ကိုယ်အလေးချိန်လျှော့ချဖို့ ကြိုးစားနေသူတွေအနေနဲ့ ရုတ်တရက် အစားလျှော့စားလိုက်ရုံ၊ လေ့ကျင့်ခန်းတွေ အပြင်းအထန် လုပ်လိုက်ရုံနဲ့ ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ် အနေအထားကို ချက်ချင်း မရနိုင်ပါဘူး။ ကျန်းမာရေးကိုလည်း မထိခိုက်ဘဲ ရေရှည်အတွက်လည်း အဆင်ပြေစေမယ့် ဝိတ်ချ Plan ဖြစ်ဖို့က အရေးပါပြီး အခုဖော်ပြပေးမယ့် အချက်တွေအတိုင်း လုပ်မိနေတယ်ဆိုရင်တော့ ပြန်လည် ပြင်ဆင်ဖို့ လိုအပ်နေပါပြီ။
(၁) စားချင်စိတ်ကို အလွန်အမင်း ချုပ်ထိန်းထားတယ်
ဝိတ်ချနေတဲ့အချိန်မှာ စားချင်စိတ်ကို အလွန်အမင်း ချုပ်ထိန်းထားတာမျိုးတွေ မလုပ်သင့်ဘဲ စားချင်နေတဲ့အချိန်မှာ အများကြီးစားပစ်တာမျိုး မဟုတ်ဘဲ စားချင်စိတ် ပြေပျောက်ရုံလောက်သာ စားလိုက်နိုင်ပါတယ်။ စားချင်စိတ်ကို ထိန်းချုပ်ထားတာဟာ ရေရှည်မှာလည်း မလုပ်နိုင်တဲ့ ကိစ္စတခုဖြစ်တာကြောင့် စားချင်နေတဲ့အချိန်မှာ အနည်းအကျဉ်းလောက်တော့ စားသင့်ပါတယ်။
(၂) အစာကို ပုံမှန် မစားဘူး
ဝိတ်ချနေသူ အများစုဟာ မနက်စာနဲ့ နေ့လယ်စာကို စားပြီး ညနေစာကို လုံးဝမစားဘဲ နေတာမျိုးကို ပြုလုပ်တတ်ကြပါတယ်။ ဒီလို ပြုလုပ်ခြင်းဟာ အစာစားချင်စိတ်ကို ပိုမိုဖြစ်ပေါ်စေပြီး ဝိတ်ကျဖို့ကိုလည်း အနှောင့်အယှက် ဖြစ်စေမှာပါ။ ညနေစာကို လုံးဝ မစားဘဲ နေတာထက် အသီးအရွက်သုပ်၊ စွပ်ပြုတ်လို အစားအစာတွေကို စားပေးသင့်ပါတယ်။
(၃) ဝိတ်ကျစေတယ်ဆိုတဲ့ အစားအစာ တမျိုးတည်းကိုပဲ စားတယ်
အသီးအနှံတွေက ဝိတ်ကျစေတယ်ဆိုပြီး အသီးအနှံ တမျိုးတည်းကိုပဲ ဖိစားပြီး ကျန်တဲ့ အသား၊ ငါးတွေကို မစားဘဲ နေတာမျိုးကိုလည်း မပြုလုပ်သင့်ပါဘူး။ ခန္ဓာကိုယ်ဟာ အသီးအနှံအပြင် အသားဓာတ်နဲ့ တခြားသော ဗီတာမင်တွေကိုလည်း လိုအပ်တာကြောင့် ကယ်လိုရီများတဲ့ အစားအစာတွေလောက်ကိုပဲ ရှောင်ပြီး မျှတအောင် စားပေးသင့်ပါတယ်။
(၄) ကိုယ်လက် လှုပ်ရှားမှု နည်းပါးတယ်
ဝိတ်ကျချင်တယ်ဆိုပြီး အစားတမျိုးတည်းကိုပဲ လျှော့စားနေလို့ မရပါဘူး။ အစားအသောက်ကို ဆင်ခြင်သလို ပြင်းထန်တဲ့ လေ့ကျင်ခန်းမျိုးတွေ မဟုတ်တဲ့ ပေါ့ပေါ့ပါးပါး ပြုလုပ်နိုင်မယ့် လေ့ကျင့်ခန်းမျိုးတွေကို ပြုလုပ်ပေးသင့်ပါတယ်။
Ref. www.verywellfit.com
You may also like these stories: