ကမ္ဘာကြီးပေါ်က တချို့လူမျိုးစုတွေဟာ ဝေးလံတဲ့ အရပ်ဒေသတွေမှာ နေထိုင်လေ့ ရှိကြပါတယ်။ သူတို့တတွေက တခြားလူမျိုးစုတွေနဲ့ အဆက်အဆံ မလုပ်ဘဲ သီးခြားနေထိုင်တတ်ကြသလို သူတို့တွေကျင့်သုံးလေ့ရှိတဲ့ ဓလေ့ထုံးစံတွေကလည်း တခြားလူတွေအတွက်တော့ အထူးအဆန်းဖြစ်နေတာ အမှန်ပါ။
သူတို့တွေဟာ ဒီနေ့ဒီအချိန်အထိ ရှေးဟောင်း အမဲလိုက်တဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ရပ်တည်နေနိုင်ခဲ့ကြပါတယ်။ အဲဒီလို ထူးဆန်းတဲ့ လူမျိုးစုတွေ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။
(၁) Huli မျိုးနွယ်စု
ဒီ Huli မျိုးနွယ်စုကတော့ ပါပူဝါနယူးဂီနီ (Papua New Guinea) နိုင်ငံမှာ နေထိုင်ကြတဲ့ လူမျိုးနွယ်စု တစုပါ။ ဘာသာစကားအနေနဲ့ Huli ၊ Tok Pisin နဲ့ အင်္ဂလိပ်စကားကို ပြောဆိုလေ့ ရှိကြပြီး ဘာသာရေးအနေနဲ့ ခရစ်ယာန်ဘာသာ ကိုးကွယ်သူတွေ ရှိကြသလို ရိုးရာနတ်တွေ ကိုးကွယ်တဲ့လူတွေလည်း ရှိကြပါတယ်။
(၂) Dogon မျိုးနွယ်စု
ဒီမျိုးနွယ်စုကတော့ အနောက်အာဖရိကရဲ့ ကုန်းတွင်းပိတ် နိုင်ငံတနိုင်ဖြစ်တဲ့ မာလီသမ္မတနိုင်ငံမှာ နေထိုင်ကြပါတယ်။ လူဦးရေအားဖြင့်ဆိုရင်တော့ ၄၀၀,၀၀၀ နီးပါးရှိပြီး အဲဒီလူတွေဟာ ကျေးရွာငယ်ပေါင်း ၇၀၀ လောက်မှာ နေထိုင်ကြပါတယ်။
သူတို့ရဲ့ ထူးဆန်းတဲ့အမူအကျင့်ကတော့ အာဖရိက သစ်ပင်တမျိုးက ရတဲ့ အခေါက်နဲ့ ပြုလုပ်ထားတဲ့ ကြိုးနဲ့ မြင့်မားတဲ့ တောင်ကမ်းပါးယံတွေ တက်ပြီး လင်းနို့ချေး၊ ခိုချေးတွေကို ရှာဖွေပြီး ဓာတ်မြေသြဇာအဖြစ် ပြန်လည် ရောင်းချလေ့ရှိပါတယ်။ ဒီလုပ်ငန်းဟာ သူတို့ရဲ့ ရိုးရာလုပ်ငန်းတခုဖြစ်ပြီး မြင့်မားတဲ့ တောင်ကမ်းပါးယံတွေပေါ်မှာ အသက်စွန့်ပြီး ရှာဖွေစားသောက်တဲ့ အလုပ်ကိုသာ လုပ်ကိုင်လေ့ ရှိကြပါတယ်။
(၃) Chimbu Skeleton Dancers မျိုးနွယ်စု
ဒီမျိုးနွယ်စုကတော့ ပါပူဝါနယူးဂီနီ နိုင်ငံမှာ နေထိုင်တဲ့ လူမျိုးစု တစုပါပဲ။ သူတို့ရဲ့ ခန္ဓာကိုယ်ကိုတော့ အရိုးခြောက်ပုံစံ ဆေးရောင်ခြယ်ထားလေ့ ရှိကြပါတယ်။ သူတို့တွေဟာ တောတောင် ထူထပ်တဲ့ အရပ်တွေမှာ နေထိုင်လေ့ ရှိပြီး သူတို့နေတဲ့ တောင်တန်းတွေက ပေ ၇၈၀၀ လောက် အမြင့် ရှိပါတယ်။
(၄) Kazakh golden eagle hunters
ဒီမျိုးနွယ်စုကတော့ မွန်ဂိုလီးယားနိုင်ငံ အတွင်းမှာ နေထိုင်တဲ့ မျိုးနွယ်စုတစုပါ။ သူတို့တွေဟာ အမဲလိုက်တဲ့အခါ သိမ်းငှက်တွေကို အသုံးပြုလေ့ ရှိသလို သူတို့ရတဲ့ သားကောင်တွေရဲ့ သားရေ စတာတွေကို ဝတ်ဆင်လေ့ ရှိကြပါတယ်။
ယောကျ်ားလေးတွေဟာ အသက် ၁၃ နှစ်ပြည့်တာနဲ့ အမဲလိုက်လေ့ ရှိကြပါတယ်။ အခုအချိန်မှာတော့ သူတို့ မျိုးနွယ်စုဟာ ၁၀၀,၀၀၀ လောက်သာ ရှိပြီး သိမ်းငှက်နဲ့ အမဲလိုက်တဲ့ အလုပ်ကို ဆက်လက် လုပ်ကိုင်နေသူ အရေအတွက်ကတော့ ၂၅၀ လောက်သာ ကျန်ပါတော့တယ်။
Ref : redbull