ရက္ခိုင့် တပ်မတော် (AA) အဖွဲ့ ယာယီ အခြေပြုထားသည့် စခန်းကို ဝင်ရောက် သိမ်းပိုက်စဉ် တပ်မတော်မှ အရာရှိ ၊ စစ်သည် တ ချို့ ကျဆုံး၊ ဒဏ်ရာ ရမှုများ ရှိခဲ့ပြီး AA ဘက်မှ ယူနီဖောင်းဝတ် အလောင်း ၅ လောင်း ရရှိခဲ့ကြောင်း တပ်မတော်က သတင်းထုတ် ပြန်ခဲ့သည်။
ဇန်နဝါရီလ ၁၃ ရက်နေ့က တပ်မတော်က နယ်မြေ လုံခြုံရေး ဆောင်ရွက်စဉ် ဘူးသီးတောင်မြို့ တောင်ဘက် သရက်ပြင် ကျေးရွာ အနီးတွင် AA အဖွဲ့မှ အင်အား ၅၀ ခန့်နှင့် တိုက်ပွဲ ဖြစ်ပွားရာ နံနက် ၈ နာရီခွဲမှ မွန်းလွဲ ၁၂ နာရီခွဲအထိ ကြာမြင့်ခဲ့ပြီးနောက် AA အဖွဲ့ ဆုတ်ခွာသွားကြောင်း သိရသည်။
တပ်မတေ်ာမှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ကျနော်တို့ဘက်က ကျဆုံးတာတော့ ရှိတယ်။ အရေအတွက် က တော့ ကျနော်လည်း မသိသေးဘူး။ သတင်းထုတ်ပြန်ထားတဲ့ အတိုင်းပါပဲ။ ကျနော်တို့ကလည်း သောင်းကျန်းမှု နိမ်နင်းရေး စစ် ဆင်ရေးများအတွက် လိုအပ်တဲ့ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိပါတယ်”ဟု ပြောသည်။
ရခိုင်တွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် ဒုက္ခရောက်နေသူများကို ကူညီထောက်ပံထောက်ပံ့မှုများကို တပ်မတော်က တားမြစ် ပိတ်ပင်နေကြောင်း သတင်းများ ထွက်ပေါ်နေသည့်အပေါ် မေးမြန်းရာတွင် “သောင်းကျန်းသူ နိမ်နင်းမှု စစ်ဆင် ရေးမှာ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်အတွက် ခေတ္တ ပိတ်ပင် တားဆီးတာမျိုးတော့ ရှိနိုင်ပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ ဧရိယာ အတွင်းကို မဆိုင်တဲ့သူတွေ ထိခိုက်ဒဏ်ရာ ရမှာဆိုးတဲ့ အတွက် မဝင်ရောက်ခိုင်းတာမျိုးပါ” ဟု ၎င်းက ရှင်းပြသည်။
ဇန်နဝါရီလ ၁၃ ရက်နေ့က ဘူးသီးတောင် တောင်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် အလယ်ချောင်းရွာတခုလုံး ထွက်ပြေးလာရပြီး ဇရပ်ပြင် ရွာသို့ ရောက်ရှိနေကြောင်း၊ ယင်း တိုက်ပွဲတွင် ၂ ဖက်စလုံးမှ လက်နက်ကြီးများ အသုံးပြုကြသဖြင့် ဒေသခံများ စိုးရိမ် ထိတ်လန့် မှုများ ရှိနေကြောင်း ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောသည်။
ဦးထွန်းအောင်သိန်း က “ဒုက္ခသည် စခန်းတွေက ဘူးသီးတောင် တောင်ဘက်ပိုင်းဆိုရင် အများကြီးပဲ။ စုစုပေါင်း ၁၀၀၀ ဝန်းကျင် လောက် ရှိတယ်။ အကူ အညီက အရပ်ဘက် အဖွဲ့ တွေ့ လာပေးတယ်။ လူကယ်ပြန်က လာပေးတာ ရှိမယ်။ ICRC နဲ့ WFP ကလည်း အကူအညီတွေ ပေး နေတယ်လို့ ကြားတယ်။ တိုက်ပွဲတွေက ဆက်ဖြစ်နေမယ်ဆိုရင်တော့ ဒုက္ခသည်တွေက တိုးလာမှာ” ဟု ပြောသည်။
၎င်းက ဆက်၍ “ကျနော်တို့ကတော့ နိုင်ငံရေးသမားဆိုတော့ ငြိမ်းချမ်းစွာနဲ့ နိုင်ငံရေးနည်းအရ ဖြေရှင်းစေချင်တယ်။ ဒီနေ့ ဖြစ်နေတဲ့ ပြဿနာဟာ နိုင်ငံရေး ပြဿနာ ဖြစ်တယ်။ ဒီမိုကရေစီ နည်းကျကျ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ကိုပဲ လိုလားပါတယ်”ဟု ပြောသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့က ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာ ဒေသခံ ၁၀ ဦးနှင့် ရသေ့တောင်မြို့နယ် ရေ ကြောင်းချောင်းရွာသား ၂ ဦးအား တပ်မတော်က ခေါ်ဆောင်ကာ ညနေပိုင်းတွင် ပြန်လွှတ်ခဲ့ရာ ပေါ်တာဆွဲကြောင်း ပြောဆို ဝေဖန် မှုများ ရှိခဲ့သည်။
တိုက်ပွဲများ အတွင်း တပ်မတော်မှ ဒေသခံများကို ပေါ်တာဆွဲခြင်း၊ ဖမ်းဆီး ရိုက်နှက်ခြင်း ကိစ္စရပ်များ ရှိခဲ့ကြောင်း သတင်းများနှင့် ပတ်သက်၍ တပ်မတော် ပြောရေးဆိုခွင့် ရှိသူက ငြင်းဆိုခဲ့သည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “တပ်ဘက်ကနေ ကျနော်တို့ဆီကို တင်တာလည်း မရှိသေးဘူး။ တိုင်ထားတာ မရှိလို့ ဖြေရှင်း ဆောင်ရွက်ရတာလည်း မရှိပါဘူး” ဟု အထက်ပါ ပြောသည်။
ရခိုင်ပြည်နယ်တွင် တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ AA ၏ ပြောရေးဆိုခွင့် ရှိသူ ခိုင်သုခနှင့် အခြား တာဝန်ရှိသူများထံ ဧရာဝတီက အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပါ။ AA အဖွဲ့ ၏ လူမှုကွန်ရက် Facebook စာမျက်နှာများ မှာလည်း အပိတ်ခံထားရသည်။
ရခိုင်ပြည်နယ်အတွင်း ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်အတွင်းနှင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
လတ်တလောတွင် ရက္ခိုင့်တပ်မတော် (AA) အပါအဝင် လက်နက်ကိုင် တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုလုပ်နိုင်ရန်အတွက် ဒီဇင်ဘာလ ၂၁ ရက်မှစကာ ၂၀၁၉ ခုနှစ် ဧပြီလအထိ စစ်တိုင်းငါးတိုင်းတွင် စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း တပ်မတော်ဘက်က ကြေညာထားသည်။
ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ AA နှင့် မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဒီဇင်ဘာလ ၂၇ ရက် ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံတွင် အစိုးရ၊ တပ်မတော်တို့နှင့်အတူ ဆွေးနွေးပွဲ ပြုလုပ်လိုကြောင်း ကြေညာချက် ထုတ်ပြန်ထားပြီး
ထိုထုတ်ပြန်ချက်တွင် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အား အသိသက်သေအဖြစ် ဖိတ်ကြားရန်နှင့် တပ်မတော်ဘက်မှ စစ်တိုင်းအားလုံးအတွင်းရှိ စစ်ရေးလှုပ်ရှားမှုများကို တပြိုင်နက်တည်း ရပ်ဆိုင်းပေးရမည်ဟု တောင်းဆိုထားသည်။