ချစ်သူရည်းစားကိစ္စများနဲ့ ပတ်သက်ပြီး ပရိသတ်ကို မကြာခဏ စိတ်လှုပ်ရှားအောင် ပြုလုပ်လေ့ရှိတဲ့ ပိုင်တံခွန်ကတော့ သူ့ရဲ့ရည်းစားကို ချပြမှာ မဟုတ်ဘဲ တွဲပြီးမှပြတ်သွားခဲ့ရင် နှစ်ယောက်လုံး အရှက်ကွဲရမယ့် အဖြစ်မျိုး မဖြစ်ချင်ဘူးလို့ ပြောပါတယ်။
“ရည်းစားက မရှိပါဘူး။ ဒီလိုပဲ စနောက်နေတာ။ ကျနော်ချစ်တဲ့ ကောင်မလေးတော့ ရှိတယ်။ ဖွင့်တော့ မပြောရသေးဘူး။ အခုလို ခေတ်ကြီးမှာဆိုရင် ကျနော်က ရည်းစားဖြစ်သည့် တိုင်အောင် မီဒီယာကိုလည်း ချပြနေမှာ မဟုတ်ဘူး။ တွဲပြီးမှ ပြတ်သွားရင် နှစ်ယောက်လုံး အရှက်ကွဲမှာ အဲဒီလို အဖြစ်မျိုး ကျနော် မဖြစ်ချင်လို့။ အမှန်အတိုင်းပြောရရင် နည်းနည်း ရွေးချယ်ရခက်နေတယ်” လို့ ပိုင်တံခွန်က ပြောပါတယ်။
ပိုင်တံခွန်ကတော့ သူချစ်နေတဲ့ ကောင်မလေးကို ချစ်နေတဲ့အကြောင်း ဖွင့်မပြောရသေးဘဲ သူတကယ်ချစ်ပြီး တကယ် ယူနိုင်မယ့်သူကိုတော့ ပရိသတ်ကို ပြောပြသွားပါမယ်လို့ ဆိုပါတယ်။
“တကယ်လို့ ကျနော့်ဆီမှာ ရှိခဲ့မယ်ဆိုရင် ပရိသတ်ကို ဖုံးကွယ်မှာ မဟုတ်ဘူး။ ချပြမှာပါ။ အလောတကြီးနဲ့လည်း ပရိသတ်ကို ချပြမှာ မဟုတ်ဘူး။ ကျနော် တကယ်ယူနိုင်မယ်။ ကျနော့် အခြေအနေက အဆင်ပြေပြီ။ ကျနော့် ကောင်မလေးကိုလည်း ကျနော် တာဝန်ယူနိုင်ပြီဆိုရင် ချပြမှာပါ” လို့ ပိုင်တံခွန်က ဆိုပါတယ်။
လောလောဆယ်မှာတော့ သူချစ်နေတဲ့ ကောင်မလေးဘယ်သူလဲဆိုတာကိုတော့ မပြောပြခဲ့ဘဲ လျို့ဝှက်ထားပါသေးတယ်။
သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေကိုတော့ Brand Ambassador အဖြစ်လက်ခံထားတာတွေကိုပဲ ကြော်ငြာရိုက်ကူးနေပြီး ဇာတ်ကားရိုက်ကူးမှုများကိုတော့ စာမေးပွဲရှိတာကြောင့် ခဏနားထားပါတယ်လို့ သိရပါတယ်။
“လက်ရှိမှာတော့ ကျနော် Brand Ambassador အဖြစ်လက်ခံထားတာတွေကို ကြော်ငြာ ရိုက်နေတယ်။ ကားရိုက်တွေတော့ ခဏနားထားတယ်။ ဒီလက မော်ဒယ်အလုပ်ပဲ များနေတယ်။ ပြီးတော့ စာမေးပွဲရှိတာရော သင်တန်းတွေလည်းရှိတာကြောင့် ခဏ နားထားတယ်” လို့ ပိုင်တံခွန်က ပြောပါတယ်။
မိန်းကလေးပရိသတ်တွေအများစုရဲ့ ချစ်ခင်မှုကို သိမ်းပိုက်ထားတဲ့ ပိုင်တံခွန်ကတော့ မော်ဒယ် အလုပ်တွေသာမက ယခုနောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူး လာခဲ့ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – အသက် ၃၀ ကျော်ရင် အိမ်ထောင်ပြုဖို့ စဉ်းစားမယ်ဆိုတဲ့ မော်ဒယ်လ် ပိုင်တံခွန်နဲ့ တွေ့ဆုံခြင်း