“The Nun” ရုပ်ရှင်ကတော့ နိုင်ငံတကာရုံဝင်ငွေ စာရင်းကို လွှမ်းမိုးထားပြီဖြစ်ပါတယ်။ ရုံတင်ပြီး စတုတ္ထမြောက် သီတင်းပတ်ရောက်ရှိလာချိန်မှတော့ Warner Bros. ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ အဲဒီသည်းထိတ်ရင်ဖို ရုပ်ရှင်ဟာ နံပါတ် ၁ နေရာမှာ ရယူထားနိုင်တာကို တွေ့ရပါတယ်။ ဈေးကွက်ပေါင်း ၈၀ မှာ ဒေါ်လာ ၁၆ ဒဿမ ၂ သန်း ရရှိထားပြီး လက်ရှိ အထိတော့ ဝင်ငွေ ၂၂၁ သန်း ရရှိထားပါတယ်။
တကမ္ဘာလုံးမှာတော့ဝင်ငွေ ဒေါ်လာ သန်း ၃၃၀ ရရှိထားတဲ့ “The Nun” ရုပ်ရှင်ဟာ “Conjuring” ရုပ်ရှင်တွေထဲမှာ ဝင်ငွေအများဆုံး ရရှိတဲ့ ရုပ်ရှင် ဖြစ်လာပါပြီ။
ဒါပေမယ့် Universal ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ “Johnny English Strikes Again” ရုပ်ရှင်ကတော့ နိုင်ငံတကာ ဈေးကွက် ၄၁ ခုမှာ ဒေါ်လာ ၁၄ ဒဿမ ၂ သန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
Mr.Bean လို့ လူသိများတဲ့ မင်းသား Rowan Atkinson ပါဝင်ထားတဲ့ အဲဒီရုပ်ရှင်ကတော့ Johnny English ရုပ်ရှင်စီးရီးရဲ့ တတိယမြောက်ဇာတ်လမ်းဖြစ်ပါတယ်။ ဗြိတိသျှဟာသစပိုင်ဇာတ်လမ်းဟာ အင်ဒိုနီးရှား၊ ဖင်လန်၊ အိန္ဒိယနဲ့ နော်ဝေနိုင်ငံတို့မှာ ဝင်ငွေကောင်းခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့် အမေရိကန်နိုင်ငံမှာတော့ အောက်တိုဘာလ ၂၆ ရက်နေ့မှာ ရုံတင်မှာဖြစ်ပါတယ်။
Warner Bros. ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ “Smallfoot” အန်နီမေးရှင်းဟာသရုပ်ရှင်ကတော့ ဒေါ်လာ ၁၄ သန်း ဝင်ငွေ ရရှိထားပါတယ်။ အဲဒီအန်နီမေးရှင်းရုပ်ရှင်မှာတော့ Channing Tatum, James Corden, Common, LeBron James နဲ့ Zendaya တို့က အသံသရုပ်ဆောင်တွေအဖြစ် ပါဝင်ထားကြပါတယ်။ မြောက်အမေရိက ဒေသမှာတော့ ဝင်ငွေ ဒေါ်လာ ၂၃ သန်း ရရှိထားတယ်လို့ ဆိုပါတယ်။
“Smallfoot” ရုပ်ရှင်ဟာ မက္ကဆီကို၊ သြစတေးလျနဲ့ ဘရာဇီးနိုင်ငံတို့မှာလည်း ဝင်ငွေကောင်းခဲ့တာကို တွေ့ရပါတယ်။
Disney-Pixar ရဲ့ “Incredibles 2” ရုပ်ရှင်ကတော့ ဒေါ်လာ ၁၁ ဒဿမ ၉ သန်း ရရှိထားပါတယ်။ အဲဒီအန်နီမေးရှင်း စူပါဟီးရိုးရုပ်ရှင် ကိုပြီးခဲ့တဲ့ သီတင်းပတ် ၁၆ ပတ်လောက်စလို့ ရ့ုတင်ခဲ့တာဖြစ်ပြီး အခုထိ စုစုပေါင်း ရုံဝင်ငွေ ဒေါ်လာ ၁ ဒဿမ ၂ ဘီလီယံရရှိထားပြီဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီရုပ်ရှင်ကို ဂျာမနီနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်မှာမှ စတင်ရုံတင်ခဲ့ပေမယ့် ဒေါ်လာ ၅ ဒဿမ ၇ သန်းရရှိထားပါတယ်။ Disney ရဲ့ “Frozen” ရုပ်ရှင်နောက်ပိုင်း ဒုတိယမြောက် ရုံဝင်ငွေအများဆုံး အန်နီမေးရှင်းရုပ်ရှင် ဖြစ်လာပါတယ်။
နံပါတ် ၅ အထိ စာရင်းထဲမှာတော့ “The House With a Clock in Its Walls” ရုပ်ရှင်လည်း ပါဝင်ပါတယ်။ မင်းသား Jack Black နဲ့ မင်းသမီး Cate Blanchett တု့ိရဲ့ ထူးခြားဆန်းကြယ် စိတ်ကူးယဉ်ရုပ်ရှင်ဟာ ဒေါ်လာ ၂၁ သန်း ဝင်ငွေ ရရှိထားပါတယ်။ Universal ရဲ့ “Night School” ရုပ်ရှင်ကတော့ ဒေါ်လာ ၅ ဒဿမ ၅ သန်း ရရှိထားပါတယ်။
Ref: variety