Entertainment

"လူကြီးတွေ ကိုယ့်အသိစိတ်နဲ့ကိုယ် နုတ်ထွက်တာ ကောင်းတယ်"လို့ ဒါရိုက်တာ မောင်မျိုးမင်း ပြော

၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီပေးပွဲကြီး ကျင်းပပြီးစီးပြီးနောက် ဝေဖန်မှုတွေ ရှိနေတဲ့အပေါ် ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က သူ့ရဲ့ အမြင်များကို အခုလိုပဲ ပြောပါတယ်။

“အကယ်ဒမီ ပေးပွဲကို သုံးသပ်ပေးပါဆိုတော့ သူတို့တွေလည်း အလုပ်လုပ်ကြပါတယ်။ ပွဲတပွဲ စီစဉ်တာ ဘယ်လောက် ပင်ပန်းတယ်ဆိုတာလည်း သိပါတယ်။ အတိုက်အခံတွေလည်း ရှိတယ် ဆိုတာ သိပါတယ်။ ဦးဌေး (ဦးဇင်ဝိုင်း) လည်း အကောင်းဆုံး အဆင်ပြေအောင် လုပ်သွားပါတယ်။ ဝေဖန်သံတွေလည်း ကြားပါတယ်။ ကြားရချိန်မှာ သူစွန့်လွှတ်လိုက်ရတဲ့ ကိုယ်ကျိုးတွေလည်း ရှိပါတယ်။ အကယ်ဒမီ ဘုတ်အဖွဲ့ရဲ့ လုပ်ရပ်ကို သူပဲ အပြောခံရတဲ့အခါ သူလည်း တော်တော် နာကျင်ပါတယ်။ သူဘာလို့ နာကျင်လဲဆို သူက ဒီလောကကို ချစ်တာကိုး”

“အဲ့တော့ ကျနော်တို့လည်း အစောကတည်းက ပြောပါတယ်။ အသက် ၃၀ လောက် ရိုက်ထားတာကို အသက် ၇၀ ကျော်တွေက အကဲဖြတ်တဲ့အခါ ဘယ်လိုလုပ် မှန်ကန်နိုင်မလဲ။ နှစ် ၄၀ လောက် Generation ခေတ်ကို သူတို့ ဘယ်လိုလုပ် အမှီလိုက်မလဲ။ လူကြီးတွေက လူငယ်တွေကို အထင်မကြီးဘူး။ လူငယ်တွေလည်း လူကြီးကို အထင်မကြီးဘူး။ အခု လူကြီးတွေလည်း စိတ်ပျက်နေလောက်ပါပြီ။ လူကြီးတွေလည်း လူငယ်တွေကို ဖယ်ပေးသင့်နေပါပြီ။ ကိုယ့်အသိစိတ်နဲ့ကိုယ် နုတ်ထွက်တာလည်း ကောင်းပါတယ်”လို့ ဒါရိုက်တာ မောင်မျိုးမင်က ပြောပါတယ်။

ဆက်လက်ပြီး ဒါရိုက်တာ မောင်မျိုးမင်းက သူရိုက်ကူးခဲ့တဲ့ “မှော်ဝင်သမန်းကျား” ရုပ်ရှင်နဲ့ ၂၀၁၈ ခုနှစ်အတွက် “အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု” ရရှိခဲ့တဲ့ သရုပ်ဆောင် သူထူးစံနဲ့ ပတ်သက်ပြီးလည်း သူ့အမြင်ကို အခုလိုပဲ ဆိုပါတယ်။

“မှော်ဝင်သမန်းကျား” စာနယ်ဇင်း ရှင်းလင်းပွဲမှာ တွေ့ရတဲ့ ထုတ်လုပ်သူ ခွန်းဆင့်နေခြည်နဲ့ ဒါရိုက်တာ မောင်မျိုးမင်း (ဓာတ်ပုံ – ချစ်ပိုး/ဧရာဝတီ)

“မှော်ဝင်သမန်းကျား ကားလေးမှာ ဇာတ်ကားထဲက သရုပ်ဆောင် ဆုရတော့ ထင်မထားဘူး။ ကျနော်တို့ ထင်မထားသလို သရုပ်ဆောင်ကလည်း ထင်ထားမှာ မဟုတ်ဘူး။ ထင်မထားဘဲ ရသွားခဲ့တာပေါ့။ သူထူးစံရသွားတာကိုလည်း ကျနော်တို့ ကျေနပ်ပါတယ်။ အိမ်ထောင်လည်း ပြုသွားပြီ။ ကားလည်း သိပ်မရိုက်ရတော့တဲ့ အချိန်မှာ ရသွားတဲ့အတွက် အနုပညာဆိုတာ အရွယ်နဲ့ စန်းနဲ့ မဆိုင်ဘူး။ အနုပညာရှိလို့ ရသွားတဲ့အတွက် အနုပညာတွေ လုပ်ပြရတော့မယ်”လို့ ဒါရိုက်တာ မောင်မျိုးမင်းက ပြောပါတယ်။

ဒါ့အပြင် အကယ်ဒမီ ဆုပေးပွဲမှာ နှင်းဆီအငြိမ့်ရဲ့ အဖွဲ့ဝင် တဦးဖြစ်သူ ကျော်ကျော်ဗိုက “မုန်းစွဲ” ရုပ်ရှင်နဲ့ ဇာတ်ပို့ဆု ရရှိသွားတဲ့အပေါ်မှာလည်း ကျေနပ်ဝမ်းသာမိတယ်လို့ ဒါရိုက်တာ မောင်မျိုးမင်းက ဆိုပါတယ်။

“ဒီနှစ်ကတော့ ကျော်ကျော်ဗိုပေါ့။ နှင်းဆီအဖွဲ့ထဲက တယောက် ရတယ်။ နေတိုးကတော့ နောက်နှစ် ရမှာပါ။ အရင်တုန်းကလည်း ရထားပြီးသား ဆိုတော့လေ။ သူ တကယ် သေချာပေးမယ်ဆိုရင် တနှစ် တဆုတောင် ယူလို့ ရတယ်။ နှစ်တိုင်း ရနေမှာပဲလေ။ သူကတော့ တကယ် ပါရမီရှင်ပါပဲ။ ကိုကြံ့ (ကျော်ကျော်ဗို) ကလည်း ဦးမျိုးရဲ့ နှင်းဆီအဖွဲ့ထဲက သားတယောက်ပဲ။ သူ့အတွက် ဂုဏ်ယူပါတယ်။ နှင်းဆီပွင့်လွှာ တချပ် ရွှေချခွင့် ရသွားတယ်။ အဖွဲ့ထဲမှာ ရဲလေး ကျန်သေးတယ်။ ရဲလေးရရင်တော့ အကယ်ဒမီ နှင်းဆီဆိုပြီး ကပြဦးမယ်’’ လို့ မောင်မျိုးမင်းက ပြောပါတယ်။

အကယ်ဒမီ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ဟာ လက်ရှိမှာလည်း အောင်မြင်မှုတွေနဲ့ ရပ်တည်နေတဲ့ ဒါရိုက်တာ တဦးပါ။ သူရိုက်ကူး ပုံဖော်လိုက်တဲ့ ဇာတ်ကားတိုင်းဟာ ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့ပြီး ယခုနှစ်မှာ အကယ်ဒမီ စာရင်းဝင်ခဲ့တဲ့ “မှော်ဝင်သမန်းကျား”ရုပ်ရှင်ကိုလည်း ဖန်တီး ရိုက်ကူးခဲ့ပါတယ်။

Loading