ကျန်းမာအောင် စားသောက်တဲ့ အလေ့အကျင့်ကို ပြုလုပ်မယ်ဆိုတာ လူတိုင်းက သိပေမယ့် သိသိနဲ့ မလိုက်နာဖြစ်ကြတဲ့ အရာတခုပါ။ ဖွံ့ဖြိုးစ ပြုလာတဲ့ မြန်မာနိုင်ငံမှာ အသင့်စားရတဲ့ စားသောက်ကုန်တွေ စတင်ရောင်းချချိန်မှ စတင်ပြီးတော့ စာရေးသူတို့ အားလုံးဟာ အသင့် စားသောက်ကုန်တွေကို တပ်တပ်မက်မက် စားသုံးလာကြပါတယ်။
ယခင်ကတည်းက စားလေ့ရှိကြတဲ့ ဆီကြော်မုန့်များ၊ ဆီများများနဲ့ ချက်ထားတဲ့ ဟင်းတွေကို မြန်မာလူမျိုးတွေဟာ ဂုဏ်ယူစွာ စားသောက်ကြပါတယ်။ ဒါပေမယ့် အဲဒီလို အစားအစာတွေ စားပြီးနောက်မှာ အသည်း အဆီဖုံးခြင်း၊ သွေးတိုး၊ ဆီးချို စတဲ့ ရောဂါတွေ အလွန်အမင်း အဖြစ်များလာကြပါတယ်။ ဒါကြောင့် ဒီတခါမှာ အခြားနိုင်ငံတွေရဲ့ ကျန်းမာစွာ နေထိုင် စားသောက်မှု ပုံစံတွေကို ဖော်ပြ ပေးလိုက်ပါတယ်။
(၁) ဂျပန်
ဂျပန်နိုင်ငံသားတွေဟာ ကျန်းမာရေးကို အရမ်းဂရုစိုက်ကြပါတယ်။ ဂျပန်နိုင်ငံမှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လို စားသောက်ကြလဲဆိုတာ မျှဝေပေးချင်ပါတယ်။
ဂျပန်လူမျိုး အများစုဟာ အသင့်စားလို့ရတဲ့ စားသောက်ကုန်တွေကို ရှောင်ကြပါတယ်။ ဟမ်ဘာကာ၊ ကြက်ကြော်စတဲ့ အသင့်စားစရာတွေကို တတ်နိုင်သလောက် ရှောင်ပြီး ဂျပန်ရိုးရာ ဟင်းတွေကိုသာ ကိုယ်တိုင် ချက်စားကြပါတယ်။ ဂျပန်နိုင်ငံရဲ့ ကျောင်းတွေမှာ ကလေးတွေကို ပင်လယ်စာ၊ အသီးအနှံနဲ့ ထမင်း စတာတွေကို မျှတစွာ စားတတ်အောင် သင်ကြားထားပေးပါတယ်။
(၂) ထိုင်း
ထိုင်းနိုင်ငံသားတွေဟာ အသားကို တအားစားတယ် ထင်ကြပေမယ့် တကယ်တမ်း လက်တွေ့မှာတော့ ထင်သလောက် မစားကြပါဘူး။ မနက်စာနဲ့ နေ့လည်စာကို သေသေချာချာ စားကြပြီး နေ့လည်စာအတွက်တော့ အချိန်ပေးပြီး မစားကြပါဘူး။ ပြီးတော့ အုန်းနို့ကိုလည်း အရမ်းစားကြပါတယ်။
ထိုင်းစာတော်တော်များများမှာ အုန်းနို့မပါရင် မပြီးသလောက်ပါပဲ။ အုန်းနို့ထဲမှာ ပါဝင်တဲ့ MCTs ဆိုတဲ့ ဓာတ်ဟာ အဆီတွေကို ချေဖျက်ပေးပါတယ်။ အုန်းစိမ်းရည်လောက် ရေဓာတ် မရပေမယ့် အုန်းနို့ဟာလည်း ရေဓာတ်ကို ဖြည့်ပေးပါတယ်။
ညဖက် အပြင်ထွက်ချိန်တွေမှာ ထိုင်းတွေဟာ အုန်းရည်ကို သောက်ကြပါတယ်။ ဒါ့အပြင့် ထိုင်းတွေက ငရုတ်သီး အလွန်စားကြပါတယ်။ ငရုတ်သီး စားခြင်းဟာ အစာစားသောက်မှုကို နှေးစေတဲ့အတွက် အများကြီး မစားဖြစ်အောင် ကူညီပေးပါတယ်။ တခြားနိုင်ငံတွေက အသင့်စား စားသောက်ကုန်တွေဟာ အဆီအဆိမ့်တွေ ဖြစ်ပေမယ့် ထိုင်းနိုင်ငံရဲ့ အသင့် စားသောက်ကုန်ကတော့ အသီးအနှံတွေပဲ ဖြစ်ပါတယ်။
(၃) တရုတ်
တရုတ်နိုင်ငံရဲ့ ကျန်းမာအောင် စားသောက်ရမယ့် နည်းလမ်းတွေဟာလည်း စံပြု လောက်ပါတယ်။ သူတို့ဟာ ပရိုတင်း ပြည့်ဝတဲ့ အစားအသောက်တွေကိုသာ ရွေးချယ် စားသောက်ကြပါတယ်။ ဒါ့အပြင် သူတို့ဟာ သကြားစားတာကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြပါသေးတယ်။ နောက်တခုက လက်ဖက်ရည်သောက်တာပါ။ လက်ဖက်ရည်ကို အချိန်တော်တော်များများမှာ သောက်ကြပြီး ဝိတ်ချဖို့ အတွက်လည်း သုံးကြပါတယ်။
(၄) အမေရိကန်
အမေရိကန်နိုင်ငံဟာ အရမ်းဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်တဲ့ အလျောက် နိုင်ငံသားတွေဟာ အလုပ်ကို အရမ်းကြိုးစားပြီး လုပ်ကိုင်ကြရပါတယ်။ ဒါကြောင့် သူတို့ဟာ စားသောက်ဖို့ အတွက် အချိန်သေချာ မပေးနိုင်ကြပါဘူး။ ဒီအတွက် အသင့်စားသောက်ကုန်တွေကို စားပြီးတဲ့နောက်မှာ အမေရိကန်နိုင်ငံဟာ အဝလွန်ခြင်းနဲ့ ကင်ဆာရောဂါ ဖြစ်ပွားသူ အများဆုံးရှိတဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာခဲ့ပါတယ်။
အခုနောက်ပိုင်းမှာတော့ သူတို့ဟာ အသင့်စားသောက်ကုန်တွေကို ရှောင်ကြဉ်လာကြပြီး အသီးအရွက်ကို ပိုမိုစားသောက်ခြင်း လေ့ကျင့်ခန်းလုပ်ခြင်း စတာတွေကို ပြန်လည် လုပ်ဆောင်နေကြပါတယ်။ ဒါ့အပြင်သူတို့ဟာ ကယ်လိုရီများတဲ့ ဖျော်ရည်၊ ဘီယာ စတာတွေကိုပါ သိသိသာသာ ရှောင်လာကြပါတယ်။
Ref; adage.com, Shavvytokyo.com