ဟာသသရုပ်ဆောင် ဒိန်းဒေါင်က ဇာတ်ကားတွေလည်း ရိုက်ကူးနေသလို ဖျော်ဖြေပွဲတွေမှာလည်း ဖျော်ဖြေနေသူ တယောက်ပါ။ အနုပညာအလုပ်တွေ နည်းပါးနေတာကြောင့် အနုပညာလောကနဲ့ ဝေးဖို့များနေလာပြီလို့ ဆိုပါတယ်။
“ကိုယ့်ထက်သာတဲ့သူ ကိုယ့်ထက်တော်တဲ့သူ ပေါ်လာမှာပဲလေ။ အားလုံးကတော့ အဆင်းအတက် အနိမ့်အမြင့် ဆိုတာ တော့ရှိနေမှာပဲ။ လောက သဘာဝတရားကိုပဲ ပုံချရမလိုပါပဲ။ ကျနော်တို့တောင် ကားရိုက်တွေ တော်တော် ကိုကြဲနေပြီ။ ဦမိုးဒီအင်တာဗျူးလေး နားထောင်မိတယ်။ စိတ်ထဲကိုတော်တော် မကောင်းဘူး”
“အားလုံးကသေဖို့ရက်ကို စောင့်နေပြီးတော့ ဆင်းရဲဒုက္ခတွေနဲ့ ဒုက္ခရောက်နေကြတယ်။ ဘယ်သူမှလည်း မကယ်နိုင်ဘူး။ ဖေကြီးဦးမိုးဒီပြောသလို စုဆောင်းထားတဲ့ ပုဂ္ဂိုလ်က အဆင်သင့်လေး နေနိုင်စားနိုင် သောက်နိုင်မှု နည်းနည်းရှိသလိုပေါ့။ တနေ့လုပ်မှတနေ့စားရတဲ့ ဘဝကတော့ သနားဖို့ကောင်းတယ်” လို့ ဒိန်းဒေါင်က ဆိုပါတယ်။
သရုပ်ဆောင်လောကမှာ ဗီဒီယိုဈေးကွက်ပျက်ပြီး အနုပညာရှင်တချို့ စားဝတ်နေရေးခက်ခဲလာမှုတွေ နေတဲ့အတွက် သရုပ်ဆောင်လောကနဲ့ကင်းကွာနေသူများလည်း များပြားလာပါတယ်။ အလုပ်အကိုင်ရှားမှုအပေါ် ဟာသလူရွှင်တော် ဒိန်းဒေါင်က သူရဲ့ခံစားချက်နဲ့ အခြေအနေကို အခုလို ဆိုပါတယ်။
“အနုပညာလောကနဲ့ ကင်းလွတ် သွားနိုင်တယ်။ အဲ့ကျရင် အနုပညာအရည်အသွေးတွေ နိမ့်သွားမှာကျိန်းသေတယ်။ ကျနော်တောင် အနုပညာလောကနဲ့ ဝေးဖို့များနေပြီလို့ ကျနော်ထင်တယ်။ အဲ့စကားက ကျနော်မပြောဘူးလို့ ဆုံးဖြတ်ထားတာ အဲ့လိုဖြစ်ဖို့ တဖြည်းဖြည်းများလာပြီ။ စိတ်လည်းနာလာပြီ”လို့ ဒိန်းဒေါင်က ပြောပါတယ်။
ဒိန်းဒေါင်ဟာ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးဖြစ်နေတာတွေ့ရသလို သူကိုယ်တိုင် ဒါရိုက်တာ အဖြစ် ရိုက်ကူးတဲ့ ဇာတ်ကားတွေလည်း ရှိလို့နေပါတယ်။ ဒိန်းဒေါင်က လက်ရှိမှာ လူရွှင်တော်အသင်းရဲ့ ဥက္ကဌ အနေနဲ့လည်း ဆောင်ရွက်နေသူဖြစ်ပါတယ်။