COVID-19 ကပ်ရောဂါကြောင့် လနဲ့ချီပြီး ထုတ်လုပ်ရေးလုပ်ငန်းတွေ ရပ်နားခဲ့ရတဲ့ “Avatar” ရုပ်ရှင်ကားသစ်တွေရဲ့ ရိုက်ကူးရေးတွေကို ပြန်လည်စတင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။
ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ဒါရိုက်တာကြီး James Cameron ရဲ့ နောက်ဆက်တွဲ ရုပ်ရှင်ထုတ်လုပ်ရေးဟာ ကပ်ရောဂါကြောင့် ရပ်ဆိုင်းခဲ့ရတာဖြစ်ပေမယ့် အစောဆုံး အခုသီတင်းပတ်အတွင်းမှာတော့ နယူးဇီလန်နိုင်ငံမှာ ရိုက်ကူးရေးတွေ ပြန်လည်စတင်နိုင်တော့မယ်လို့ ထုတ်လုပ်သူ Jon Landau က ရည်ညွှန်း ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့မှာ ထုတ်လုပ်သူ Landau က “ကျနော်တို့ရဲ့ Avatar ရိုက်ကူးရေးတွေ စဖို့ အဆင်သင့်ပါပဲ။ လာမယ့် သီတင်းပတ်ထဲ နယူးဇီလန်ကို ပြန်လာဖို့ စိတ်လှုပ်ရှားနေပါပြီ” လို့ Instagram မှာ တင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လတုန်းက ၂၀၀၉ ခုနှစ်က အောင်မြင်ခဲ့တဲ့ မူရင်းရုပ်ရှင်ရဲ့ နောက်ဆက်ရုပ်ရှင် ၄ကားလုံးဟာ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ထုတ်လုပ်ရေး ရပ်ဆိုင်းခဲ့ရတယ်လို့ နယူးဇီလန် မီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။
ရုပ်ရှင်အတွက် ရိုက်ကူးရေးလုပ်သားတွေ အလုပ်ဝင်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းကိုတော့ ထုတ်လုပ်သူ Landau က အဖြေမပေးနိုင်သေးတဲ့အကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။
ထုတ်လုပ်ရေး လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ရတဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ထုတ်လုပ်သူ Landau က “ကျနော်တို့ဟာ ကမ္ဘာ့အကျပ်အတည်းရဲ့ အလယ်မှာ ရောက်နေပါတယ်။ ဒါဟာ ရုပ်ရှင်လုပ်ငန်းအတွက်သာ မဟုတ်ပါဘူး။ လူတိုင်းဟာ အခုအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကို ရပ်ဆိုင်းစေဖို့ သူတို့လုပ်နိုင်တာတွေ အားလုံးကို လုပ်ဖို့လိုနေပါပြီ” လို့ ဆိုပါတယ်။
“Avatar” နောက်ဆက်တွဲ ရုပ်ရှင်တွေကိုတော့ လာမယ့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလက စလို့ ၂ နှစ်ကို တကား ရုံတင်ပြသဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ နှောင့်နှေးမှုတချို့လည်း ရှိနိုင်တာကြောင့် ပြသမယ့် အချိန် ဇယားက အပြောင်းအလဲ ရှိနေနိုင်ပါသေးတယ်။
အခုလအစောပိုင်းမှာ Deadline မီဒီယာရဲ့ အဆိုအရ နယူးဇီလန် အစိုးရဟာ မတ်လတုန်းက ရပ်နားခဲ့ရတဲ့ ထုတ်လုပ်ရေးလုပ်ငန်းတွေကို ပြန်စဖို့ ခွင့်ပြုချက်အပါအဝင် ရုပ်ရှင်နဲ့ ရုပ်သံထုတ်လုပ်ရေး လုပ်ငန်းတွေအတွက် ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံမှုဆိုင်ရာ အစီအမံတွေကို ချမှတ်ခဲ့ပါတယ်လို့ သိရပါတယ်။
နယူးဇီလန် ရုပ်ရှင်ကော်မရှင်ကတော့ ရုပ်ရှင်နဲ့ ရုပ်သံထုတ်လုပ်ရေး လုပ်ငန်းတချို့ဟာ ဘေးကင်းလုံခြုံစွာနဲ့ ပြန်လည် စတင်နေပြီ ဖြစ်ကြောင်း၊ Amazon Prime Video ရဲ့ “Lord of the Rings” စီးရီး အပါအဝင်ပိတ်ထားခဲ့ရတဲ့ ငွေကြေး အကုန်အကျစိုက်ထုတ်ထားတဲ့ ထုတ်လုပ်ရေး လုပ်ငန်းတွေဟာလည်း မကြာမီ ပြန်လည်စတင်နိုင်တော့မှာ ဖြစ်တဲ့အကြောင်း Deadline မီဒီယာကို အတည်ပြုခဲ့ပါတယ်။
Ref:Reuters
You may also like these stories:
ကိုဗစ်ကြောင့် “Avatar 2” ရုပ်ရှင် ပြသမယ့်ရက် ရွှေ့ဆိုင်းမည် မဟုတ်
“Avatar 2” ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းနေရာ ပုံရိပ်တချို့ ထွက်ပေါ်လာ
‘Avatar’ ရုပ်ရှင်ကိုရုံပြန်တင်ပြီး ‘Avengers: Endgame’ ကို ကျော်တက်မည်ဟု James Cameron ပြော