Entertainment

လက်ရှိ ဈေးရောင်းနေပေမယ့် အသက်မွေးဝမ်းကျောင်းက သရုပ်ဆောင် အလုပ်ပါလို့ ပြောတဲ့ အိတုံ

မြန်မာရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားများမှာ သရုပ်ဆောင်တဲ့ ဇာတ်ပို့၊ ဇာတ်ရံ သရုပ်ဆောင် အိတုံကတော့ ရုပ်ရှင်ဇာတ်ကားများ ခေါ်မရိုက်တာကြောင့် အွန်လိုင်းမှာ Facebook Live လွှင့်ပြီး အိတ်များ ရောင်းနေရပေမယ့် အသက်မွေးဝမ်းကြောင်းအလုပ်က သရုပ်ဆောင် အလုပ်ပါပဲလို့ ပြောပါတယ်။

“အွန်လိုင်းရှော့ပင်း လုပ်ရတယ်ဆိုတာ ဒီဘက်မှာ အခြေအနေမကောင်းလို့သာ အဲ့ဘက်ကို ခဏလှည့်ရတာပါ။ ရူတင်တွေ အဆင်ပြန်ပြေတဲ့အခါကျရင်တော့ ရုပ်ရှင်ဘက်ကိုပဲ လှည့်မှာပါ။ ကိုယ်တွေက ရုပ်ရှင်နဲ့ပဲ အသက်မွေးဝမ်းကြောင်းပြုပြီး ရုပ်ရှင်နဲ့ပဲ စားလာတဲ့သူ ဖြစ်တဲ့အတွက် ဒီအနုပညာကြေးလေးနဲ့ပဲ ရပ်တည်လာတာ ဖြစ်တဲ့အတွက် ရုပ်ရှင်ကတော့ ခေါ်ရင် အမြဲရိုက်မှာပါ။ အခုက မခေါ်လို့ မရိုက်ရတာပါ” လို့ ဇာတ်ပို့ သရုပ်ဆောင် အိတုံက ပြောပါတယ်။

ရုပ်ရှင်ကားရိုက်များက ခေါ်ပြီးရိုက်တာ မရှိတော့တဲ့အတွက် ဈေးရောင်းနေရပြီး ဇာတ်ပို့၊ ဇာတ်ရံများ အားလုံးနီးပါး မရိုက်ရဘူးလို့ သူက ဆိုပါတယ်။

“ရုပ်ရှင်က မရိုက်တာ မဟုတ်ဘူး။ ရုပ်ရှင်ကရိုက်ဖို့ ခေါ်ကို မခေါ်လို့ မရိုက်ရတာပါ။ မခေါ်ဘူး ဆိုတာကလည်း အိတုံမှ မဟုတ်ပါဘူး။ အကုန်လုံးပါပဲ။ အကုန်လုံးက မရိုက်ရဘူး။ ဘယ်သူမှလည်း သိပ်မရိုက်ကြဘူးဆိုတော့လေ အဲဒါကြောင့်ပါ”လို့ အိတုံက ပြောပါတယ်။

အိတုံကတော့ အွန်လိုင်းမှတဆင့် အိတ်များကို Facebook Live လွှင့်ပြီးရောင်းနေရာမှ အခုဆိုရင်တော့ ဟင်းများ၊ ပုရစ်ကြော်များ၊ အင်္ကျီများလည်း ရောင်းချနေပြီလို့ သိရပါတယ်။

“အိတ်တွေ ရောင်းတယ်။ အခုဆိုရင် နည်းနည်းစုံလာပြီ။ ဟင်းတွေရော၊ အင်္ကျီတွေရော၊ ပုရစ်တွေရော တော်တော် စုံပါတယ်။ အိတ်ကတော့ အဓိကပေါ့။ ကျမကလေ အွန်လိုင်းကနေ အရင်ကဆို ဝယ်ဖြစ်တယ်။ ဒါပေမဲ့ အွန်လိုင်းက ပုံနဲ့ ကိုယ့်ဆီ ရောက်လာတာနဲ့က မတူဘူး။ အဲ့လိုတွေဖြစ်တော့ ကိုယ် Live လွှင့်ပြီးရောင်းတဲ့အခါကျတော့ ဝယ်တဲ့သူက ပစ္စည်းရဲ့အသွေးအမွေးလည်း မြင်ရမယ်။ အပြင်မှာလည်း ဒီပုံစံအတိုင်းလေးပဲရှိတာဆိုတဲ့ စိတ်ကူးနဲ့ရောင်း ဖြစ်သွားတာပါ”လို့ အိတုံကပြောပါတယ်။

အခုလိုဈေးရောင်းနေရတာဟာ ရှူတင် မရှိတဲ့အချိန်မှာ တဖက်တလမ်းက ဝင်ငွေရတဲ့အတွက် ပျော်ရွှင်နေပြီး ဝင်ငွေရတဲ့အတွက် အခက်အခဲသိပ်ရှိမသွားဘူးလို့ သူက ဆိုပါတယ်။

“ပျော်တာပေါ့နော်။ ရှူတင် မရှိတဲ့အချိန်မှာ ကိုယ့်အတွက် တဖက်တလမ်းဝင်ငွေပေါ့။ ကိုယ့်ရဲ့စီးပွားရေးလို့လည်း ပြောလို့ရသွားပြီ။ ရှူတင်ခဏ နားနေတဲ့အချိန်လေးမှာ ဒါလေး လုပ်လိုက်ရတဲ့အတွက် ကိုယ်တွေအတွက် အခက်အခဲတော့ သိပ်မရှိသွားဘူးပေါ့။ ကိုယ့်ရဲ့ထမင်းရှင်၊ ကျေးဇူးရှင်တွေပဲပေါ့” လို့ အိတုံကပြောပါတယ်။

အိတုံကတော့ လက်ရှိမှာ သရုပ်ဆောင်အလုပ်ကို ရပ်နားထားရပေမယ့် အွန်လိုင်းပေါ်ကနေ ဈေးရောင်းချနေပြီး ချစ်စရာကောင်းတဲ့ သမီးလေးတယောက်နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပါတယ်။

You may also like these stories:

ဂျပန်အပြာမင်းသမီးဟောင်းရဲ့ ကလေးမီးဖွားမှု Live ထုတ်လွှင့်ချက်ကို ကြည့်ရှုသူ သိန်းချီရှိ

ပထမဆုံး တကိုယ်တော်ပွဲမှာ သံစုံတီးဝိုင်းနဲ့ ဖျော်ဖြေမယ့် ဝေလ

“ဗီဒီယိုဈေးကွက် ပျက်လို့ ဇာတ်ပို့၊ ဇာတ်ရံတွေ ဒုက္ခရောက်နေကြတယ်”

Loading