ခရမ်းရောင်ရှိတဲ့ အစားအစာတွေဖြစ်တဲ့ ခရမ်းသီး၊ စပျစ်သီး၊ ကန်စွန်းဥ၊ ငချိတ်၊ ဂေါ်ဖီထုပ် ခရမ်းရောင်၊ နဂါးမောက်သီး အနီ အစရှိတဲ့ အစားအစာတွေမှာ Antioxidant တမျိုးဖြစ်တဲ့ Anthocyanins ဆိုတဲ့ အာဟာရဓာတ် ပါဝင်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတည်းက ခရမ်းရောင်ရှိတဲ့ အစားအစာတွေကို ဆေးဝါးအဖြစ် ထုတ်လုပ်အသုံးပြုခဲ့ကြတာဖြစ်ပြီး အခုဖော်ပြပေးမှာကတော့ ခရမ်းရောင်သမ်းတဲ့ အစားအစာတွေရဲ့ ကျန်းမာရေးကောင်းကျိုးတွေပဲ ဖြစ်ပါတယ်။
(၁) လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတည်းက ခရမ်းရောင်ရှိတဲ့ အစားအစာတွေထဲမှာ ပါဝင်တဲ့ Anthocyanins ဓာတ်ကို အသည်းရောဂါ၊ ကျောက်ကပ်မှာ ကျောက်တည်ခြင်းနဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာ အများစုကို ကုသဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။
(၂) ၂၀၁၂ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသန လေ့လာချက်တွေအရ ခရမ်းရောင်သမ်းတဲ့ အစားအစာတွေကို နေ့စဉ်စားသုံးပေးခြင်းအားဖြင့် နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်ခြေကို လျော့နည်းစေတဲ့အပြင် သွေးပေါင်ချိန် ကျဆင်းခြင်းနဲ့ သွေးအားနည်းခြင်းတို့ကိုပါ ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။
(၃) ခရမ်းရောင်သမ်းတဲ့ အစားအစာတွေမှာ ပါဝင်တဲ့ Anthocyanins ဟာ ကင်ဆာရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းရှိတယ်လို့ ၂၀၁၃ ခုနှစ်က ပြုလုပ်ခဲ့တဲ့ သုတေသနလေ့လာချက်တွေမှာ ဖော်ပြထားပြီး အထူးသဖြင့် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်တဲ့ အစွမ်းရှိတာကြောင့် မျိုးရိုးထဲမှာ ကင်ဆာဖြစ်ပွားဖူးသူတွေနဲ့ကင်ဆာရောဂါ စတင်ခံစားနေရသူတွေအနေနဲ့ နေ့စဉ် စားသုံးပေးသင့်တယ်လို့ ဆိုပါတယ်။
(၄) အသီးအနှံတွေကို ခရမ်းရောင်သမ်းစေတဲ့ Anthocyanins ဓာတ်ဟာ ဦးနှောက်စွမ်းရည်ကို မြင့်တက်စေတာကြောင့် ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေအတွက် အထူးကောင်းမွန်စေတဲ့အပြင် အသက်အရွယ်ကြောင့် မှတ်ဉာဏ်ချို့ယွင်းလာခြင်းတွေကိုလည်း သက်သာစေနိုင်ပါတယ်။
(၅) ခရမ်းရောင်သမ်းတဲ့ အစားအစာတွေဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတာကြောင့် နာတာရှည်ရောဂါခံစား နေရသူတွေနဲ့ အအေးမိ၊ဖျားနာ စတာတွေကို မကြာခဏခံစားနေရသူတွေအတွက် ပုံမှန်စားသုံးပေးသင့်တဲ့ အစားအစာပဲ ဖြစ်ပါတယ်။
Ref : foodrevolution.org