ဝါရင့်သရုပ်ဆောင် အကယ်ဒမီ ချိုပြုံးက “ပိတောက်ကတဲ့ ဂီတ” ရုပ်ရှင်ကားကြီးမှာ စိုင်းစိုင်းခမ်းလှိုင်ရဲ့ အဘွားအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး စိုင်းစိုင်းရဲ့ သရုပ်ဆောင်မှုတွေဟာ အရင်ကထက် ပိုကောင်းလာတယ်လို့ ဆိုပါတယ်။
“ပိတောက်ကတဲ့ ဂီတမှာ မေချိုက စိုင်းစိုင်း အဘွားအနေနဲ့ သရုပ်ဆောင်ထားတယ်။ စိုင်းစိုင်းနဲ့ ဒီဇာတ်ကားလေးနဲ့ လိုက်တယ်။ ဘာကြောင့်လဲဆိုတော့ အဆိုတော်လေ။ မေချိုတို့ ရဲစခန်းမှာ သွားရိုက်တုန်းကလည်း တကယ်ပဲ အားပေးတဲ့သူတွေက ဝိုင်းနေတာ ဆိုတော့ တကယ်လုပ်ထားသလိုပဲ။ အရမ်းလည်းကောင်းတယ်”
“သူ့အိုက်တင်တွေလည်း အရမ်းတိုးတက်လာတယ်လို့ မေချိုထင်တယ်။ မေချိုနဲ့ အတူတွဲရိုက်တဲ့ အချိန်တွေမှာ သိသာတယ်လေ။ ဇာတ်တခုအပေါ် တော်တော်လေး သက်ဝင်ခံစားတတ်လာတယ်။ အရင်တုန်းကတော့ စိုင်းစိုင်းနဲ့ ဗီဒီယို ဇာတ်ကားတွေရိုက်တာပေါ့။ အခုတော့ ရုပ်ရှင်ဇာတ်ကားထဲမှာလည်း သူနဲ့ ဆုံရတဲ့အတွက် သူ့အရည်အချင်းက အရမ်းကောင်းပါတယ်”လို့ ချိုပြုံးက ပြောပါတယ်။
ဆက်လက်ပြီး ချိုပြုံးက သူကိုယ်တိုင်ကလည်း သီချင်းဆိုရာကနေ သရုပ်ဆောင်ဘက် ပြောင်းလာတာ ဖြစ်တဲ့အတွက် စိုင်းစိုင်းရဲ့ ဇာတ်ကားကိုလည်း အောင်မြင်ဖို့ ဆုတောင်းတယ်လို့ ဆိုပါတယ်။
“မေချိုကလည်း အဆိုတော်တယောက် ဆိုတော့ အခုလို အဆိုတော်တယောက်က ရိုက်တဲ့ ဇာတ်ကားအတွက် အရမ်းအောင်မြင်စေချင်တယ်။ မေချိုက သီချင်းဆိုတာက စပြီးတော့ သရုပ်ဆောင်ဘက်ကို ပြောင်းလာတာဖြစ်တဲ့အတွက် အခုလို ဇာတ်ကားကောင်းလေး တခုကို အပင်ပန်းခံပြီးတော့ သေသေချာချာ ပုံဖော်ရိုက်ကူးထားတာဖြစ်တဲ့အတွက် ကျေလည်း ကျေနပ်တယ်။ အောင်မြင်ဖို့အတွက်လည်း ဆုတောင်းတယ်”လို့ ချိုပြုံးက ပြောပါတယ်။
ယခင်က ချိုပြုံး ပါဝင် သရုပ်ဆောင်ခဲ့တဲ့ “မြနှင်းဆီ” ဇာတ်ကားကို သက်မွန်မြင့် ပြန်လည် ရိုက်ကူးသွားမယ့် အပေါ်လည်း ချိုပြုံးက အခုလိုပဲ ပြောပါတယ်။
“မေချို အရင်က ရိုက်ခဲ့တဲ့ မြနှင်းဆီ ဇာတ်ကားကို သက်မွန်မြင့် ပြန်ရိုက်မှာ ကောင်းမှာပါ။ ဒါရိုက်တာ မီးပွားက သင်ပါလိမ့်မယ်၊ ကောင်းမှာပါ။ သိပ်စိတ်ဝင်စားဖို့ ကောင်းတဲ့ကားပါ။ မေချိုက ရိုက်ချင်လို့မဟုတ်ဘူး။ မေချို့သမီးက ဂျူး ဝတ္ထုကို သွားဝယ်လိုက်ပြီး မေမေ ရိုက်ပါလို့ ပြောတာ။ ကိုယ်က သိတောင် မသိဘူး။ သမီးရိုက်စေချင်လို့ အမေချို ရိုက်လိုက်တယ်”
“အဲ့ကားရိုက်တုန်းက ဂယက်တွေလည်း ရှိတယ်။ ဂယက်ထမှလည်း လူက စိတ်ဝင်စားတာလေ။ ရှိလေ ကျေနပ်လေပါပဲ။ ကြိုက်ပါတယ်။ အဲ့မှာ ကိုသားကြီးနဲ့ လင်မယားပေါ့။ ဒီဘက်မှာက အမေ့ခြေရာ ဇာတ်ကား တင်နေတာ။ အမှတ်တရတွေ ရှိခဲ့တယ်။ ကိုယ့်သား အရင်းလေးနဲ့ ရိုက်ရသလိုပါပဲ။ ရိုက်ခါနီး ကိုကျော်ဟိန်း မျက်နှာကို တွေးပြီး ရိုက်ခဲ့ရတယ်”လို့ ချိုပြုံးက ပြောပါတယ်။
“ပိတောက်ကတဲ့ ဂီတ” ရုပ်ရှင်ဇာတ်ကားကို မတ်လ ၅ ရက်နေ့က စပြီး မြန်မာနိုင်ငံက ရုပ်ရှင်ရုံတွေမှာ ရုံတင် ပြသသွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ မီးပွား ရိုက်ကူးထားပြီး သရုပ်ဆောင်များ အနေနဲ့ စိုင်းစိုင်းခမ်းလှိုင်၊ ပိုးမမှီသာ၊ ကျော်သူ၊ ချိုပြုံး ၊ စိုးမြတ်သူဇာ၊ အေးမြတ်သူတို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။
You may also like these stories:
“စိုင်းစိုင်းခမ်းလှိုင်ဆီက သင်ယူစရာတွေ များတယ်”လို့ ပြောတဲ့ အဆိုတော် နန္ဒစိုင်း
ပိုးမွေးထားသလို မွေးထားတဲ့ “ပိတောက်ကတဲ့ ဂီတ” ရုံတင်ခွင့်ရလို့ ဝမ်းသာနေတဲ့ စိုင်းစိုင်း
ဧပြီ ၂၅ ရက်နေ့မှာ မင်္ဂလာပွဲလုပ်မယ့် အဆိုတော် နေဝင်းနဲ့ အိမ့်ချစ်ချော