မကြာခင် ၂၀၂၀ ပြည့်နှစ် ကုန်ဆုံးပြီး ၂၀၂၁ ခုနှစ်၊ နှစ်သစ်ကို ရောက်ပါတော့မယ်။၂၀၂၀ ပြည့်နှစ်အတွင်းမှာ ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင်တွေဖြစ်တဲ့ Kirk Douglas နဲ့ ရှောင်ကွန်နရီတို့ကနေ အစပြုလို့ ဘောလိဝုဒ် အကျော်အမော် Irrfan Khan စသဖြင့် ကမ္ဘာကျော်ပုဂ္ဂိုလ်တွေ ကြွေလွင့်ခဲ့ရပါတယ်။
ဒီနှစ်အတွင်း သူတို့ချစ်တဲ့ အနုပညာ၊ ဖန်တီးမှုနဲ့ ပရိသတ်ကို ထာဝရလက်ပြ နှုတ်ဆက်ခဲ့ကြတဲ့ ဖျော်ဖြေရေးနဲ့ အနုပညာရပ်ဝန်းမှ ကမ္ဘာကျော်တွေကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။
Kobe Bryant
ဇန်နဝါရီလ ၂၆ ရက်နေ့မှာတော့ အသက် ၄၁ ရက်အရွယ် အမေရိကန် ဘတ်စကတ်ဘောအကျော်အမော် Kobe Bryant ဟာ လော့စ်အင်ဂျလိစ် အနောက်မြောက်ဘက်က ရဟတ်ယာဉ်ပျက်ကျမှု အတွင်းမှာ ကွယ်လွန်ခဲ့ပါတယ်။ သူနဲ့အတူ အသက် ၁၃ နှစ်အရွယ် သမီးလေး၊ တခြား လူ ၇ ဦးလည်း သူနဲ့အတူ ရဟတ်ယာဉ် ပျက်ကျမှုအတွင်း ပါဝင်ခဲ့ပါတယ်။
Kirk Douglas
ဟောလိဝုဒ်ရွှေခေတ်ရဲ့ နောက်ဆုံးလက်ကျန် အနုပညာရှင်တဦးဖြစ်တဲ့ Kirk Douglas ဟာ Beverly Hills မှာရှိတဲ့ သူ့အိမ်မှာပဲ ကွယ်လွန်ခဲ့ပါတယ်။ သူသေဆုံးချိန်မှာ အသက် ၁၀၃ နှစ်ရှိပြီ ဖြစ်ပါတယ်။
Max Von Sydow
မတ်လ ၈ ရက်နေ့မှာတော့ ဥရောပနဲ့ အမေရိကရုပ်ရှင်လုပ်ငန်းမှာ လုပ်သက် နှစ်ပေါင်း ၇၀ ကျော်သက်တမ်းရှိတဲ့ ဆွီဒင်မင်းသားကြီး Max Von Sydow ကွယ်လွန်ခဲ့ပါတယ်။
Irrfan Khan
“Life Of Pi” နဲ့ “Slumdog Millionaire” တို့လို ကမ္ဘာကျော် ရုပ်ရှင်တွေထဲက ဘောလိဝုဒ်မင်းသား Irrfan Khan ဟာ ဧပြီလ ၂၉ ရက်နေ့မှာပဲ မွမ်ဘိုင်းမြို့မှာရှိတဲ့ ဆေးရုံတရုံမှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။
Little Richard
Tutti Frutti နဲ့ Long Tall Sally တို့လို နာမည်ကျော် သီချင်းတွေကို ဖန်တီးသီဆိုခဲ့သူ Little Richard ဟာ မေလ ၉ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ သူဟာ ကင်ဆာရောဂါကို ခံစားခဲ့ရတာဖြစ်ပြီး သူကွယ်လွန်ချိန်မှာ အသက် ၈၇ နှစ်ရှိနေပြီ ဖြစ်ပါတယ်။
Ennio Morricone
ဇူလိုင်လ ၆ ရက်နေ့မှာတော့ ဒါရိုက်တာ Sergio Leone ရဲ့ အီတာလျံစတိုင် အမေရိကန် Western ရုပ်ရှင်တွေအတွက် တေးဂီတ ဖန်တီးပေးခဲ့သူ အော်စကာဆုရ အနုပညာရှင် Ennio Morricone ဟာ ရောမမြို့မှာပဲ ကွယ်လွန်ခဲ့ပါတယ်။
Olivia de Havilland
ဇူလိုင်လ ၂၆ ရက်နေ့မှာတော့ “Gone With The Wind” ရုပ်ရှင်ထဲက အော်စကာဆုရ မင်းသမီးကြီး Olivia de Havilland ဟာ ပဲရစ်မြို့မှာရှိတဲ့ သူ့နေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ သူဟာ ကွယ်လွန်ချိန်မှာ အသက် ၁၀၄ နှစ်ရှိနေပြီ ဖြစ်ပါတယ်။
Chadwick Boseman
Marvel ရုပ်ရှင်တွေထဲမှာ “Black Panther” အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား Chadwick Boseman ဟာ အသက် ၄၃ နှစ်အရွယ်မှာပဲ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ သြဂုတ်လ ၂၈ ရက်နေ့မှာ သူသေဆုံးခဲ့ပြီးတဲ့နောက် လုပ်ဖော်ကိုင်ဖက် အနုပညာရှင်တွေနဲ့ ကမ္ဘာတဝန်းမှ ပရိသတ်တွေက အထူးဝမ်းနည်းကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြပါတယ်။
Diana Rigg
“Avengers” နဲ့ “Game Of Thrones” ရုပ်ရှင်တွေနဲ့ နာမည်ကြီးတဲ့ ဗြိတိသျှမင်းသမီး Diana Rigg ဟာ စက်တင်ဘာလ ၁၀ ရက်နေ့မှာပဲ ကွယ်လွန်ခဲ့ပါတယ်။
Juliette Greco
စစ်ပြီးခေတ်ကာလ ပဲရစ်မြို့ရဲ့ မြို့မျက်နှာဖုံးသဖွယ် ဖြစ်ခဲ့တဲ့ ပြင်သစ်မင်းသမီးနဲ့ အဆိုတော် Juliette Greco ဟာ စက်တင်ဘာလ ၂၃ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။
Kenzo Takad
ကမ္ဘာကျော် ဖက်ရှင် Brand တခုဖြစ်တဲ့ “Kenzo” ကို တည်ထောင်သူ၊ ဂျပန်နိုင်ငံရဲ့ နာမည်အကျော်ကြားဆုံး ဖက်ရှင်ဒီဇိုင်နာ Kenzo Takada ဟာ COVID-19 ရောဂါကြောင့် ပဲရစ်မြို့မှာ ကွယ်လွန်ခဲ့ပါတယ်။ အောက်တိုဘာလ ၄ ရက်နေ့ သူကွယ်လွန်ချိန်မှာ အသက် ၈၁ နှစ်ရှိနေပြီ ဖြစ်ပါတယ်။
Sean Connery
ဂျိမ်းစ်ဘွန်းအကြောင်း ပြောကြမယ်ဆိုရင် သူ့အကြောင်းကို အရင်စပြောရမယ်လို့ ဆိုကြတဲ့ ဂန္တဝင်စကော့တလန် မင်းသားကြီး Sean Connery (ရှောင်ကွန်နရီ) ဟာ ဘဟားမားနိုင်ငံမှာ အောက်တိုဘာလ ၃၁ ရက်နေ့က ကွယ်လွန်ခဲ့ပါတယ်။ သူဟာ ကွယ်လွန်ချိန်မှာ အသက် ၉၀ ရှိနေပြီ ဖြစ်ပါတယ်။
Diego Maradona
နိုဝင်ဘာလ ၂၅ ရက်နေ့မှာတော့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတွေထဲက တယောက်ဖြစ်တဲ့ Diego Maradona ကွယ်လွန်သွားခဲ့ပါတယ်။
Kim Ki-duk
ကိုရီးယားရုပ်ရှင်လောကမှာ အထင်ကရပုဂ္ဂိုလ်လို့ဆိုကြတဲ့ ဒါရိုက်တာ Kim Ki-duk ဟာ COVID-19 ရောဂါနဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။
ဒီဇင်ဘာလ ၁၂ ရက်နေ့မှာတော့ အမေရိကန် ကန်းထရီးဂီတ လောကထဲက ပထမဆုံး လူမည်းအဆိုတော် Charley Pride နဲ့ ထောက်လှမ်းရေးဝတ္ထုဖန်တီးရှင်David Cornwell တို့ ကွယ်လွန်ခဲ့ကြပါတယ်။
ပြင်သစ်နိုင်ငံက ပရိသတ်အချစ်ဆုံး သရုပ်ဆောင်တဦးဖြစ်တဲ့ Claude Brasseur ဟာ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ခေတ်သစ်ဂန္တဝင် ဂီတလောကရဲ့ အကောင်းဆုံး အနုပညာရှင်တဦးလို့ ပြောစမှတ်ပြုကြတဲ့ အစ္စရေးတယောပညာရှင် Ivry Gitlis ဟာ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။
Ref: AFP
You may also like these stories:
ဟောလိဝုဒ် စတူဒီယို “MGM” ကို ဒေါ်လာ ၅ ဘီလီယံဖြင့် ရောင်းချမည်
ရွှေကမ္ဘာလုံးဆုအတွက် “Minari” ရုပ်ရှင် ဆန်ခါတင်စာရင်း မပါဝင်လို့ ဝေဖန်ခံနေရ
၂ နှစ်အတွင်း တလကို ဒေါ်လာ ၁ သန်းကျော် ဝင်ငွေရခဲ့တဲ့ JK Rowling