၂၀၄၀ ပြည့်နှစ်မှာ ဘယ်နိုင်ငံကလူတွေက အသက်အရှည်ဆုံး ဖြစ်မလဲဆိုတဲ့ စာရင်းကို Institute for Health Metrics and Evaluation (IHME) နဲ့ ဆေးပညာဂျာနယ်ဖြစ်တဲ့ The Lancet တို့က ထုတ်ပြန်ခဲ့ကြပါတယ်။
ဒါကြောင့် အနာဂတ် ကမ္ဘာအတွက် ဘဝ၊ မျှော်မှန်းချက်နဲ့ ကျန်းမာရေးအခြေအနေတွေက ဘယ်လို အနေအထားမှာ ရှိနေမလဲဆိုတာက စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
၂၀၄၀ မှာတော့ အခုလက်ရှိ စတုတ္ထ အသက်အရှည်ဆုံးနေရာမှာ ရှိနေတဲ့ စပိန်နိုင်ငံက ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံး စာရင်းဝင်နိုင်ငံ ဖြစ်လာပါလိမ့်မယ်။ လူတယောက်ရဲ့ အသက်ရှည် နှုန်းကတော့ ပျှမ်းမျှ ၈၅ ဒဿမ ၈ နှစ် ဖြစ်လာပါလိမ့်မယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ထုတ်ပြန်ထားတဲ့စာရင်းတွေအရဆိုရင် စပိန်နိုင်ငံဟာ ကျန်းမာရေးစောင့်ရှောက်မှု အကောင်းဆုံး ၇ နိုင်ငံထဲမှာ တနိုင်ငံ အပါအဝင်ပါ။ စပိန်နိုင်ငံသားတွေဟာ လွတ်လပ်ပေါ့ပါးစွာနေတတ်ကြသလို စပိန်နိုင်ငံမှာရှိတဲ့ ဆရာဝန်အရေအတွက်ကလည်း တခြားနိုင်ငံတွေထက် သာပါတယ်။ ဒီအချက်တွေကြောင့်ပဲ ၂၀၄၀ ပြည့်မှာဆိုရင်တော့ စပိန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံး နိုင်ငံတနိုင်ငံ ဖြစ်လာပါလိမ့်မယ်။
နောက်ထပ် တနိုင်ငံကတော့ ဂျပန်နိုင်ငံပါ။ ဂျပန်နိုင်ငံဟာ ကမ္ဘာ့အသက်ရှည်ဆုံးစာရင်းမှာ အချိန်အကြာကြီး ရှိနေခဲ့တဲ့နိုင်ငံပါ။ ဒါပေမဲ့လည်း ၂၀၄၀ ပြည့်မှာတော့ စပိန်နိုင်ငံရဲ့အောက်ကို ရောက်သွားပြီး လူတဦးရဲ့ ပျှမ်းမျှသက်တမ်းက ၈၅ ဒဿမ ၇ နှစ် ဖြစ်လာပါလိမ့်မယ်။
ဂျပန်လူမျိုးတွေ အသက်ရှည်ရှည်နေရခြင်း အကြောင်းကတော့ ရိုးရာအစားအသောက်တွေက အာဟာရ ပြည့်ဝတဲ့အပြင် ငါးနဲ့ အသီးအရွက် ပေါကြွယ်ဝတာကြောင့်လည်း ဖြစ်ပါတယ်။ ဒီအချက်က ဂျပန်လူမျိုးတွေ အသက်ရှည်ရှည်နေရခြင်းရဲ့ အကြောင်းရင်းပါ။
နောက်ထပ် တနိုင်ငံကတော့ စင်ကာပူနိုင်ငံ ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံဟာ ၂၀၄၀ ခုနှစ်မှာ လူတဦးကို ပျှမ်းမျှအသက် ၈၅ ဒဿမ ၄ နှစ်နဲ့ ကမ္ဘာပေါ်မှာ တတိယအသက်အရှည်ဆုံးနိုင်ငံ ဖြစ်လာပါလိမ့်မယ်။ စင်ကာပူရဲ့နောက်မှာ စတုတ္ထဖြစ်လာမယ့်နိုင်ငံကတော့ ဆွစ်ဇာလန်နိုင်ငံပါပဲ။ ဆွစ်ဇာလန် နိုင်ငံကတော့ လူတဦးကို ပျှမ်းမျှအသက် ၈၅ ဒဿမ ၂ နှစ်ဖြစ်လာပါလိမ့်မယ်။
နောက်ထပ်နိုင်ငံတွေကတော့ ဥရောပတောင်ပိုင်းနိုင်ငံတွေပါပဲ။ ပညာရေးစနစ်ကောင်းမွန် မှုကြောင့် လက်ရှိ ၂၃ နေရာမှာရှိနေတဲ့ ပေါ်တူဂီနိုင်ငံက နံပတ် ၅ နေရာကိုရောက်လာပြီး အီတလီ ကတော့ နံပတ် ၆ နေရာကို ရောက်လာပါလိမ့်မယ်။ အဓိကအကြောင်းကတော့ ငါးနဲ့ အသီးအရွက် စားသုံးမှုကြောင့်ဖြစ်ပါတယ်။
အံ့အားသင့်စရာကောင်းတဲ့ နိုင်ငံကတော့ အမေရိကန်နိုင်ငံပါ။ အမေရိကန်နိုင်ငံဟာ ၂၀၁၆ ခုနှစ်မှာ နံပတ် ၄၃ နေရာမှာ ရှိနေရာက ၂၀၄၀ ပြည့်မှာတော့ နံပတ် ၆၄ နေရာကို ရောက်သွားပါလိမ့်မယ်။
တဦးချင်းပျှမ်းမျှ အသက်ကတော့ ၇၉ ဒဿမ ၈ နှစ်ပါ။ သက်တမ်းအတိုဆုံးနိုင်ငံတွေ ကတော့ တောင်အာဖရိကတိုက်က Lesotho နိုင်ငံဖြစ်ပြီး ပျှမ်းမျှအသက်က ၅၇ ဒဿမ ၃ နှစ်ဖြစ် ပါလိမ့်မယ်။
Ref : theculturetrip