အာဏာသိမ်း စစ်ကောင်စီမှ ဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားတဲ့အပေါ် စိုးရိမ်ပြီး လာပြောကြသူတွေ၊ ဆုတောင်းစကားလာပြောသူတွေ အားလုံးကို ကျေးဇူးတင်တယ်လို့ သန္တာလှိုင်က ဆိုပါတယ်။
“မနေ့ညက စိုးရိမ်ပြီး လာပြောကြတဲ့သူတွေ၊ ဆုတောင်းစကား လာပြောပေးတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်”လို့ သန္တာလှိုင်က ပြောပါတယ်။ မော်ဒယ် သန္တာလှိုင် အပါအဝင် နာမည်ကြီး အနုပညာရှင်များနဲ့ Social Influencer အချို့ကို စစ်ကောင်စီမှ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်သူ့ဝန်ထမ်းများအား CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) တွင် ပါဝင်စေရန် လှုံ့ဆော်သူများ၊ CRPH (ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ) ကို ထောက်ခံသည့်သူများကိုလည်း ဆက်လက် အမှုဖွင့် ထုတ်ပြန်သွားမယ်လို့ စစ်ကောင်စီက ကြေညာသွားပါတယ်။
“ဒီအချိန်ကာလမှာ ဖက်ဆစ် စစ်အာဏာရှင်တွေနဲ့ ဘယ်နေရာမှ၊ ဘယ်သူမှ အသက်အိုးအိမ် လုံခြုံမှု မရှိလို့ ဝရမ်းထုတ်ခံရတဲ့သူတွေရယ်လို့ ထူးပြီး အန္တရာယ်ရှိတာ မဟုတ်ပါဘူး။ ဒီလို လုံခြုံမှု မရှိလို့ ရပ်လိုက်ကြမယ်ဆိုရင် လွန်ခဲ့သော အနှစ် ၆၀ ကထက် ဆိုးဝါးတဲ့ ဘဝတွေနဲ့ ခေတ်ဆိုးအမွေဆိုးတွေ ကိုယ့်သားသမီးကို လက်ဆင့်ကမ်းလိုက်ရပါလိမ့်မယ်”လို့ သန္တာလှိုင်က ပြောပါတယ်။
သန္တာလှိုင် ကိုယ်တိုင်လည်း လွန်ခဲ့တဲ့ ၃ ပတ်ကတည်းက တိမ်းရှောင်နေခဲ့တာဖြစ်ပြီး တိုက်ပွဲရှိရင် အောင်ပွဲ ရှိတာမလို့ အရေးတော်ပုံ အောင်သည်အထိ ဆက်လက် တိုက်သွားမယ်လို့ ဆိုပါတယ်။
“ကျမကိုယ်တိုင်လည်း လွန်ခဲ့တဲ့ ၃ ပတ်လောက်ကတည်းက ရှောင်ရင်းတိမ်းရင်း လမ်းမပေါ်မှာပဲ အားလုံးနဲ့အတူ ရှိနေပါတယ်။ တိုက်ပွဲရှိရင် အောင်ပွဲရှိတာမို့ ပျော်ရာမှာမနေ တော်ရာကနေပဲ အရေးတော်ပုံ အောင်တဲ့အထိ လုပ်စရာရှိတာတွေကို ဆက်လက် လုပ်နေမှာပါ”လို့ သန္တာလှိုင်က ပြောပါတယ်။
ဆက်လက်ပြီး သန္တာလှိုင်က မောင်မိုးမြင့်ရဲ့ ကို အနတ္တ အနော်မာရဲ့ ကဗျာထဲကလို “ပုံမပျက် ဆက်ဆံရေးနဲ့ တော်လှန်ရေးကို သွေးမြေမကျစေနဲ့”လို့ ပြောထားပါတယ်။
“မောင်မိုးမြင့်ရဲ့ ကို အနတ္တ အနော်မာရဲ့ ကဗျာထဲကလို “Keep yourself to yourself ပုံမပျက် ဆက်ဆံရေးနဲ့ တော်လှန်ရေးကို သွေးမြေမကျစေနဲ့။ ဆင်ခြင်တုံတရား၊ ဉာဏ်ပညာ၊ လက်ဖျံရိုးတွေကို ပူးကပ်ချည်နှောင်ထား။ အဆင်သင့်သုံးလို့ရအောင် မြနေအောင်လဲ သွေးထား။ အလိုက်သင့် စီးဆင်းရအောင် ငါတို့ဟာ အပျော်စီးလှေတွေ မဟုတ်ဘူး။ ဆန်သင့်ရင် ဆန်တက်ရမယ် မြဲမြဲ ကိုင်ထား။ အရေးတော်ပုံ အောင်ရမည်”လို့ ပြောထားပါတယ်။
မော်ဒယ် သန္တာလှိုင်ကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ အားတက်သရော ပါဝင်ပေးနေတဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။
Makeup Artist မထက်၊ ဇင်သော်နိုင်၊ ဒေါက်တာ မြဝတ်ရည်၊ ပိုင်ဖြိုးသု၊ ကွီးလမင်း Laptop ဖြန့်ချိရေး၊ မေဇွန်ဝင်း (Travel Blogger)၊ ဖြိုးဖြိုးအောင် (Social Influencer)၊ ဒေါက်တာ သူရိန်လှိုင်ဝင်း၊ အဆိုတော် Rဇာနည်၊ အိန္ဒြာကျော်ဇင်၊ သန္တာလှိုင်၊ မင်းမော်ကွန်း၊ ကျော်ကျော်နန္ဒ၊ ပိုပို၊ ရဲတိုက်၊ ခင်ဝင့်ဝါ၊ ချမ်းချမ်း၊ ချမ်းမြေ့မောင်ချို၊ မိတ်ကပ် မေဦးနှင့် မေတိုးခိုင်တို့ကို ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားကြောင်း အာဏာသိမ်း စစ်ကောင်စီမှ ယမန်နေ့ညက ကြေညာခဲ့ပါတယ်။
You may also like these stories:
စစ်ဘေးရှောင်ဒေသများအတွက် လှူဒါန်းဖို့ သီချင်းရောင်းမယ့် Key Lashi
“အသက်ရင်းပြီး တိုက်ပေးနေကြသူတွေကို အားနာပါဦး”လို့ မေတိုးခိုင် ဆို
Daniel Saw နဲ့ အမရာဘုန်းတို့ ဖန်တီးထားတဲ့ “United” Music Video