အောင်မြင်တဲ့ သရုပ်ဆောင်၊ အဆိုတော် အကယ်ဒမီ ချိုပြုံးက မြေးဖြစ်သူ ဝင်းခန့်မိုးကို အနုပညာ လုပ်ကိုင်ချိန်မှာ အချိန်ကို လေးစားဖို့နဲ့ အလုပ်ကို တန်ဖိုးထားဖို့ သင်ကြားပေးတယ်လို့ ဆိုပါတယ်။
“သူ့ကို ဝိရိယ ရှိရမယ်။ အချိန်ကို လေးစားရမယ်။ အလုပ်ကို တန်ဖိုးထားရမယ်။ ဦးနှောက်ကို အကန့်အကန့် ထားရမယ်။ အဲ့ဒါတွေတော့ မှာဖြစ်တယ်။ သူ့ကို ယုံကြည်ပါတယ်။ သူက ငယ်ငယ်ကတည်းက သူ့လှုပ်ရှားမှုတွေ တီထွင်မှုလေးတွေက သူများနဲ့ မတူဘူး။ ချိုချို့ကြောင့် လူတွေ သိပြီးပြီ၊ တည်မြဲအောင် သူပဲ ဆက်လုပ်ရမှာပါ”လို့ ချိုပြုံးက ပြောပါတယ်။
ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးလာရတဲ့ ဝင်းခန့်မိုးကလည်း ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့ ရိုက်ကူးမယ့် “လရဲ့အောက်ဘက် မိုင်အဝေးမှာ” ရုပ်ရှင်မှာ ပါဝင် သရုပ်ဆောင်မယ့် အကြောင်းနဲ့ ပတ်သက်ပြီးလည်း အခုလိုပဲ ဆိုပါတယ်။
“လရဲ့အောက်ဘက် မိုင်အဝေးမှာကို ရိုက်ဖြစ်တာက ကိုထူးပိုင်ကို ညကားထဲမှာကတည်းက သိလို့ ကိုထူးပိုင် Audition ခေါ်နေတယ်ဆိုတော့ သွားလျှောက်ရင်းနဲ့ ပါသွားတာပေါ့။ ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှုကတော့ ၁၀၀ ရာခိုင်နှုန်း ရှိတယ်။ ဇာတ်ကားထဲက ‘ဒီပါ’က ဂျစ်ကန်ကန်ဆိုတော့ ကိုထူးပိုင်က အိမ်မှာနေလည်း Mood ကို သွင်းထားဆိုတာနဲ့ အိမ်မှာ နေလည်း Mood သွင်းထားတယ်”
“ကျနော် တခါမှ သရုပ်မဆောင်ဖူးတော့ ကျနော့် အတွက်တော့ ပထမဆုံးကား၊ ကျနော်တို့ကို ၆ လလောက် Train ထားတော့ ယုံကြည်မှုအပြည့် ရှိတယ်။ ရုပ်ရှင်ရိုက်ပြီးသွားပြီဆိုတော့ မင်းသားဖြစ်ပြီပေါ့။ မင်းသားဖြစ်ပြီဆိုရင် အထာကြီးနဲ့ နေရမယ်ဆိုတာ ထင်တော့ ထင်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီအတိုင်းပါပဲ။ ဘာမှတော့ မပြောင်းလဲသွားပါဘူး”လို့ ဝင်းခန့်မိုးက ပြောပါတယ်။
ဆက်လက်ပြီး ဝင်းခန့်မိုးက အဘွားဖြစ်သူ ချိုပြုံးကြောင့် သူ့ကို လူသိများတဲ့အပေါ် အဘွားနာမည်ကို အလွဲသုံးစား မလုပ်ဘူးလို့လည်း ဆိုပါတယ်။
“ချိုချိုကြောင့် ကျနော့်ကိုလည်း လူသိများတယ်။ ချိုချို့ရဲ့ နာမည်ကို အလွဲသုံးစား မလုပ်တာကြောင့် အနုပညာကို ကျနော် ကိုယ့်ဘာသာ ကြိုးစားမယ်။ ချိုချို့ မြေးအနေနဲ့ သိပြီးဆိုတော့ ဝင်းခန့်မိုး အနေနဲ့လည်း သိရမှာပေါ့” လို့ ဝင်းခန့်မိုးက ပြောပါတယ်။
ဝင်းခန့်မိုးဟာ ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးတဲ့ “လရဲ့အောက်ဘက် မိုင်အဝေးမှာ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ထားပြီး သူ့ကိုတော့ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ရွှေကြိုမောင် တယောက်အနေနဲ့ ပရိသတ်တွေ အားပေးခဲ့ကြတာပါ။ အကယ်ဒမီများရှင် ချိုပြုံးရဲ့ မြေးလည်း ဖြစ်တာကြောင့် ပရိသတ်တွေက ပိုပြီး စိတ်ဝင်တစားနဲ့ အားပေးလျက် ရှိပါတယ်။
You may also like these stories:
မြေးဖြစ်သူ ဝင်းခန့်မိုးကို အိုက်တင်အပိုင်းတွေ မသင်ပေးဖြစ်ဘူးလို့ ချိုပြုံး ပြော
“လရဲ့အောက်ဘက် မိုင်အဝေးမှာ” သရုပ်ဆောင်ရွေးချယ်မှု အကြောင်းပြောတဲ့ ထူးပိုင်ဇော်ဦး