လက်ရှိ ကမ္ဘာအနှံ့မှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် (Covid-19) ကူးစက်မှုများကြောင့် မြန်မာနိုင်ငံရှိ ရုပ်ရှင်ရုံများကို ယနေ့၊ မတ်လ ၁၆ ရက်နေ့မှ စတင်ကာ ပိတ်လိုက်ပြီ ဖြစ်ပါတယ်။ ရုပ်ရှင်ရုံများ ပိတ်လိုက်တာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့အတွင်းရေးမှူး ဦးအေးကြူလေးက ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။
“ပိတ်တာကတော့ ရုပ်ရှင်အစည်းအရုံးက ပိတ်လို့ မရဘူး။ ဒီ Covid-19 နဲ့ ပတ်သက်လို့ ကျန်းမာရေးဌာန၊ နေပြည်တော်မှာ ဗဟိုကော်မတီ ရှိတယ်လေ။ အဲဒီကနေ လူစုလူဝေးနဲ့ မလုပ်သင့်ဘူး ဆိုပြီးတော့ ပိတ်တာကတော့ ပိတ်မှာပဲ။ ရောဂါကလည်း ကြောက်ရတယ်။ လူချင်း ထိတာနဲ့ပဲ ကူးနိုင်တာလေ”

“မနေ့တုန်းကတောင် အစည်းအဝေးမှာ မင်းသမီးတွေနဲ့ တွေ့တော့ မတွေ့တာကြာတော့ နှုတ်ဆက်တော့ လက်မထိနဲ့ လက်မထိနဲ့ဆိုပြီး ပြောလို့ သတိပြုမိသွားတယ်။ အင်မတန် ကြောက်ဖို့ ကောင်းတယ်။ ကူးတာလည်းမြန်တော့ ကြောက်မှာပေါ့လေ”လို့ ဦးအေးကြူလေးက ပြောပါတယ်။
ဇာတ်သဘင်မှာလည်း နယ်ပွဲများကို ဖျက်ကာ ပြန်လာရတာတွေ ရှိတဲ့အတွက် ရုပ်ရှင်ကိုပဲ ခွင့်ပြုမယ်ဆိုရင် မမျှတဘဲ တခုခုဖြစ်ခဲ့ပါက ရုပ်ရှင်ရုံက တဆင့်ကူးသွားပါက ရုပ်ရှင်သမားများကို မကြည်မလင်ဖြစ်ကြမှာလို့ ဦးအေးကြူလေးက ဆိုပါတယ်။
“ဇာတ်သဘင်ဆိုလည်း နယ်တွေမှာ ကတာ ရပ်လိုက်ရတယ်။ တချို့တွေဆို သနားဖို့ ကောင်းတယ်။ ကားတွေနဲ့ ပြန်လာရတယ်။ ဒီလူတွေ ၈၀ ၊ ၁၀၀ ကို ပြန်စုဖို့က တော်တော် ခက်တယ်။ ရုပ်ရှင်ကမှ ရိုက်ပြီးသား ရှိတယ်။ အဲ့လို သူတို့တွေတောင် ပြန်ခိုင်းပြီးတော့ ရုပ်ရှင်ကိုပဲ ခွင့်ပြုမယ်ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ဘူး။ မမျှတဘူးလေ”

“တခုခုဖြစ်လို့ ရုပ်ရှင်ရုံက ကူးသွားပြီဆိုရင် ရုပ်ရှင်သမားတွေကိုပဲ မကြည်မလင် ဖြစ်မှာပေါ့။ ဒါကြောင့် ယာယီကတော့ ပိတ်သင့်နေပြီလို့ ကျန်းမာရေးဌာနက ပိတ်တာဆိုတော့ အဆင်ပြေသွားတာပေါ့။ ပြန်ဖွင့်ရင်လည်း အဲဒီက ပြန်ဖွင့်မှ ရမှာ”လို့ ဦးအေးကြူလေးက ပြောပါတယ်။
အခုလို ရုပ်ရှင်ရုံများ ယာယီပိတ်လိုက်ပြီး ပြန်လည် ဖွင့်လှစ်မယ့်အခါမှာလည်း နောက်ဆုံး ရုံတင်ခဲ့တဲ့ဇာတ်ကားကို ပြန်လည် စပြမှာ ဖြစ်တယ်လို့ သိရပါတယ်။
“၁၀ ရက်နေ့က ပြသညှိနှိုင်း အစည်းအဝေး ရှိတယ်။ အကြောင်းတခုခုကြောင့် ရပ်ဆိုင်းမယ်ဆိုရင် ပြန်စရင် အဲ့ရပ်ဆိုင်းတဲ့ နေရာကနေ ဆက်ပြီးတော့ ပြန်ပြရမယ်ဆိုပြီး သဘောတူညီမှု ရထားတယ်။ အဲ့တုန်းက ရုံရှင်ရော၊ ထုတ်လုပ်သူရော ပါတယ်။ မဟုတ်ရင် စကားတွေ များမယ်လေ။ တချိူ့တွေကလည်း ပြဖို့ ကျန်သေးတာ မပြရသေးဘူးဆိုပြီးဖြစ်မယ်။ ပြန်စရင် အဲ့လိုပြန်စမယ်”လို့ ဦးအေးကြူလေးက ဆိုပါတယ်။
နောက်ဆုံး ပွဲစဉ်အနေနဲ့ “ပိတောက်ကတဲ့ဂီတ” ရုပ်ရှင်ကားကို မနက် ၁၀ နာရီခွဲ ပွဲစဉ် ပြသခဲ့ပြီး ရုံများပြန်လည် ဖွင့်လှစ်ပါက အဆိုပါရုပ်ရှင်ကားမှ ပြန်စမှာ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို ရုပ်ရှင်ရုံတွေ ပိတ်လိုက်ရတဲ့အတွက် တခြားဖျော်ဖြေရေး အစီအစဉ်အနေနဲ့ မြန်မာ့ရုပ်မြင်သံကြားမှတဆင့် အနုပညာရှင် ဆရာဝန်များရဲ့ ကျန်းမာရေး Talk Show များ ၊ အရင်က သင်္ကြန်ရုပ်ရှင်၊ သီချင်းဟောင်းများ၊ Live Show များကို ပြသသွားဖို့ရှိတယ်လို့ သိရပါတယ်။
အဆိုပါ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ပြည့် အကြိုနဲ့ တိုက်ဆိုင်ကာ အကယ်ဒမီ ပေးပွဲကို စီစဉ်ထားသော်လည်း ရက်ရွှေ့ဆိုင်းခဲ့ရပါတယ်။
You may also like these stories:
ကိုရိုနာကြောင့် ကမ္ဘာဒီးယားမှာ နိုင်ငံ ၅ နိုင်ငံကို ပြည်ဝင်ခွင့် ယာယီပိတ်
ကိုရိုနာကြောင့် “The Batman” ရုပ်ရှင် ရိုက်ကူးရေး သီတင်းနှစ်ပတ် ရပ်ဆိုင်း
ကိုရိုနာကူးစက်မှု ကာကွယ်ဖို့ ထိုင်းတက္ကသိုလ်များ အွန်လိုင်းစနစ်နဲ့ ပညာသင်ရန် တိုက်တွန်းထား