မပြည့်စုံတဲ့ မိဘတွေကနေ မွေးဖွားလာခဲ့ရပေမယ့် အသက်အရွယ်တခု ရောက်လာတဲ့အခါ မိဘကို လုပ်ကျွေး ပြုစုခွင့်ရတာဟာ သိပ်ကောင်းတဲ့ကံပါလို့ သရုပ်ဆောင် ပိုင်တံခွန်က ပြောပါတယ်။
“ကိုယ်က မပြည့်စုံတဲ့ အသိုင်းအဝိုင်းက ဆင်းသက်လာပြီး ကိုယ့်လုပ်အားခလေးနဲ့ မိဘကိုရှာကျွေးနေတဲ့ ညီ၊ ညီမလေးတွေအတွက်ပါ။ လူငယ်တော်တော်များများက အရွယ်ရောက်လာတဲ့အခါ ဝတ်ချင်စားချင်သွားချင် လာချင်ကြတယ်။ ကိုယ့်ဘဝက မပြည့်စုံဘူး ဆင်းရဲတယ်။ အလုပ်လုပ်ပေမယ့်လည်း ရတဲ့ ငွေလေးနဲ့ မိဘဆွေမျိုးတွေကို ပြန်ထောက်ပံ့ရတဲ့အခါ ကိုယ့်အတွက်သုံးဖို့တောင် အနိုင်နိုင်ဖြစ်လာကြတယ်”လို့ ပိုင်တံခွန်က ပြောပါတယ်။
ဒီလိုတွေ ကြုံတွေ့လာရတဲ့အခါ ကိုယ့်ဘဝကိုယ် စိတ်ကုန်မိပြီး ရွယ်တူချမ်းသာတဲ့ သူငယ်ချင်းများကို အားကျလာကာ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရ ဖြစ်တာတွေ ရှိလာတယ်လို့ ဆိုပါတယ်။
“အဲဒါနဲ့ပဲ စိတ်ညစ်စရာတွေ ကြုံလာတဲ့အခါ ကိုယ့်ဘဝ ကိုယ်တိုင်စိတ်ကုန်မိပြီး ကိုယ်နဲ့ ရွယ်တူ ချမ်းသာတဲ့ သူငယ်ချင်းတွေကို သိပ်အားကျရတဲ့ အချိန်တွေ ရှိလာတတ်တယ်။ သိမ်ငယ်စိတ်တွေလည်း ဝင်လာတတ်တယ်။ တချို့ဆို မိသားစုအပေါ်တောင် အပြစ်မြင်လာတတ်ကြတယ်။ ငါက ဘာလို့ ချမ်းသာတဲ့ မိသားစုမှာ မမွေးဖွားခဲ့တာလဲဆိုတဲ့ အတွေးကအစပေါ့”လို့ ပိုင်တံခွန်က ပြောပါတယ်။
ရွယ်တူချမ်းသာတဲ့ သူငယ်ချင်းတွေအနေနဲ့ မိဘများဝယ်ပေးတဲ့ အရာများနဲ့ ကြွားလုံးထုတ်နေတဲ့အချိန်မှာ ကိုယ်တိုင်ရတဲ့ ငွေနဲ့ မိဘကို အကောင်းဆုံးဖြစ်အောင် ဖန်တီးပေးနေတယ်ဆိုတာ ပိုဝင့်ကြွားတဲ့အရာလို့ ဆိုပါတယ်။
“ကိုယ်နဲ့ရွယ်တူ ချမ်းသာတဲ့ သူငယ်ချင်းတွေ မိဘဝယ်ပေးတဲ့ အကောင်းဆုံး အရာတွေကြား ကြွားလုံးထုတ်ပျော်ပါးနေချိန်မှာ ကိုယ်က ကိုယ်ရတဲ့ ငွေလေးနဲ့ မိဘကို အကောင်းဆုံးဖြစ်အောင် ဖန်တီးပေးနေတယ်ဆိုတာ ပိုဝင့်ကြွားဖို့ကောင်းတဲ့ အရာပါ ။ တန်ဖိုးကြီးတယ်ဆိုတဲ့ အရာတွေထက် ပိုတန်ဖိုးကြီးမားတဲ့အရာပေါ့” လို့ ပိုင်တံခွန်က ပြောပါတယ်။
အရာရာပြည့်စုံနေတဲ့အခါမှာ မိဘရဲ့လိုအပ်ချက်ကို ဖြည့်ပေးဖို့ မေ့နေတတ်ပြီး မပြည့်စုံခဲ့ပေမယ့် ဘဝကို မသိမ်ငယ်စေဖို့နဲ့ မိဘအပေါ် ကျွေးမွေးပြုစုခွင့်ရတာဟာ သိပ်ကိုကောင်းတဲ့ကံပါလို့ ဆိုပါတယ်။
“တကယ်လို့ မိဘကပြီးပြည့်စုံအောင် ချမ်းသာနေရင် ငါရောဘာလုပ်ဖြစ်နေမလဲဆိုပြီး ကိုယ်တိုင်လည်းမေးကြည့်ပါ။ တခါတလေ အရာရာပြည့်စုံနေတော့ မိဘရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့မေ့နေတတ်တယ်။ ချမ်းသာပြီးတော်တဲ့ မိဘကျေးဇူးသိတတ်တဲ့ကလေးတွေလည်း အများကြီးရှိပါတယ်။ ဆိုတော့ ကိုယ့်ရဲ့ဘဝကို မသိမ်ငယ်ဖို့နဲ့ ကိုယ့်ဆီမှာ မိဘအပေါ် ကျွေးမွေးပြုစုခွင့်ရတဲ့ သိပ်ကိုကောင်းတဲ့ကံပိုင်ဆိုင်ထားတယ်ဆိုတာ မှတ်ထားပေးပါ” လို့ ပိုင်တံခွန်က ဆိုထားပါတယ်။
အဆိုပါ အကြောင်းအရာများကို ပိုင်တံခွန်က သူ့ရဲ့လူမှုကွန်ရက် အကောင့်ကတဆင့် ပြန်လည် မျှဝေပေးထားပါတယ်။ ပိုင်တံခွန်ကတော့ သူ့ရဲ့မွေးနေ့တွေတိုင်းမှာလည်း မိဘများကို အားကျစရာကောင်းတဲ့ မွေးနေ့လက်ဆောင်များနဲ့ အမြဲကန်တော့တာကို တွေ့မြင်ရပါတယ်။
You may also like these stories:
Stay home ကာလ အိမ်မှာနေရတာ စိတ်အပန်းပြေတယ်ဆိုတဲ့ ရွှေသမီး
သရုပ်ဆောင် Skill တက်အောင် Tik Tok ရိုက်ဖြစ်နေတဲ့ မြတ်နိုးအေး
“ရုပ်ရှင်ရုံတွေ ပြန်ဖွင့်ဖို့က နောက်ဆုံးမှ ဖြစ်လိမ့်မယ်”