အခုအသစ် ထွက်လာတော့မယ့် လင်းနို့လူသား ဇာတ်ကောင် အသစ်ဟာ “Tim Fox” လို့ခေါ်တဲ့ လူမည်းအမျိုးသားတဦးဖြစ်တယ်လို့ DC Comics က ထုတ်ပြန်ခဲ့ပါတယ်။
အခု လင်းနို့လူသား အသစ်ကတော့ မူရင်းလင်းနို့လူသား Bruce Wayne ရဲ့ စီးပွားရေးဆိုင်ရာ မန်နေဂျာ Lucius Fox ရဲ့ သားဖြစ်တယ်လို့ ကမ္ဘာကျော် ကာတွန်းထုတ်လုပ်သူ DC Comics က ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။
အဲ့ဒီ စီးရီးကို “12 Years a Slave” ဇာတ်ညွှန်းဆရာ John Ridley က ရေးသားပေးထားပြီး Nick Derington နဲ့ Laura Braga တို့က ရေးဆွဲပုံဖော် ပေးထားတယ်လို့ ဆိုပါတယ်။
ဇာတ်လမ်းတခုလုံးကိုတော့ တရားမဲ့ ကျူးလွန်နေတဲ့ မျက်ဖုံးစွပ်လူတွေ ကြီးစိုးနေတဲ့ ဂိုသမ် စီးတီးမှာပဲ ဇာတ်အိမ်တည်ထားပြီး မူရင်း လင်းနို့လူသား အသတ်ခံလိုက်ရတဲ့အပြင် ဗီလိန် Magistrate ကြီးစိုးနေချိန်လည်း ဖြစ်ပါတယ်။ လင်းနို့လူသား အသစ်ဖြစ်တဲ့ Fox ကတော့ သူ့ရဲ့မြို့ကြီးကို ကယ်တင်ဖို့ နိုးထလာခဲ့ပါတယ်။
ဖန်တီးသူ Ridley ကတော့ လင်းနို့လူသား ဇာတ်ကောင်အသစ်ဟာ အသားအရောင်ရှိတဲ့ လူတယောက်ဖြစ်လာမှာဖြစ်ကြောင်း နယူးယောက်တိုင်းမ် သတင်းစာကို ပြောကြားထားပြီး သူ့ရဲ့ အခုအလုပ်နဲ့ပတ်သက်လို့ သားနှစ်ဦးကလည်း တော်တော်လေး စိတ်လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။
သူက “ကျနော်လုပ်တဲ့ အရာတွေကို သူတို့ သဘောကျနှစ်ခြိုက်ကြပါတယ်။ သူတို့ ကျနော့်အတွက် ပျော်ရွှင်နေပါတယ်။ သူတို့က တကယ့်ကို ထောက်ခံအားပေးသူတွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့ ရိုးရိုးသားသားပြောရရင် သူတို့က “12 Years a Slave” ထက် Black Panther ကိုပဲ ပိုကြည့်ချင်ကြတာပါ”
“ဒါကြောင့် ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်း မုန်းနိုင်တယ်။ ပြဿနာ တက်နိုင်တယ်။ အဆင်မပြေနိုင်တယ် ဆိုတာ သူတို့ကို သိစေဖို့အတွက် လင်းနို့လူသားအသစ်ဟာ လူမည်းဖြစ်လာမယ်ဆိုတာကို သိစေချင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျနော့် ပရိသတ်တွေကတော့ အဲ့ဒီကို သဘောကျ နှစ်ခြိုက်ကြပါတယ်” လို့ ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းက ပြောကြားခဲ့ပါတယ်။
Fox ဟာ ၁၉၇၉ ခုနှစ်မှာ လင်းနို့လူသား ဇာတ်လမ်းထဲမှာ ဇာတ်ကောင်တခုအနေနဲ့ ပထမဆုံးပါဝင်ခဲ့ပါတယ်။ မကြာသေးခင်က ဖြန့်ချိလိုက်တဲ့ လင်းနို့လူသား ဇာတ်လမ်း အကြောင်းအရာမှာတော့ သူ့ရဲ့ဖခင် Lucius က ကွယ်လွန်သူ Wayne ရဲ့ ပိုင်ဆိုင်မှုနဲ့ နည်းပညာကို ရရှိခဲ့ပါတယ်။
Fox ကတော့ လာမယ့် ဇန်နဝါရီလမှာ ဖြန့်ချိမယ့် “Future State: The Next Batman” ရဲ့ စတုတ္ထအတွဲမှာ လင်းနို့လူသားအဖြစ် ပထမဆုံး ပါဝင်လာမှာ ဖြစ်ပါတယ်။ လာမယ့် ဖေဖော်ဝါရီလမှာလည်း သူပါဝင်မယ့် “Batman: Black & White” စီးရီးထွက်လာဖို့ ရှိပါတယ်။
အဲ့ဒီစီးရီးဟာ ကာတွန်းထုတ်လုပ်သူရဲ့ အဓိကကျတဲ့ ဇာတ်ကောင်တွေကို ဇာတ်ကောင်အသစ်တွေနဲ့ တွဲဖက် ဖော်ထုတ်မယ့် နှစ်လကြာ “DC Future State” ပွဲရဲ့ တစိတ်ပိုင်းလည်း ဖြစ်ပါတယ်။ လင်းနို့လူသားလိုပဲ Superman အဖြစ် Clark Kent နေရာမှာ သားဖြစ်သူ Jon နဲ့ အစားထိုးမှာ ဖြစ်ပါတယ်။ အမေဇုန်နဲ့ ဘရားဇီး မြစ်နတ်ဘုရားမရဲ့ သမီး Yara Flor က Wonder Woman အသစ်ဖြစ်လာမှာပါ။
၂၀၀၁ ခုနှစ်မှာ Marvel Comics တည်ထောက်သူ Stan Lee ကို DC ဇာတ်ကောင်တွေကို ဘယ်လိုပြန်လည် ပုံဖော်ချင်ပါသလဲလို့ မေးမြန်းခဲ့ဖူးပါတယ်။ အဲ့ဒီအခါမှာ Lee က သူဖြစ်စေချင်တဲ့ လင်းနို့လူသားပုံစံဟာ Joe Kubert ရေးဆွဲတဲ့ အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသား Wayne Williams ဖြစ်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။
Ref: theguardian
You may also like these stories:
Rating စနစ်ကို တောင်းဆိုနေကြတဲ့ ရုပ်ရှင်ဖန်တီးသူများ
အကောင်းအဆုံး ဟာသ အနုပညာရှင်အဖြစ် Yoo Jae Suk ၉ နှစ်ဆက်တိုက် အရွေးခံရ
COVID-19 ကူးစက်ခံထားရတဲ့ အစီအစဉ် တင်ဆက်သူ Ellen DeGeneres