တရုတ်ဥပဒေ ရာနှင့်ချီ၍ ပြောင်းလဲရေး အမေရိကန် တောင်းဆို
ဉာဏပစ္စည်း ပိုင်ဆိုင်မှုကာကွယ်ရန် တရုတ်ဥပဒေများကို “ကြီးကြီးမားမား ရာနှင့်ချီ၍” ပြုပြင်ပြောင်းလဲရန် အမေရိကန်က တောင်းဆိုခဲ့ကြောင်း တရုတ်အစိုးရ အကြံပေးပုဂ္ဂိုလ်တဦး၏ အဆိုကို ကိုးကား၍ South China Morning Post သတင်းစာက ရေးသားလိုက်သည်။ ယင်းအချက်သည် ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းမှု ပျက်ပြားရခြင်း၏ အဓိကအကြောင်းတချက် ဖြစ်သည်ဟုလည်း ဆိုသည်။
ရန်မင်တက္ကသိုလ်မှ ထင်ရှားသည့် နိုင်ငံတကာ ဆက်ဆံရေးပညာရှင် ရှီယင်ဟောင်က “ဘေဂျင်းက လွတ်လပ်တဲ့ ကုန်သွယ်ရေး လိုလားနေချိန်မှာ ဝါရှင်တန်က အကျပ်ကိုင်ယန္တရားနဲ့ အခိုင်အမာ တောင်းဆို နေတဲ့အတွက် နှစ်ဘက်ကြား ကွာဟချက် ကျယ်ပြန့်လာနေပါတယ်” ဟု သုံးသပ်ပြောကြားသည်။
စိစစ်မှု များပြားလွန်းခြင်း မရှိဘဲ “အတော်အတန် အားပျော့သည့် ထိန်းကျောင်းရေး ယန္တရား”တခုကိုသာ တရုတ်က လက်ခံနိုင်ကြောင်းနှင့် ကတိ ချိုးဖောက်မှုအတွက် အလိုအလျောက် ဒဏ်ခတ်ခြင်းများ မပြုသင့်ကြောင်း ၎င်းက ဆိုသည်။
တရုတ်အစိုးရ အဖွဲ့ဖြစ်သော နိုင်ငံတော်ကောင်စီ၏ အကြံပေး တာဝန်ထမ်းနေသူ “ရှီ” က ဟောင်ကောင်တွင် ကျင်းပသော လုံခြုံရေး ညီလာခံတခုပြင်ပတွင် အထက်ပါအတိုင်း သုံးသပ်ပြခြင်း ဖြစ်သည်။
“မေလအစောပိုင်းကနေ တရုတ်ဟာ အပေးအယူဆိုး တခုထက် အပေးအယူ လုံးဝ မလုပ်တာ ပိုကောင်းတယ်လို့ စ စဉ်းစား လာခဲ့ပါတယ်။ အခုဟာက တရုတ်နဲ့ အမေရိကန်တို့ဟာ ကောင်းတဲ့ သဘောတူညီချက် တရပ် ရလာဖို့အတွက် အခြေခံအားဖြင့် ဆန့်ကျင်တဲ့ ရပ်တည်ချက်တွေ ရှိနေကြတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
” တဖြည်းဖြည်း အဖြေ သုညပဲ ထွက်မယ့် ကစားပွဲ ဖြစ်လာနေပြီ။ ဒီနေရာမှာ တဖက်က ကောင်းတဲ့ သဘောတူညီချက် တခုခုလာတော့မယ်ဆိုရင် ကျန်တဲ့တဖက်က လက်မခံနိုင်ဘူး ဖြစ်နေတယ်ဗျာ” ဟု သူက ဆိုသည်။
ယခုနှစ် အစောပိုင်းက ဘတပြန်ကျားတပြန် အခွန်စည်းကြပ်နေခြင်း အဆုံးသတ်စေရေး သဘောတူညီချက် တခု ထွက်ပေါ်လာရန် နှစ်ဖက်စလုံးက မျှော်လင့်ခဲ့ကြသည်။
ယခင်သီတင်းပတ်က South China Morning Post သတင်းတွင် ဖော်ပြခဲ့သလိုပင် တရုတ်ဘက်ခြမ်းက ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် နားလည်မှုစာချွန်လွှာ တစောင် ပြန်လည်လက်မှတ်ထိုးရန် ပြင်ဆင်ခဲ့ပြီး ဖြစ်သော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပိုမိုတင်းကျပ်မှုတခု တောင်းဆို၍ တရုတ်က စိတ်ပျက်ခဲ့သည်။
စေ့စပ်ညှိနှိုင်းရေး တိုးမြှင့်လျှက် သဘောတူညီချက် ရယူရေး ချဉ်းကပ်မှုပိုင်း နှစ်ဖက်ကြား ကွာဟချက် ကျယ်ပြန့်လာခြင်းနှင့် အတူ တရုတ်အနေဖြင့် ဉာဏပစ္စည်း မူပိုင်ခွင့် ချိုးဖောက်နေကြောင်း အမေရိကန်က ထုတ်ဖော် ပြောဆိုနေသည်ဟု ရှီက ပြောကြားသည်။
“တရုတ်က ဥပဒေအတော်များများ ပြောင်းလဲဖို့ အမေရိကန်က တောင်းဆိုတယ်။ တခု၊ နှစ်ခု တင်မဟုတ်ဘူး။ အများကြီးပဲ။ ရာနဲ့ချီလိမ့်မယ်။ ဘေဂျင်းက ချက်ချင်းတော့ အများကြီး မပြောင်းပေးနိုင်ဘူးလေ” ဟု သူက ပြောသည်။
တချိန်တည်းမှာပင် အမေရိကန်သည် တရုတ်ကုန်စည်များအပေါ် အခွန်စည်းကြပ်မြဲ စည်းကြပ်လျှက် ဘေဂျင်းကို ဆက်လက် ဖိအားပေးလိုနေသည်။
တရုတ်က ယေဘုယျဆန်သည့် ကတိကဝတ်များ ပေးသည့်အခါ အမေရိကန်က ယင်း ကတိကဝတ်များကို ပုံသေ အခိုင်အမာဟု မှတ်ယူသည်။
“အနှစ်သာရ အနေနဲ့ကတော့ ကုန်သွယ်ရေးစစ်ဟာ ကုန်သွယ်ရေး မညီမျှမှုနဲ့ မပတ်သက်ပါဘူး။ ဒါဟာ ကွန်မြူနစ်ပါတီ စီမံနေတဲ့ ပြည်တွင်းပြည်ပ စီးပွားရေး လုပ်ဆောင်ချက်တွေကို လမ်းကြောင်း ပြောင်းသွားအောင် အမေရိကန်က အားထုတ်နေတာပါ” ဟု ရှီက ပြောသည်။
ဘေဂျင်းအနေဖြင့် ယခင်ပေးခဲ့သော ကတိများ မတည်ကြောင်း စွပ်စွဲချက်နှင့်အတူ မကြာသေးမီက ထရမ့်က တရုတ် ကုန်စည်များအပေါ် ၁၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ အမေရိကန်ဒေါ်လာ ၂၀၀ ဘီလျံတန်ဖိုး ထပ်မံ အခွန်စည်းကြပ်ခဲ့သည်။
တရုတ်အချုပ်အခြာ အာဏာကို ထိပါးသော တောင်းဆိုချက်များ ထပ်တလဲလဲ ဆို၍ စေ့စပ်ဆွေးနွေးရေး ရှေ့ဆက် မတိုးခြင်းအတွက် အမေရိကန် ဘက်တွင်သာ တာဝန်ရှိကြောင်း ဘေဂျင်းက တနင်္ဂနွေနေ့တွင် တုန့်ပြန်ခဲ့သည်။
မိမိ၏ တောင်းဆိုချက်သည် တရုတ်ထံမှ အသေးစိတ်ကျ၍ တည်ကြည်သော ကတိကဝတ်များအပေါ် မူတည်နေ၍ အချုပ်အခြာ အာဏာ ထိပါးလိမ့်မည် မဟုတ်ကြောင်း အမေရိကန်က တပြန်တလှည့် ပြောကြားခဲ့သည်။
အကယ်၍ ၎င်း၏ ဆွေးနွေးဖက်ဖြစ်သည့် ရှီကျင့်ဖျင်သည် ယခုလကုန်ပိုင်းတွင် အိုဆာကာမြို့၌ ကျင်းပမည့် G20 ထိပ်သီး အစည်းအဝေးသို့ မတက်ရောက်လျှင် အစောပိုင်းက တရုတ် ကင်းလွတ်ခွင့်ရသော အခွန်တန်ဖိုး (သို့မဟုတ်) အမေရိကန်ဒေါ်လာ ၃၀၀ ဘီလျံ စည်းကြပ် ကောက်ခံမည်ဟု ထရမ့်က ခြိမ်းခြောက်ခဲ့သည်။
တရုတ်ဘက်က အတည်ပြုမသေးသော်လည်း ထရမ့်အနေဖြင့် ရှီကျင့်ဖျင်နှင့် အိုဆာကာမြို့တွင် တွေ့ရန် မျှော်လင့် နေကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။
တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ဂန်ရှောင်က ခေါင်းဆောင်နှစ်ဦး တွေ့ရေး၊ မတွေ့ရေး အတည်ပြုချက် မပေးခဲ့ဘဲ ၎င်းဝန်ကြီးဌာန အနေဖြင့် အခါအခွင့်သင့်လျှင် သတင်းထုတ်ပြန်မည်ဟုသာ အင်္ဂါနေ့က ပြောကြားခဲ့သည်။
“တရုတ်က ကုန်သွယ်ရေးစစ် မတိုက်ချင်ပါဘူး။ ဒါပေမယ့် ကျနော်တို့က ကုန်သွယ်ရေးစစ် တိုက်ရမှာ မကြောက်ပါဘူး” ဟု ၎င်းက ဆိုသည်။ ဘေဂျင်းသည် မျှတသည့် စည်းမျဉ်းများအပေါ် အခြေခံသည့် ဆွေးနွေးရေး အတွက် လမ်းဖွင့်ထားကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
“တကယ်လို့ အမေရိကန်ဘက်ပဲ ကုန်သွယ်ရေး စစ်ပွဲ အရှိန် မြှင့်ချင်နေတယ် ဆိုရင် ကျနော်တို့ကလည်း အပြီးအထိ လုံး၀ ရင်ဆိုင်သွားမှာပါ။ တိုက်သွားမှာပါ”
ကိုးကား။ ။ South China Morning Post
ဆက်စပ်ဖတ်ရှုရန် – ကုန်သွယ်ရေးစစ်ပွဲကြောင့် တရုတ်ရင်းနှီးမြှုပ်နှံမှုများ အရှေ့တောင်အာရှသို့ ရောက်လာ
တရုတ်က အမေရိကန် ဖို့ဒ်ကားကုမ္ပဏီကို ဒေါ်လာ ၂၄ သန်း ဒဏ်တပ်
ကမ္ဘာ့ကုန်သွယ်ရေးနှင့် ငွေကြေးစစ်ပွဲတွင် မြန်မာ အမြတ်ထွက်မလား