မိုးအေးအေးနဲ့ ချဉ်ငန်စပ်အရသာလေး ခံတွင်းတွေ့နေတယ်ဆိုရင်တော့ ဒီတပတ် ထိုင်းနိုင်ငံရဲ့ ရိုးရာအစားအစာ တမျိုးကို ညွှန်းပေးချင်ပါတယ်။ လူကြိုက်များပြီး ထိုင်းစားသောက်ဆိုင်တွေမှာလည်း မြည်းစမ်းကြည့်နိုင်တဲ့ Khao Kluk Kapi လို့ခေါ်ကြတဲ့ ထိုင်းစတိုင်ငါးပိထမင်းကြော်ပါ။
ထမင်းကြော်ကိုမှ အရသာစုံသွားအောင် သခွား သီး၊ သရက်သီးစိမ်း၊ ကြက်ဥကြော်၊ ကြက်သား (သို့) ဝက်သား၊ ငရုတ်သီးစိမ်းတွေနဲ့ တွဲဖက်စားသောက်ကြ ပါတယ်။
ငါးပိထမင်းကြော်ကတော့ ရိုးရိုးထမင်းကြော်တွေနဲ့မတူဘဲ ပြင်ဆင်တဲ့အပိုင်းမှာ ထူးခြားတာလေးတွေ ရှိပါတယ်။ ဒါဆိုရင် အရသာရှိအောင် ဘယ်လိုပြင်ဆင်ကြမလဲ ကြည့်ရအောင်။ ငါးပိထမင်းကြော်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ အောက်ပါအတိုင်းပါ။
ထမင်း
သရက်သီးစိမ်း
သခွားသီး
ကြက်ဥ
ငါးပိ
ငရုတ်သီးစိမ်း
သကြား
ပဲငံပြာရည်
ခရုဆီ
ကြက်သွန်နီ
ပုစွန်ခြောက်
ကြက်သား (သို့) ဝက်သား
ကြက်ပြုတ်ရည် တို့ လိုအပ်ပါတယ်။
အရင်ဆုံး ထမင်းအိုးတည်ထားပါ။ ငရုတ်သီးစိမ်း၊ ကြက်သွန်နီ၊ သခွားသီး၊ သရက်သီးစိမ်း တို့ကို ပါးပါးလှီးထားပါ။ ကြက်ဥကို မွှေကြော်ပြီး ပါးပါးလှီးပါ။ ထမင်းကျက်ပြီး ထည့်ရမယ့်အမယ်တွေလည်း ပြင်ဆင်ပြီးရင် ငါးပိထမင်း စကြော်လို့ရပါပြီ။
အရင်ဆုံး ဆီပူလာပြီဆိုရင် ပုစွန်ခြောက်ကို ထည့်ကြော်ပါ။ ပြီးရင် ပန်းကန်လုံးထဲ ခပ်ထည့်ထားပါ။ ထည့်မယ့် ကြက်သား (သို့) ဝက်သားကို ကြော်ပါမယ်။ အရသာအတွက် ကြက်သားမှုန့်၊ ပဲငံပြာရည်၊ သကြား အနည်းငယ် ထည့်ပါ။ ပြီးရင် ပန်းကန်လုံးထဲ ထည့်ထားပါ။
ထမင်းကြော်ဖို့အတွက် အရင် ငါးပိထည့်ပါ။ ပြီးရင် ထမင်း တယောက်စာ ထည့်ကြော်ပါ။ သမအောင်မွှေပေးပြီး ခရုဆီ၊ ကြက်သားမှုန့် ထည့်ပြီး အရသာမြည်းကြည့်ပါ။ အနေတော်ဖြစ်ပြီဆိုရင် ပန်းကန်လုံးထဲထည့်ပြီး စားမယ့် ပန်းကန်ပြားပေါ် တင်လိုက်ပါ။
ငါးပိထမင်းကြော်ဘေးကနေ ပါးပါးလှီးထားတဲ့ ကြက်ဥကြော်၊ ပုစွန်ခြောက်ကြော်၊ သခွားသီး၊ သရက်သီးစိမ်း၊ ငရုတ်သီးစိမ်းနဲ့ ကြက်သားကြော် တို့ကို ပြင်ဆင်ပေးလိုက်ပါ။ ချဉ်ငန်စပ်အရသာ ထိုင်းစတိုင် ငါးပိထမင်းကြော် တခွက်ရပါပြီ။
Ref: Thai Cooking School