MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေကနေ တဆင့် ပရိသတ်အားပေးမှု ရရှိလာတဲ့ သရုပ်ဆောင် ခေးဆက်သွင်က သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ “နှင်းဆီ” ဇာတ်လမ်းတွဲက ပေးဆပ်ရတာ အရမ်းတန်သလို ပရိသတ်အချစ်ကိုလည်း ထိထိမိမိ ပြန်ရလိုက်တယ်လို့ ဆိုပါတယ်။
“နှင်းဆီဇာတ်လမ်းတွဲကို အရမ်းလည်းအားပေးကြတယ်။ ကိုယ့်ကို အရမ်းလည်း ချစ်ကြတယ်။ နယ်တွေမှာဆို ငိုကြတယ်။ မနှင်းဆီလို့ ရောက်တဲ့နေရာမှာ အော်ကြတယ်။ ပေးဆပ်ရတာနဲ့ အရမ်းတန်ပါတယ်။ ပရိသတ်အချစ်ကို ထိထိမိမိ ပြန်ရလိုက်တယ်”
“အရင်တုန်းက ခေးကို အမာညို ဆိုပြီးတော့ ပရိသတ်တွေက သိကြတယ်။ လူငယ်ပရိသတ်တွေ အရမ်းကြိုက်ကြတယ်။ အခုချိန်ကျတော့ လူကြီး ပရိသတ် ရလာတယ်။ အမေတွေ၊ အဖွားတွေ၊ အဒေါ်တွေက အရမ်းကြိုက်ကြတာ များတယ်။ ကြိုးစားရတာ တန်ပါတယ်”လို့ ခေးဆက်သွင်က ပြောပါတယ်။
နှင်းဆီဇာတ်လမ်းတွဲ ရိုက်ကူးစဉ်က အမှတ်တရများကိုလည်း ခေးဆက်သွင်က အခုလို ပြောပြပါတယ်။
“အမှတ်တရဆိုရင် စည်သူဝင်း ပါးတွေချတာ အမှတ်တရပဲ။ တကယ်လည်း အရိုက်ခံခဲ့ရတာ ဆိုတော့လေ။ တော်တော်ကြီးလည်း နာပါတယ်။ ရိုက်တဲ့ အသံတွေဆိုရင်လည်း Effect တွေ ဘာတွေ မထည့်ဘူး၊ တကယ့် အသံအစစ်တွေနဲ့ပဲ ရိုက်တာ အပြင်မှာလည်း မောင်နှမတွေလို ခင်မင်ရင်းနှီးတဲ့ သူတွေဆိုတော့ အေးအေးဆေးဆေးပါပဲ။ ကားနဲ့ တိုက်ခံရတဲ့ အခန်းတွေဆိုလည်း အမှတ်တရပါပဲ”
“ဇာတ်လမ်းထဲမှာ ဘဝက စုတ်ပြတ်သတ်နေတာပဲ။ အပြင်မှာ ဒီလောက် လောကဓံကို ကြုံရတဲ့ မိန်းမမျိုးဆိုရင် ကိုယ့်ကိုယ်ကိုယ် Suicide လုပ်သွားတာကြာပြီ။ နှင်းဆီပန်း မြင်တိုင်းပျော်တယ်။ ရင်ခုန်တယ်။ ကိုယ်တွေရဲ့ အမှတ်တရ တခုလိုဖြစ်သွားတာကို ကျေနပ်ပါတယ်။ ပရိသတ်တွေကလည်း အမှတ်တရနဲ့ နှင်းဆီပန်းတွေ ပေးကြတယ်။ ခေးကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေ၊ နှင်းဆီဖြစ်ခွင့်ပေးခဲ့တဲ့ သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ခေးဆက်သွင်က ပြောပါတယ်။
သရုပ်ဆောင် ခေးဆက်သွင်က MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့်တဲ့ ရုပ်သံ ဇာတ်လမ်းတွဲတွေကနေ တဆင့် ပရိသတ်တွေ အားပေးမှု ရရှိနေသူ ဖြစ်ပြီး လက်ရှိမှာလည်း ဇာတ်လမ်းတွဲများစွာ ရိုက်ကူးထားသူ ဖြစ်ပါတယ်။
You may also like these stories:
ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်နေကျဖြစ်လို့ ရုပ်ရှင်ကားကြီးမှာ စိန်ခေါ်မှု မရှိပါဘူး