ဆိုရှယ်မီဒီယာမှာ မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ ဆယ်ကျော်သက် လူငယ် အဆိုတော် အုပ်စိုးခန့်က သရုပ်ဆောင် မိန်းကလေးတယောက်နဲ့ ချစ်သူဖြစ်နေတယ် ဆိုတဲ့ ကောလာဟလ သတင်းတွေအပေါ် စိတ်ပူနေကြတဲ့ ပရိသတ်တွေကို စိတ်မပူကြဖို့ အခုချိန်မှာ အလုပ်တွေသာ ခေါင်းထဲထည့်ထားကြောင်း ဧရာဝတီကို ပြောပါတယ်။
“ကျနော့်ကို ချစ်သူရနေပြီဆိုပြီး ပြောနေကြတယ်။ ဒါကတော့ ပြောကြမှာပါပဲ။ အနုပညာလောကထဲကို ခြေစုံပြစ်ဝင်ပြီ ဆိုကတည်းက ဒီသတင်းတွေကလည်း မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ထွက်လာမှာပဲ။ အဲ့အတွက် ဘာမှ မပြောပါဘူး။ အေးအေးဆေးဆေးပဲ။ အလုပ်တခုပဲ ခေါင်းထဲ ထည့်ထားပါတယ်။ ကျနော် ဘာမှ မစဉ်စားပါဘူး”လို့ အုပ်စိုးခန့်က ပြောပါတယ်။
အုပ်စိုးခန့်ရဲ့ စိတ်ကူးထဲက ကြိုက်တဲ့ မိန်းကလေးပုံစံက ဘယ်လိုပုံစံလဲဆိုတဲ့ အမေးကိုလည်း အခုလိုပဲ ပြန်ဖြေပါတယ်။
“ကျနော်ကြိုက်တဲ့ ကောင်မလေးပုံစံက ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ကျနော့်ကို နားလည်မှုတွေ ပေးရမယ်။ ကျနော့်ကို အများကြီး ချစ်ပေးရမယ်။ ကျနော်ကြိုက်တဲ့ ကောင်မလေးက ဆံပင်ရှည်လေးဆိုရင် ကြိုက်တယ်။ ကျနော့်ကို စိတ်ပူပေးကြတဲ့အတွက် စိတ်မပူပါနဲ့။ ဂီတရယ်၊ မိဘရယ်၊ ကျနော့် ပရိသတ်တွေရယ်ပဲ ရှိပါတယ်။ ကျနော် လောလောဆယ် အလုပ်တွေပဲ ခေါင်းထဲ ထည့်ထားမှာမို့ စိတ်မပူကြပါနဲ့”လို့ အုပ်စိုးခန့်က ပြောပါတယ်။
အဆိုတော် အုပ်စိုးခန့်က ဒီလအတွင်း သူရဲ့ ပထမဦးဆုံး တကိုယ်တော်ခွေ “The Number One” တေးစီးရီးကိုလည်း ဖြန့်ချိလိုက်ပါတယ်။ ၃ နှစ်လောက် အချိန်ယူပြင်ဆင်ထားတဲ့ အခွေကို အများကြီး ကြိုးစားထားတယ်လို့ ဆိုပါတယ်။
“ကျနော့် ခွေနာမည်လေးကို The Number One လို့ ပေးထားပါတယ်။ ခွေနာမည် ပေးဖြစ်တာကတော့ ကျနော် အသက် ၁၆၊ ၁၇ မှာ ပထမဆုံးထွက်တဲ့ အခွေ ဖြစ်တဲ့အတွက် Number One ဆိုပြီးပေးဖြစ်ခဲ့ပါတယ်။ ဒီခွေကတော့ Top One ဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်လေးလည်း ပါပါတယ်။ ဒီခွေထဲမှာ သီချင်းက ၁၄ ပုဒ် ပါတယ်။ ရသမျိုးစုံပါအောင် ကြိုးစားထားပါတယ်”လို့ အုပ်စိုးခန့်က ဆိုပါတယ်။
“ကျနော် အခွေ မထွက်ခင်တုန်းကလည်း သီချင်းတွေ တင်ပေးပါတယ်။ Promotion ပွဲလည်း လုပ်မှာပါ။ ၂၀၁၉၊ ဇန်နဝါရီလ ၆ ရက်နေ့ Junction Square မှာ လုပ်မှာပါ။ ကျနော့် အခွေလေးကို ကြိုးစားထားပါတယ်။ ငွေရော၊ လူရော၊ အချိန်ရော အများကြီးရင်းပြီး ကြိုးစားထားပါတယ်။ ကြိုးစားရကျိုးနပ်အောင် အားပေးကြပါ”လို့ အုပ်စိုးခန့်က ပြောပါတယ်။
အဆိုတော် အုပ်စိုးခန့်ရဲ့ အခွေမထွက်ခင်က အွန်လိုင်းကနေ တင်ပေးခဲ့တဲ့ “ချစ်နေပြီ” သီချင်းကိုလည်း ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြပြီး နောက်ပိုင်း အွန်လိုင်းကနေ Music Video တွေ တင်ပေးသွားမယ်လို့ သူကဆိုပါတယ်။