုက်ရေးဆွဲရင်းနဲ့ Colour Expression ကို ရှာဖွေခံစားပြီးမှ လိုင်းတွေ၊ ပုံတွေ ပေါင်းဆင့်တာပါ´လို့ ထပ်ဆင့် ပြောပါတယ်။
ပန်းချီကားတကား ရေးဆွဲဖို့ အတွက် သူ့ရဲ့ စိတ်ကိုရော ဘယ်လို ပြင်ဆင်ပါလိမ့်။ သူ့ကို မေးကြည့်တော့ – `ဘယ်လို ပြင်ဆင်လဲ ဆိုတော့ တခုတည်း တချက်တည်း ဖြေဖို့ ပြောဖို့ မလွယ်ဘူး ထင်တယ်။ တခါတလေ စိတ်မှာ မွေးယူထား တဲ့ အကြောင်းအရာ တခုခုကနေ ဖြစ်တည် လာတာမျိုး ရှိသလို တခါတလေကျတော့ ရုတ်တရက်လျှပ်တပြက် ရလာတဲ့ အတွေးစိတ်ကူး ကနေပြီးတော့လည်း ဖြစ်သွားတာမျိုးလည်း ရှိတယ်။ အဲဒီလို အခါမှာတော့ ပြင်ဆင်ချိန် တောာင် မရလိုက်ဘဲ သူ့ အလိုလို ဖြစ်သွားတာလည်း ရှိတယ်´ လို့ ပြောပါတယ်။
အနုပညာနဲ့ ဘာသာရေး ပေါင်းစည်း ပေါင်းစပ် ရှိတယ်လို့ ယူဆပါသလား၊ ဒါမှမဟုတ် သီးခြားစီသာ ဖြစ်တယ်လို့ ယူဆပါသလား လို့ ပန်းချီမွန်သက်ကို မေးကြည့်တော့ သူပြောတာက စိတ်ဝင်စားစရာပါ။
`အနုပညာနဲ့ ဘာသာရေးက အစဉ်အဆက် ဆက်စပ် ဆက်နွယ်လာတဲ့ သဘောရှိတယ်။ နှစ်ခုစလုံးရဲ့ တူညီတဲ့ အချက်လို့ ယူနိုင်တာက စိတ်ကို အခြေခံကြတာပါပဲ။ သို့ပေမယ့် လားရာတော့ မတူတော့ဘူးပေါ့။ အနုပညာနဲ့ ပတ်သက်ပြီး ကျနော်က အစွဲကင်းအောင် ကြိုးစားနေပါတယ်။ ကိုယ့်လက်ရာက အနုပညာ ဖြစ်ရဲ့လား၊ မဖြစ်ဘူးလား ဆိုတာ အမြဲဆန်းစစ်ပါတယ်။ အနုပညာဖြစ်အောင် ကျနော် အမြဲကြိုးစားပါတယ်´ လို့ ပြောပါတယ်။
ပြခန်းထဲက ပြန်အထွက်မှာတော့ နှင်းဆီပန်း ပန်းချီကားတွေရဲ့ အလွန်က ကြည်လင်လတ်ဆတ်တဲ့ ခံစားမှုတွေ ရစ်ဝဲ မွှေးပျံ့နေပါတော့တယ်။ ။