နိုင်ငံတကာမှာရှိတဲ့ တခါမှ မသိဖူးမမြင်ဖူးတဲ့ သူစိမ်းတွေကို Omegal မှတဆင့် သီချင်းများ ဆိုပြတာတွေကို Reaction Video တခုအနေနဲ့ ပြန်လည် ရိုက်ကူးတင်ဆက်နေတဲ့ အဆိုတော် ထွန်းနောင်ဆင့်က ဒီလိုဖန်တီးရတာဟာ မြန်မာနိုင်ငံကို စိတ်ဝင်စားပြီး အနုပညာရှင်တွေကို ပိုသိလာစေချင်တဲ့စိတ်နဲ့ လုပ်တာဖြစ်တယ်လို့ ဧရာဝတီကို ပြောပါတယ်။
“Reaction Video စပြီးလုပ်ရတဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံကို မသိတဲ့သူတွေရော မြန်မာနိုင်ငံကသီချင်းတွေကို နားမထောင်ကြတာပေါ့။ ဒီအရှေ့တောင် အာရှကလို့ပဲ ပြောမလား ကျနော်တို့က ထိုင်းသီချင်းတွေ နားထောင်တယ်။ တရုတ်သီချင်းတွေ နားထောင်တယ်။ ပြီးတော့ ကိုရီးယားသီချင်းတွေနားထောင်တယ်။ ဒါပေမဲ့ ကျနော်တို့သီချင်းတွေကိုကျတော့ သူတို့ဘာလို့နားမထောင်တာလဲပေါ့။ အဲဒါလေးကို မဖြစ်သင့်ဘူး၊ မဖြစ်စေချင်လို့ Reaction Video ကို စလုပ်ရတာပါ”
“ကိုယ့်ကိုသိပြီးတော့ မြန်မာနိုင်ငံကို စိတ်ဝင်စားလာမယ်။ မြန်မာနိုင်ငံက Artist တွေ သိလာမယ်။ ကိုယ်တွေ မြန်မာနိုင်ငံမှာလည်း အရမ်းတော်တဲ့ အနုပညာရှင်တွေ အများကြီး ရှိတယ်လေ။ ကိုယ်က တဖက်တလမ်းကနေ ကူညီနိုင်မလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ စပြီး လုပ်ဖြစ်တာပါ” လို့ ထွန်းနောင်ဆင့်က ပြောပါတယ်။
အိမ်နီးချင်းနိုင်ငံက အဆိုတော်များရဲ့သီချင်းတွေကို နားထောင်ကြပြီး မြန်မာသီချင်းတွေကို နားမထောင်ကြတာ မဖြစ်သင့်တာကြောင့် ဒီလို Video တွေ ဖန်တီးဖြစ်ခဲ့တာလို့ သိရပါတယ်။
ဒီလို Reaction ဗီဒီယိုတွေ လုပ်တဲ့အခါမှာ Cover သီချင်းတွေ ဆိုရတာများတဲ့အတွက် နောက်ပိုင်းမှာ Cover song ဆိုတဲ့သူတယောက် အနေနဲ့ ဖြစ်မသွားချင်ဘူးလို့ ဆိုပါတယ်။
“အဓိကကကျနော်က Reaction ဗီဒီယိုတွေကို Episode ၅ ခုလောက်နဲ့တင် ရပ်မယ်ဆိုပြီး စဉ်းစားထားတာ။ ကျနော်ကဒီလိုမျိုး Vlogger တွေ လုပ်တာထက် ခါတိုင်းလိုပဲ ကျနော့်ရဲ့ကိုယ်ပိုင်သီချင်းတွေနဲ့ သွားချင်တဲ့ အနုပညာရှင်တယောက်တော့ ဖြစ်ချင်တာပေါ့။ Reaction ဗီဒီယို လုပ်တဲ့အခါမှာ Cover သီချင်းတွေပဲ ဆိုရတယ်”
“နောက်ပိုင်းကျရင် Cover သီချင်းတွေဆိုတဲ့ အဆိုတော်ကြီးလည်းဖြစ်မသွားချင်ဘူးပေါ့။ အခုက ဆက်လုပ်တယ်ဆိုတာကလည်း Stay home ကာလဖြစ်နေလို့ ကျနော် ကိုယ်တိုင်ရော၊ တခြားသူတွေရော စိတ်ညစ်နေတဲ့ကာလ ဖြစ်နေတော့ တဖက်တလမ်းကနေ စိတ်သက်သာရာ ရောက်အောင် လုပ်ရတာပါ” လို့ ထွန်းနောင်ဆင့်က ပြောပါတယ်။
အခုဆိုရင်တော့ Reaction ဗီဒီယိုတွေ လုပ်လာခဲ့တာဟာ Episode ၆ ခု အထိရောက်လာခဲ့ပြီး ဒီတပတ် အတွင်းမှာတော့ Episode ၇ ခုမြောက်ကို တင်ပေးတော့မှာဖြစ်တယ်လို့ သိရပါတယ်။
ဒီလိုမျိုး နိုင်ငံတကာကလူတွေနဲ့ တွေ့ဆုံသီချင်းဆိုပြတဲ့အခါမှာတော့ သူ့အတွက် အခွင့်အလမ်းကောင်းတွေ ရရှိခဲ့တာကိုလည်း အခုလို ပြောပြခဲ့ပါတယ်။
“အရမ်းကိုတော်တဲ့ Music ပရိုဂျူဆာတွေ၊ သီချင်းဆိုတဲ့သူတွေ၊ သီချင်းရေးတဲ့သူတွေနဲ့ တွေ့ဖူးတယ်။ သူတို့နဲ့ကျတော့ Instagram အကောင့်တွေ အချင်းချင်း ဆက်သွယ်ထားတယ်။ နောက်ပိုင်း Collaborate လုပ်ဖို့လည်း အစီအစဉ်ရှိတယ်။ ဖြစ်နိုင်ရင် ကိုဗစ်ကာလမှာလည်း သူတို့နဲ့ သီချင်းပေါင်းလုပ်ဖို့အတွက် တိုင်ပင်နေတယ်။ ကြိုးစားနေတုန်းပါပဲ”
“ဘယ်အချိန်ဖြစ်လာမယ်တော့ ကြိုပြီးမသိနိုင်သေးဘူး။ အရမ်းတော်တဲ့ Talent ဖြစ်တဲ့လူတွေနဲ့ တွေ့ရတယ်ဆိုတာလည်း ကိုယ့်အတွက် အခွင့်အရေးတခုပါပဲ” လို့ ထွန်းနောင်ဆင့်က ပြောပါတယ်။
ရည်မှန်းထားတာတွေကိုတော့ မနီးစပ်သေးပေမယ့် နောက်ပိုင်းမှာ Youtuber တယောက်အနေနဲ့ လုပ်သွားဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။
“အခုတော့ လုံးဝကို မနီးစပ်သေးဘူး။ အဝေးကြီး လိုသေးတယ်။ အဓိကက နောက်ပိုင်းကျရင် You tube အတွက်ကို Youtuber လုပ်ဖို့ အစီအစဉ် ရှိတယ်။ Music ပရိုဂျူဆာ တယောက်အနေနဲ့၊ သီချင်းရေးတဲ့သူ၊ အဆိုတော် တယောက်အနေနဲ့ အင်္ဂလိပ်လို အကုန် အစအဆုံး ပြောပြီးတော့မှ မြန်မာနိုင်ငံသားတယောက်အနေနဲ့ Vlog လုပ်ဖို့ အစီအစဉ် ရှိပါတယ်” လို့ ထွန်းနောင်ဆင့်က ပြောပါတယ်။
ထွန်းနောင်ဆင့်ကတော့ “The X Factor Myanmar” သီချင်းဆိုပြိုင်ပွဲမှာ ၂၀၁၆ ခုနှစ်က Winner ဆုကို ရရှိခဲ့ပြီး ဂီတသင်တန်းကျောင်း တက်ခဲ့တာကြောင့် အနုပညာအလုပ်တွေ ကျဲသွားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဇာတ်ဝင်တေးသီချင်းများ သီဆိုခြင်း၊ ဇာတ်လမ်းတွဲများမှာလည်း သရုပ်ဆောင်တယောက်အနေနဲ့ ပါဝင်ထားတာကို တွေ့ရပါတယ်။
You may also like these stories:
“ဈေးရောင်းတာ ခန္ဓီပါရမီ ရှိနေပြီ”လို့ အဆိုတော် မိုင်းမိုင်ဆိုင်း ပြော
လက်ရှိ အသက်ထက် ၁၀ နှစ်ကျော်ကြီးတဲ့ ကာရိုက်တာနဲ့ တွေ့ရမယ့် မြနှင်းရည်လွင်
“မာယာလှည့်ကွက်” ဇာတ်လမ်းတွဲမှာ စီနီယာတွေဆီက သင်ယူခွင့်ရခဲ့တဲ့ ခန့်