ရာသီဥတု ပူပြီဆိုရင် ဓာတ်စာအနေနဲ့ ကိုရီးယားနဲ့ ဂျပန်နိုင်ငံမှာ အများဆုံး စားတတ်ကြတဲ့ ငါးရှဉ့်ဟင်းလျာတွေထဲက ဒီတပတ်တော့ ဂျပန်စတိုင် ငါးရှဉ့်ကင်နည်း ဝေမျှပေးချင်ပါတယ်။ အိမ်မှာပဲ အလွယ်တကူ ပြုလုပ်နိုင်လို့ ရိုးရိုးရှင်းရှင်းနဲ့ အရသာရှိတဲ့ ဟင်းပါ။ ဂျပန်လို ငါးရှဉ့်ကို Unagi လို့ဆိုပြီး ထမင်းပန်းကန်ပေါ် မှာ တင်ထားလို့ Unagi Don လို့ခေါ်တဲ့ ဂျပန်စတိုင် ငါးရှဉ့်ကင်ဖို့ အတွက် —
သကြား
ဟင်းချက် ဆာကေး
ဂျပန်ပဲငံပြာရည်
Mirin (alcohol အနည်းငယ်ပါတဲ့ ဆန်အရက်)
ထမင်း
အရေခွံနွှာထားတဲ့ ငါးရှဉ့်တို့ လိုအပ်ပါတယ်။
အရင်ဆုံး ငါးရှဉ့် ကင်ဖို့အတွက် ဆော့စ် လုပ်ပါမယ်။ ဆာကေးနဲ့ Mirin ကို Saucepan (လက်ကိုင်တပ် ဒယ်) ထဲထည့်ပြီး အပူပေးပါ။ ဆူလာပြီဆိုရင် မီးကိုအရှိန်လျော့ပြီး သကြား ပျော်သွားတဲ့အထိ မွှေပေးပါ။ နောက်ဆုံး ဂျပန်ပဲငံပြာရည် ထည့်ပြီး ၁၀ မိနစ် မွှေပေးရင်း ပျစ်ပျစ်လေး ဖြစ်လာရင် ချလိုက်လို့ရပါပြီ။
ဆော့စ်ကို အအေးခံထားတုန်းမှာ ငါးရှဉ့်ကင်နဲ့ တွဲစားဖို့ စားမယ့် လူဦးရေပေါ် မူတည်ပြီး ထမင်းချက်ထားပါ။ ငါးရှဉ့်ကို စကင်ပါတော့မယ်။ တကောင်လုံးဆိုရင် ရှည်နေလို့ ငါးရှဉ့်ကို ၂ ပိုင်း ပိုင်းထည့်ပါ။
Oven ကို အပူချိန် ၂၅၀ ဒီဂရီထားပြီး ပိုင်းထားတဲ့ ငါးရှဉ့်ကို ခဲစက္ကူနဲ့ ထုပ်ကာ အပေါ်အောက် ဆီသုတ်ပေးပါ။ ၅ မိနစ်ကနေ ၇ မိနစ်လောက် ကင်လိုက်လို့ အညိုရောင်ပြောင်းသွားပြီဆိုရင် Oven ကနေ ပြန်ထုတ်ပြီး အအေးခံထားတဲ့ ဆော့စ် ကို နည်းနည်းချန်ပြီး ကျန်တာကို ငါးရှဉ့်အသားတွေကို သုတ်ပေးပါ။
နောက်ထပ် မိနစ်အနည်းငယ် ထပ်ကင်လိုက်မယ်ဆိုရင် ဂျပန်စတိုင် ငါးရှဉ့်ကင် ရပါပြီ။ အနံ့အရသာပြည့်စုံဖို့ဆိုရင် ငါးရှဉ့်ကင်ကို ထမင်းပေါ်တင်ပြီး ချန်ထားတဲ့ ဆော့စ် အနည်းငယ် ထပ်ဆမ်းလိုက်ရုံပါပဲ။
Ref: Japan Centre