သီချင်းကောင်းများစွာကို ဖန်တီး ရေးသားခဲ့သူ၊ သီချင်းပြိုင်ပွဲများမှာလည်း အကဲဖြတ် ဒိုင်တဦးအဖြစ် ပါဝင်ခဲ့သူ ဝါရင့် တေးရေးဆရာ တဦးဖြစ်တဲ့ တေးရေး မြင့်မိုးအောင်ကတော့ လက်ရှိ သီချင်းဆိုပြိုင်ပွဲများမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့်သူများအနေနဲ့ မူရင်း အနုပညာဖန်တီးသူကို လေးစားသမှု ရှိစေချင်တယ်လို့ ပြောပါတယ်။
“အဓိကအားဖြင့် ပြိုင်ပွဲမှာ ဆုတံဆိပ် ရရှိတဲ့သူတွေ စောင့်ထိန်းရမှာက မူရင်း ရေးကြ၊ ဆိုကြ၊ တီးကြတဲ့ အနုပညာရှင်တွေကို လေးစား တန်ဖိုးထားဖို့ လိုပါတယ်။ တခါတလေကျရင် ကလေးတွေက မူရင်း ဆိုကြ၊ ရေးကြ၊ တီးကြတဲ့သူတွေကိုတောင် မသိဘူး။ တခါတလေ ပွဲတွေမှာ မလေးမစား လုပ်တာလေးတွေ ကျနော်တို့ဆီ ပြောတာတွေ၊ အတိုင်ခံရတာတွေ ရှိပါတယ်။ ဒါမျိုး လေးစားသမှုလေးတွေလည်း ပြိုင်ပွဲဝင်တွေကို ရှိစေချင်ပါတယ်” လို့ မြင့်မိုးအောင်က ပြောပါတယ်။
တေးရေး မြင့်မိုးအောင်ကတော့ မြန်မာနိုင်ငံ တေးသီချင်း မူပိုင်ခွင့်အဖွဲ့မှာလည်း ပါဝင်တဲ့သူ တဦးဖြစ်ပြီး သီချင်းဆို ပြိုင်ပွဲများကိုလည်း ကြိုဆိုတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ မြန်မာနိုင်ငံ တေးသီချင်း မူပိုင်ခွင့်အဖွဲ့ကတော့ မျှတတဲ့ စိတ်ပဲ ထားပါတယ်။ ဒီပြိုင်ပွဲတွေအားလုံးကို တကယ်ပဲ ကြိုဆိုပါတယ်။ ဒီနေ့ ပေါ်ပေါက်နေတဲ့ စတားတွေလို့ ပြောကြတဲ့ အနုပညာရှင်တွေကလည်း ဒီပြိုင်ပွဲတွေကပဲ ဖြတ်သန်းလာတဲ့သူတွေ အများကြီးပါပဲ”
“ဒါ့အပြင် အကဲဖြတ်ဒိုင်တွေထဲမှာတောင် ဒီပြိုင်ပွဲတွေက ဖြတ်သန်းလာတဲ့သူ အများကြီးပါပဲ။ ဒီပြိုင်ပွဲတွေကနေ ကျနော်တို့ နိုင်ငံအတွက် အနုပညာရှင်တွေ ထွက်ပေါ်လာတယ်ဆိုတာ ငြင်းလို့ မရတဲ့ ကိစ္စပါ” လို့ မြင့်မိုးအောင်က ပြောပါတယ်။
ပြိုင်ပွဲဝင်ပြီး ဂီတလောကထဲကို ဝင်ရောက်လာတဲ့ အဆိုရှင်များအနေနဲ့ သီချင်းအသစ် မရခင်မှာ သီချင်းဟောင်းများ သီဆိုကာ အောင်မြင်မှုကို ထိန်းသိမ်းကြပြီး တခါတလေ အမှားအယွင်းများလည်း ရှိတတ်တယ်လို့ ဆိုပါတယ်။
“သီချင်းတွေကို ပြန်ပြီး ဆိုကြတယ်။ အသစ်တွေ မရခင်မှာ သီချင်းဟောင်းတွေကို ဆိုပြီး အောင်မြင်မှုကို ထိန်းကြတယ်။ တခါတလေ အမှားအယွင်းလေးတွေ ရှိတတ်တယ်။ “ခတ္တာ”ဆိုတဲ့ သီချင်း ၁ ပုဒ်ကို “ခေတ္တာ”ဆိုပြီး တပ်ထားတယ်။ ပိုင်ရှင် တေးရေး ကိုနေဝင်း ကိုယ်တိုင်လည်း တော်တော် စိတ်မကောင်းဖြစ်မှာပါ”
“အဲဒီတော့ အနုပညာတခုကို ပြိုင်ပွဲမှာ အောင်မြင်ရုံလေးနဲ့ ပရိသတ် လက်ခုပ်သံရရုံလေးနဲ့ မဟုတ်ဘဲနဲ့ ချစ်တဲ့ စိတ်နဲ့ တန်ဖိုးထားပြီး သွားမှဖြစ်မယ်ဆိုတာကို မေတ္တာရပ်ခံချင်ပါတယ်” လို့ မြင့်မိုးအောင်က ပြောပါတယ်။
တေးရေး မြင့်မိုးအောင်ကတော့ သူကိုယ်တိုင်လည်း သီချင်းဆိုပြိုင်ပွဲများမှာ ဒိုင်အဖြစ် ပါဝင်လျက်ရှိပြီး ဂီတသက်တမ်း နှစ် ၂၀ ကျော် အတွေ့အကြုံရှိတဲ့သူ တဦးလည်း ဖြစ်ပါတယ်။