ကျောင်းမှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် မရှိမဖြစ် အသုံးပြုနေကြတဲ့ ကွန်ပျူတာတွေဟာ ယနေ့ ခေတ်မှာတော့ လူကြီး၊ လူငယ်မရွေး အသုံးပြုနေကြတဲ့ ပစ္စည်းတခုပဲ ဖြစ်ပါတယ်။
ကွန်ပျူတာကို မရှိမဖြစ် အသုံးပြုနေကြတာ မှန်ပေမယ့် တနေ့တာရဲ့အချိန်တော်တော်များများကို ကွန်ပျူတာရှေ့မှာပဲ ကုန်ဆုံးမိနေပြီဆိုရင် နောက်ဆက်တွဲအနေနဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကွန်ပျူတာ အသုံးများလွန်းတဲ့အခါ ဖြစ်လာနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) မျက်စိ ကျန်းမာရေး ပြဿနာများ
ကွန်ပျူတာ မျက်နှာပြင်ကို အချိန်ကြာကြာ ကြည့်ရခြင်းကြောင့် ပထမဦးဆုံး ဖြစ်လာမယ့် ကျန်းမာရေးပြဿနာကတော့ Computer Vision Sydrone လို့ခေါ်တဲ့ မျက်လုံးညောင်းညာတာ၊ မျက်ရိုး ကိုက်တာနဲ့ အမြင်အာရုံ မှုန်ဝါးလာတာတွေအပြင် အာရုံကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေကိုလည်း ခံစားရနိုင်ပါတယ်။
(၂) လည်ပင်းနဲ့ ကျောရိုးဆစ် တဝိုက် နာကျင်ကိုက်ခဲမှုများ
ကွန်ပျူတာကို ထိုင်ပြီး မလှုပ်မယှက် အသုံးပြုနေရတာ ဖြစ်တဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ လည်ပင်းမှာရှိတဲ့ အရိုးတွေနဲ့ ကျောရိုးတဝိုက်က နာကျင်ကိုက်ခဲလာပြီး ရေရှည်မှာ လည်ပင်းကျီးပေါင်းတက်တာတွေနဲ့ ကျောရိုးမဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ခံစားရလာနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကွန်ပျူတာကို အချိန်ကြာကြာ ထိုင်သုံးနေခြင်းမျိုးကို ရှောင်ကြဉ်သင့်ပြီး နာရီဝက် တခါဖြစ်စေ လမ်းထလျှောက်ပေးတာမျိုးနဲ့ အနားယူတာမျိုးတွေကို ပြုလုပ်ပေးသင့်ပါတယ်။
(၃) အိပ်မပျော်ဖြစ်မယ်
လေ့လာချက်တွေအရ ကွန်ပျူတာတွေနဲ့ စမတ်ဖုန်းတွေကနေလာတဲ့ အလင်းရောင်တွေဟာ အိပ်မပျော်ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ အိပ်စက်ခြင်းကို ဖြစ်ပေါ်စေတဲ့ Melatonin ဟော်မုန်းထွက်ရှိမှုကို ကွန်ပျူတာနဲ့ စမတ်ဖုန်းတွေဆီကနေ လာတဲ့ အလင်းရောင်တွေက ထိခိုက်စေနိုင်တာကြောင့် အိပ်မပျော်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။
(၄) အဝလွန်ခြင်းကို ဖြစ်ပေါ်စေနိုင်တယ်
ကွန်ပျူတာရှေ့မှာပဲ အထိုင်များတာကြောင့် ခန္ဓာကိုယ်ဟာ ကိုယ်လက်လှုပ်ရှားမှု နှေးကွေးပြီး အဝလွန်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်အရွယ်တွေမှာ အဖြစ်များပြီး အဝလွန်ခြင်းနဲ့ ဆက်စပ်တဲ့ ဆီးချိုနဲ့ နှလုံးရောဂါ စတာတွေကိုပါ ဖြစ်နိုင်ခြေများစေပါတယ်။
Ref : carewellurgentcare