မင်းသား Tom Holland ဟာ Marvel Cinematic Universe (MCU) ထဲမှာ Spider-Man ဇာတ်ကောင် ဆက်ရှိနေစေဖို့ တွန်းအားပေးလုပ်ဆောင်ခဲ့တဲ့ အထဲမှာ အဓိကနေရာကနေ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက စူပါဟီးရိုးဖြစ်တဲ့ ပင့်ကူလူသား ဇာတ်ကောင်ဟာ Sony နဲ့ Disney ရုပ်ရှင်တို့ကြား သဘောတူညီချက် မရရှိခဲ့တဲ့ ပြဿနာကနေစလို့ MCU ကနေ နုတ်ထွက်တော့မယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။
ဒါပေမယ့် အခုတော့ နောက်ထပ် Spider-Man ရုပ်ရှင်တကားကို Spider-Man က ဆက်လက်ထုတ်လုပ်မှာဖြစ်ပြီး ကုမ္ပဏီနှစ်ခုကြား သဘောတူညီချက်တခုကိုလည်း ရရှိသွားပြီ ဖြစ်ပါတယ်။
The Hollywood Reporter မီဒီယာရဲ့အဆိုအရ ၂၀၁၆ ခုနှစ်ကနေ ပင့်ကူလူသားအဖြစ် ရုပ်ရှင် ၅ ကားမှာ ပါဝင်ခဲ့သူ အသက် ၂၃ နှစ်အရွယ် မင်းသား Tom က Disney နဲ့ ဆွေးနွေးပွဲ ပြန်လုပ်ဖို့ Sony ဥက္ကဋ္ဌ Tom Rothman တို့ တိုက်တွန်းခဲ့ပြီး Disney ရဲ့ စီအီးအို Bob Iger ကိုလည်း အခုလိုမျိုး ကုမ္ပဏီနှစ်ခုကြားက ကိစ္စက ပရိသတ်တွေကို ဘယ်လောက်တောင် ဝမ်းနည်းစေခဲ့သလဲဆိုတာကို ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။
Marvel ဥက္ကဋ္ဌ Kevin Feige ကတော့ အခုလိုမျိုး ကုမ္ပဏီနှစ်ခုကြား သဘောတူညီချက်ကို ပြန်လည် ရရှိလိုက်တာဟာ သူ့အတွက်တော့ အရမ်းပျော်ရွှင်ဖွယ်ရာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
သူက “MCU ထဲက ပင့်ကူလူသားရဲ့ ခရီးလမ်းက ဆက်ရှိနေဦးမယ်ဆိုတာကြောင့် ပျော်ရွှင်မိပါတယ်။ ကျနော်နဲ့ Marvel Studios မှာရှိနေတဲ့ ကျနော်တို့ အားလုံးက ရှေ့ဆက်အလုပ်လုပ်ရတော့မယ်ဆိုတာကြောင့် အရမ်း စိတ်လှုပ်ရှားနေပါတယ်။ Spider-Man ဟာ ကမ္ဘာတဝန်းမှာ ရှိတဲ့ ပရိသတ်တွေနဲ့ အရွယ်စုံ လူပုဂ္ဂိုလ်တွေ ရဲ့ ဟီးရိုးတခုလည်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။
Disney ပိုင်ဆိုင်တဲ့ Marvel Studios နဲ့ Sony Pictures တို့ကြား မူရင်းသဘောတူညီချက်ကို ပြောင်းလဲဖို့ စေ့စပ်ညှိနှိုင်းမှုတွေကို လပေါင်းများစွာကြာ လုပ်ဆောင်ခဲ့ရပါတယ်။ အဲ့ဒီမူရင်း သဘောတူညီချက်မှာတော့ Marvel က “Spider-Man: Homecoming” နဲ့ “Spider-Man: Far From Home” ရုပ်ရှင်တွေရဲ့ အကျိုးအမြတ်ထဲက ၅ ရာခိုင်နှုန်းကို ရယူမှာဖြစ်ပါတယ်။
ဒါပေမယ့် နှစ်ဖက်လုံးကတော့ စေ့စပ်ညှိနှိုင်းမှုတွေ ပြန်စခဲ့ပေမယ့် ကျေနပ်လောက်တဲ့ ကတိကဝတ် မရရှိခဲ့တာကြောင့် လမ်းခွဲတော့မှာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ သြဂုတ်လမှာပဲ ကြေညာခဲ့ပါတယ်။ အခုနောက်ဆုံး ရရှိထားတဲ့ သဘောတူညီချက် အသေးစိတ်ကို ထုတ်ပြန်ထားတာ မရှိပေမယ့် Disney ဟာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှာ ရုံတင်မယ့် Spider-Man ရုပ်ရှင်အသစ်အတွက် ဘတ်ဂျက်ရဲ့ ၂၅ ရာခိုင်နှုန်းကို ထောက်ပံ့မှာဖြစ်ပြီး အကျိုးအမြတ် ၂၅ ရာခိုင်နှုန်းကို ခွဲဝေရရှိမှာဖြစ်တယ်လို့ ယုံကြည်ရပါတယ်။
Ref: asiaone