Entertainment

ကိုရီးယားစတားတို့ရဲ့ သတင်းဆိုးများကြောင့် တောင်ကိုရီးယား ခရီးသွားလုပ်ငန်း ထိခိုက်နေရ

ကိုရီးယား အနုပညာရှင်တွေနဲ့ ပတ်သက်လို့ မကြာသေးခင်က ဖြစ်ပေါ်ခဲ့တဲ့ ဂယက်တွေနဲ့ ကောလာဟလတွေကြောင့် ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်ဖို့ ဖျော်ဖြေရေးသမားတွေနဲ့ သူတို့ရဲ့ အသင်းအဖွဲ့တွေကို အားကိုးအားထား ပြုနေရတဲ့ တောင်ကိုရီးယားပြည်နယ် အစိုးရတွေဟာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

မကြာသေးခင်တုန်းကပဲ မင်းသား ဆောင်ဂျွန်ကီနဲ့ မင်းသမီး ဆောင်းဟေဂိုတို့ရဲ့ ကွာရှင်းမယ့် သတင်းကြောင့် ဂန်ဝမ်ပြည်နယ်က Taebaek မြို့ အစိုးရဟာ ကံဆိုးသူ ဖြစ်ခဲ့ရပါတယ်။ တခါတုန်းက ကျောက်မီးသွေးမိုင်း ဖြစ်ခဲ့ဖူးတဲ့၊ တောင်တန်းထူထပ်တဲ့ အဲ့ဒီမြို့ဟာ Song-Song စုံတွဲ သရုပ်ဆောင်ခဲ့တဲ့ “Descendants of The Sun” ဒရာမာရဲ့ ရိုက်ကွင်းတနေရာ ဖြစ်ခဲ့ပြီး အာရှတခွင်မှာ တော်တော်လေး နာမည်ကြီးခဲ့ပါတယ်။

အဲ့ဒီမြို့ အစိုးရကတော့ ၂၀၁၆ ခုနှစ်မှာ ရိုက်ကွင်းကို ထိန်းသိမ်းဖို့ ဝမ်သန်း ၂၇၀ အသုံးပြုခဲ့ပြီး သူတို့စုံတွဲနှစ်ဦး နမ်းနေတဲ့ ဇာတ်ဝင်ခန်းကို ဖော်ကျူးနေတဲ့ ရုပ်တုရှိတဲ့ ပန်းခြံတခုကိုလည်း ဖန်တီးခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်၊ သူတို့နှစ်ဦး လက်ထပ် လိုက်ချိန်မှာတော့ တောင်ကိုရီးယားမှာ နာမည်အကျော်အကြားဆုံး လူသွားလူလာ အများဆုံး နေရာ ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် မြို့ကိုလာလည်ဖို့ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်ဖို့ အဲ့ဒီပန်းခြံထဲမှာ ၂၀၁၇ ခုနှစ်ကစလို့ “Taebaek စုံတွဲပွဲတော်” ကို နှစ်စဉ် ကျင်းပလာခဲ့တာပါ။ ဒါပေမဲ့ ဇူလိုင်လနှောင်းပိုင်းမှာ တတိယအကြိမ်မြောက်အဖြစ် ကျင်းပမယ့် ပွဲတော်ဟာ Song-Song စုံတွဲရဲ့ ကွာရှင်းမယ့် သတင်းကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ ဖျက်သိမ်းခံလိုက်ရပါတယ်။

ဒါ့အပြင် ဆိုးလ်မြို့မှာ ရှိတဲ့ ဂန်နမ်ခရိုင်ရုံးဟာလည်း YG အင်တာတိန်းမန့် အကြီးအကဲ ပါဝင်နေတဲ့ လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံမှာ ပါဝင်နေတယ်ဆိုပြီး ပြီးခဲ့တဲ့လမှာ ရဲတပ်ဖွဲ့ရဲ့ စစ်မေးမြန်းတာကို “Gangnam Style” အဆိုတော် Psy ကြုံခဲ့ရပြီးတဲ့နောက် တော်တော်လေး အခက်အခဲနဲ့ ကြုံခဲ့ရပါတယ်။

ရဲတပ်ဖွဲ့က Psy ကို စစ်မေးခဲ့တယ်ဆိုတဲ့သတင်းကြောင့် သူ့ရဲ့ ကမ္ဘာကျော် “Gangnam Style”သီချင်းကို ဂုဏ်ပြုပြီး ဂန်နမ်းခရိုင်က COEX ရှော့ပင်းစင်တာ အပြင်ဘက်မှာ ထားခဲ့တဲ့ ရုပ်တုကို ဖယ်ရှားသင့်၊ မသင့် အငြင်းပွားမှုတွေ ဖြစ်ခဲ့ရပါတယ်။ အဲ့ဒီကမ္ဘာကျော်သီချင်း ဗီဒီယိုတချို့အပိုင်းတွေကို အဲ့ဒီနေရာမှာ ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။ သီချင်းထဲက မြင်းစီးအကကို ပုံဖော်ထားတဲ့ သတ္ထုရုပ်တုဟာ အခုအချိန်မှာ ဆက်လက်ထားရှိဖို့  မသင့်လျော်တော့ဘူးဆိုပြီး ဝေဖန်သူတချို့ကဆိုလာပါတယ်။

ဒါ့အပြင် BIGBANG အဖွဲ့ဝင်ဟောင်း Seungri နဲ့ အဆိုတော် Roy Kim တို့ကို ဂုဏ်ပြုပြီးပေးထားတဲ့ အနီးအနားက တောအုပ်တွေရဲ့ နာမည်ကိုလည်း အဲ့ဒီအနုပညာရင်နှစ်ဦးရဲ့ စွပ်စွဲချက်တွေကြောင့် ဖယ်ရှားခဲ့ရပါတယ်။ ဆိုးလ်မြို့အနောက်ဘက်မှာရှိတဲ့ အင်ချွန်းမြို့မှာတော့ “Park Yoo Chun ချယ်ရီပွင့်သောလမ်း” ကိုလည်း မင်းသား Park ရဲ့မူးယစ်ဆေးသုံးစွဲမှု ဖြစ်စဉ်တွေကြောင့် ဖယ်ရှားခဲ့ရပြန်ပါတယ်။

ကျွမ်းကျင်သူတွေကတော့ ပြည်နယ်အစိုးရတွေအနေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်တဲ့နေရာမှာ နာမည်ကျော်ကြားမှုက ခဏတာသာကြာမြင့်ပြီး ဂယက်တွေနဲ့ ကောလာဟလတွေကြောင့် ပုံရိပ်တွေအလွယ်တကူ လွင့်ပါးပျောက်ကွယ်နိုင်တဲ့ ကိုရီးယားစတားတွေအပေါ် အလွန်အကျွံ မမှီခိုသင့်ဘူးလို့ အကြံပေးတာတွေလည်း ရှိနေပါတယ်။

ယဉ်ကျေးမှုဆိုင်ရာ ဝေဖန်သူ Ha Jae-keun က “ကိုရီးယား စတားတွေဟာအစိုးရတွေ မစဉ်းစားတတ်ရလောက်အောင် နာမည်အရမ်းကျော်ကြားပါတယ်။ ဒါပေမဲ့ နိုင်ငံခြား ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်ဖို့ သူတို့အပေါ် မမှီခိုသင့်ပါဘူး။ အဲ့ဒါ အန္တရာယ် ရှိပါတယ်။ ဒါကြောင့် ဖျော်ဖြေရေး လုပ်ငန်းဟာလည်း တောင်ကိုရီးယားရဲ့ ပုံရိပ်တခုကို ဖန်တီးတဲ့နေရာမှာ သက်ဆိုင်ရာ အခန်းကဏ္ဍမှာ တာဝန်ယူမှု ရှိရှိ၊ ကိုယ်ကျင့်သိက္ခာရှိရှိ ဖြစ်ရပါမယ်” လို့ ပြောဆိုခဲ့ပါတယ်။

Ref:Yonhap

You may also like these stories:

Song-Song စုံတွဲ ကွာရှင်းသတင်းကြောင့် DOTS ပန်းခြံ စုံတွဲပွဲတော် ဖျက်သိမ်း

ဆောင်းဟေဂိုနဲ့ ကွာရှင်းခွင့်ကို မင်းသား ဆောင်းဂျွန်ကီ လျှောက်ထား

ဇာတ်ကားအတူရိုက်ရင်း နီးစပ်သွားကြတဲ့ ကိုရီးယားအနုပညာရှင်စုံတွဲများ

Loading