“Pokemon: Detective Pikachu” ရုပ်ရှင်ဟာ ပထမဆုံးဖြန့်ချိတဲ့ သီတင်းပတ်မှာ ဒေါ်လာ ၅၈ သန်း ရရှိခဲ့ပြီး ဗီဒီယိုဂိမ်းကို အခြေခံရိုက်ကူးတဲ့ ရုပ်ရှင်ကားအတွက်တော့ ဝင်ငွေအကောင်းဆုံးစံချိန်ကို ရရှိခဲ့ပါတယ်။
အရင်တုန်းက ဗီဒီယိုဂိမ်းကို အခြေခံတဲ့ ရုပ်ရှင်ထဲမှာ ထိပ်ဆုံးမှာ ရှိခဲ့တဲ့ ရုပ်ရှင်က မင်းသမီး အင်ဂျလီနာဂျိုလီရဲ့ “Tomb Raider” ရုပ်ရှင်ဖြစ်ပြီးတော့ အဖွင့်သီတင်းပတ်မှာ ဝင်ငွေ ဒေါ်လာ ၄၇ သန်း ရရှိခဲ့ပါတယ်။ အခုလိုမျိုး “Detective Pikachu” က ဝင်ငွေကောင်းခဲ့ပေမယ့် ဒေါ်လာ ၆၅ သန်းဝင်ငွေရခဲ့တဲ့ “Avengers: Endgame” ရုပ်ရှင်ကိုတော့ ထိပ်ဆုံးနေရာကနေ ဖယ်ရှားနိုင်ခဲ့တာ မရှိပါဘူး။
Box Office Mojo ကနေ ရရှိထားတဲ့ အချက်အလက်တွေ အရဆိုရင် “Endgame” ရုပ်ရှင်ဟာ မြောက်အမေရိက ဝင်ငွေစာရင်းမှာ ဒေါ်လာ ၇၂၃ ဒဿမ ၅ သန်းရရှိထားခဲ့ပြီလို့ သိရပါတယ်။ ဒီ့အရင် ရုပ်ရှင် ဖြစ်တဲ့ “Avengers: Infinity War” ကတော့ ဒေါ်လာ ၆၇၉ သန်း ရရှိထားပြီး “Black Panther” ရုပ်ရှင်ကတော့ ဒေါ်လာ သန်း ၇၀၀ မြောက်အမေရိပြည်တွင်းမှာ ရရှိခဲ့ပါတယ်။
“Endgame” ရုပ်ရှင်ဟာ လက်ရှိမှာ ကမ္ဘာတဝန်းဝင်ငွေ ဒုတိယအများဆုံး ရုပ်ရှင်ဖြစ်နေခဲ့ပြီးတော့ စုစုပေါင်းဝင်ငွေ ဒေါ်လာ ၂ ဒဿမ ၄၈ ဘီလီယံရရှိထားပြီး ဖြစ်ပါတယ်။ သူ့အပေါ်မှာ ရှိနေတဲ့ “Avatar” ရုပ်ရှင်ကတော့ ဒေါ်လာ ၂ ဒဿမ ၇၈ ဘီလီယံနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေဆဲ ဖြစ်ပါတယ်။
တတိယနေရာမှာရှိနေတာက မင်းသမီး Anne Hathaway ဦးဆောင်ပါဝင်တဲ့ “The Hustle” ရုပ်ရှင်ဖြစ်ပြီး ဝင်ငွေ ဒေါ်လာ ၁၃ ဒဿမ ၅ သန်းရရှိခဲ့ပါတယ်။ ထိပ်ဆုံးဝင်ငွေ အများဆုံး ရုပ်ရှင်တွေထဲမှာတော့ ဒေါ်လာ ၆ ဒဿမ ၆ သန်းရရှိထားတဲ့ “The Intruder” က စတုတ္ထနေရာ၊ ဒေါ်လာ ၆ ဒဿမ ၁ သန်း ရရှိထားတဲ့ “Long Shot” ရုပ်ရှင်ကတော့ ပဉ္စမနေရာမှာ အသီးသီး ရပ်တည်နေပါတယ်။
Ref: etcanada