သီချင်းများကို ခံစားသက်ဝင်မှုကောင်းကောင်းနဲ့ သီဆိုလေ့ရှိတဲ့ အဆိုတော်ဟန်ထူးဈာန်ကတော့ မကြာခင်မှာထွက်ရှိမယ့် ဒုတိယမြောက်တကိုယ်တော်အခွေရဲ့ သီချင်းများမှာတော့ သီချင်းအပုဒ်စီတိုင်းမှာ ရည်ရွယ်ထားတဲ့ ပိုင်ရှင်ကိုယ်စီ ရှိကြတယ်လို့ ပြောပါတယ်။
“သီချင်း ၁ပုဒ်စီတိုင်းမှာပိုင်ရှင်ရှိတယ်။ “ဆရာမ မမ”ဆိုရင် ဆရာမတွေအတွက်၊ ကလေးတွေအတွက်၊ အခု “နန်း”ဆိုရင်လည်း ရှမ်းပြည်က နန်းလေးတွေရော၊ ကရင်ပြည်နယ်က နန်းလေးတွေရောအတွက်ပေါ့နော်။ သီချင်း ၁၂ပုဒ်လုံးမှာ ပိုင်ရှင်တွေရှိတယ်” လို့ ဟန်ထူးဈာန်က ပြောပါတယ်။
အရင်အခွေတုန်းကတော့ သီချင်းတွေစီစဉ်တဲ့အခါမှာ အပိုင်း ၃ပိုင်းခွဲပြီး စီစဉ်ခဲ့ပြီး မကြာခင်မှာထွက်မယ့် ဒုတိယ တကိုယ်တော်အခွေထဲမှာတော့ မတူညီတဲ့ပုံစံနဲ့ ဖန်တီးထားတယ်လို့ သိရပါတယ်။
“အရင်နှစ်က ဟန်ထူးဈာန်က အခွေအတွက်သီချင်းတွေကို ရွေးချယ်တဲ့အခါမှာ အပိုင်း ၃ပိုင်းခွဲပြီးတော့ ရွေးချယ်တယ်။ Show အတွက်ရယ် ကျနော်အရမ်းကြိုက်တဲ့သီချင်းတွေရယ် ပြီးရင်ဖီလင်အပြည့်နဲ့အသဲကွဲတဲ့သူတွေအတွက်ရယ်ဆိုပြီး ၃ပိုင်းရွေးတယ်” လို့ ဟန်ထူးဈာန်ကပြောပါတယ်။
သရုပ်ဆောင်တယောက်အနေနဲ့လည်း တွဲဖက်လုပ်ကိုင်နေတဲ့အတွက် အရင်ကထက် သီချင်းများကိုခံစားပြီး သီဆိုတဲ့အတွက် နှလုံးရောဂါကုလိုက်ရတယ်လို့ သိရပါတယ်။
“နှလုံးရောဂါလေးတော့ တော်တော်ကုလိုက်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သီချင်းတွေကိုဆိုတဲ့အခါမှာ ကိုယ်က သရုပ်ဆောင်ပါ တွဲလုပ်နေတဲ့အခါကျတော့ အရင်ကထက်ဈာန်ဝင်စားမှုပိုများတယ်။ Music Video အတွက်ရော ကြိုတွေးပြီးတော့ သီချင်းတွေဆိုလိုက်ရော ကိုယ်ဆိုလိုက်တိုင်း အဲ့နေရာမှာကိုယ်ဝင်နေတော့လေ အဲ့ခံစားချက်ကြီး နဲ့တော်တော်ကို ကြေကြေကွဲကွဲဆိုရတာများတယ်” လို့ ဟန်ထူးဈာန်ကပြောပါတယ်။
မကြာခင်ရက်ပိုင်းအတွင်းမှာတော့ ဒုတိယအခွေဖြစ်တဲ့ “နန်း” ကိုထွက်ရှိတော့မှာဖြစ်ပြီး သီချင်း ၁၂ပုဒ်ပါဝင်ထားပါတယ်။
ဒီအခွေကိုတော့ Audio အနေနဲ့သာအရင်ဆုံးထွက်ရှိထားတာဖြစ်ပြီး Music Video ကိုတော့ ဇာတ်လမ်းပုံစံနဲ့ ရိုက်ကူးလေ့ ရှိတာကြောင့် မထွက်ဖြစ်သေးတာလို့ သိရပါတယ်။
ဟန်ထူးဈာန်ကတော့ “အိပ်မက်ဆုံရာ”သီချင်းပြိုင်ပွဲမှတဆင့် အဆိုတော်တယောက်ဖြစ်လာခဲ့ပြီး Celebrity ဆိုတဲ့အခွေထွက်ရှိထားကာ သရုပ်ဆောင်အလုပ်လည်း လုပ်ကိုင်လျက်ရှိပါတယ်။
You may also like these stories:
“You Are My Life” သီချင်းကို ပရိသတ်တွေ အားပေးလို့ ပျော်နေတဲ့ ပိုးကြာဖြူခင်
ထွန်းအိန္ဒြာဗိုရဲ့ “သေခန်းပြတ်ပဲ သူငယ်ချင်း” သီချင်းကို ပြန်ဆိုထားတဲ့ ပိုးမီ
တက္ကသိုလ်ဝင်တန်း အောင်သွားပြီဖြစ်လို့ အနုပညာ အလုပ်တွေ ပိုလုပ်သွားမယ့် မေလသံစဉ်